အာဏာသိမ်းစစ်ကောင်စီက ကျပ်နှစ်သောင်းတန် ရိုက်ထုတ်မှုနှင့် စင်ကာပူနိုင်ငံ၏ အဓိကဘဏ်ကြီးတခုဖြစ်သည့် United Overseas Bank (UOB)က မြန်မာ့ဘဏ်များနှင့် အဆက်အသွယ်ဖြတ်တောက်ပြီး ပြည်တွင်းပြည်ပငွေလွှဲပြောင်းမှု ကြားခံ ဘဏ်ဆက်ဆံရေး ရပ်ဆိုင်းလိုက်ပြီးနောက် ယခုရက်ပိုင်းအတွင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ဆက်တိုက်ဖြစ်ပွား နေလျှက်ရှိသည်။
မြန်မာကျပ်ငွေတန်ဖိုးသည် ယခုရက်ပိုင်းအတွင်း ပြင်ပဈေးကွက်၌ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ကျပ် ၃,၅၀၀ ကျော် ထိ မြင့်တက်ခဲ့သလို မြန်မာ့နယ်စပ်ကုန်သွယ်ရေးတွင် အဓိကအသုံးပြုနေသော ထိုင်းဘတ်နှင့်တရုတ်ယွမ် လဲလှယ်နှုန်းများ သည်လည်း ၁ ဘတ်လျှင် ကျပ် ၁၀၀ နှင့် ၁ ယွမ်လျှင် ကျပ် ၅၀၀ ဝန်းကျင်ထိ ဖြစ်ပေါ်နေကြောင်း ငွေကြေးဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။
ထို့သို့ နိုင်ငံခြားငွေလဲလှယ်နှုန်းများ ဆက်တိုက်မြင့်တက်နေပြီး ဈေးကွက်ကမောက်ကမဖြစ်နေ၍ သြဂုတ် ၁၁ ရက်တွင် ငွေကြေးဈေးကွက်အတွင်း ဈေးနှုန်းအတိအကျ သတ်မှတ်နိုင်ခြင်းမရှိဘဲ အရောင်းအဝယ်အေးလျက်ရှိကြောင်း လုပ်ငန်း ရှင်များထံမှ သိရသည်။
ရန်ကုန်မြို့ရှိ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးက “အခုက ဘယ်လိုဖြစ်နေလဲဆို ပါးစပ်ဈေးလိုဖြစ်နေတာ။ ဘယ်သူမှလည်း ဈေးမဖွင့်နိုင်ကြဘူး။ အရောင်းအဝယ်များများ မလုပ်ရဲကြဘူး။ ငွေဈေးတွေကလန့်ပြီးတော့ တက်နေတဲ့သဘောဖြစ်နေတာ။ လုပ်ငန်းရှင်တွေကတော့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ထွက်ပေါက်ရှာပြီးလုပ်ကြရမှာပေါ့” ဟု ဧရာဝတီကို ပြောသည်။
ယနေ့ ငွေကြေးဈေးကွက်အတွင်းမှသိရသည့် ငွေလဲဈေးနှုန်းများအရ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ကျပ် ၃,၅၀၀၊ ၁ ဘတ်လျှင် ၉၈-၁၀၀ ကျပ်ဝန်းကျင်နှင့် ၁ ယွမ်လျှင် ၄၈၀-၅၀၀ ကျပ်ဝန်းကျင် ဈေးပေါက်နေကြောင်း သိရသည်။
ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်ရာတွင် စစ်ကောင်စီ၏ဗဟိုဘဏ်ရည်ညွှန်းဈေး ၁ ဒေါ်လာလျှင် ၂,၁၀၀ ကျပ်နှင့် ဘဏ်ဈေး ကွက်သတ်မှတ်ဈေး ၂,၉၂၂ ကျပ်တို့ဖြစ်ပြီး ဒေါ်လာအစား တရုတ်ယွမ်ငွေဖြင့် ပြောင်းလဲအသုံးပြုခွင့်ပေးသော တရုတ်နယ် စပ်ကုန်သွယ်ရေးအတွက် ဗဟိုဘဏ်၏ ယွမ်ငွေလဲလှယ်နှုန်းမှာ ၁ ယွမ်လျှင် ကျပ် ၃၂၀ ဖြစ်သည်။
ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်များ ထုတ်ဝေမည်ဟု စစ်ကောင်စီက မကြေညာမီ ဇူလိုင်လအစပိုင်း၌ အမေရိကန် ၁ ဒေါ်လာ၊ ကျပ် ၃,၁၀၀ ဝန်းကျင်သာရှိပြီး ထိုင်းဘတ် ၁ ဘတ်လျှင် ၈၈ ကျပ်ဝန်းကျင်နှင့် တရုတ်ယွမ်ငွေသည်လည်း ၁ ယွမ်လျှင် ကျပ် ၄၀၀ ဝန်းကျင်သာရှိခဲ့သလို ယင်းကာလက ပြည်တွင်းရွှေ တကျပ်သားလျှင် ကျပ် ၃၂ သိန်းကျော်သာ ရှိခဲ့ သည်။
ငွေစက္ကူအသစ်ထုတ်မည်ဟု စစ်ကောင်စီက ကြေညာလိုက်သော ဇူလိုင် ၂၃ ရက် နောက်ပိုင်းမှစ၍ မြန်မာကျပ်ငွေအပေါ် ယုံကြည်မှုပိုမိုကျဆင်းလာပြီး ပြည်တွင်းရွှေနှင့် ဒေါ်လာဈေးကွက်အတွင်း ကမောက်ကမဖြစ်ကာ ကျပ်ငွေတန်ဖိုး ကျဆင်းနေချိန် စင်ကာပူ UOB ဘဏ်ဘက်က မြန်မာလုပ်ငန်းများနှင့် ငွေအလွှဲအပြောင်း ရပ်ဆိုင်းသည့်ကိစ္စရပ်ကြောင့် ယခုရက်ပိုင်းအတွင်း ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာနေခြင်းလည်း ဖြစ်သည်။
စစ်ကောင်စီ၏ ပို့ကုန်ရငွေအပေါ် ထိန်းချုပ်ထားခြင်းနှင့် ပို့ကုန်သွင်းကုန်လိုင်စင်များကို ကန့်သတ်ထားခြင်းတို့ကြောင့် ပို့ကုန် သွင်းကုန်လုပ်ငန်းအများစု အခက်အခဲများစွာရှိနေပြီး ယခုစင်ကာပူ UOB ဘဏ်က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) မှတဆင့် မြန်မာလုပ်ငန်းရှင်များ၏ နိုင်ငံတကာငွေပေးချေမှုနှင့် ငွေအလွှဲအပြောင်းကိစ္စရပ်များကိုပါ ရပ်ဆိုင်းလိုက် သည့်အတွက် ပိုမိုအကျပ်ရိုက်လာစေကြောင်း ရန်ကုန်မြို့ခံ လုပ်ငန်းရှင်ကလည်း ပြောသည်။
စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်ဘဏ်နှစ်ခုဖြစ်သော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံ မှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ကို အမေရိကန်အစိုးရက ပြီးခဲ့သည့်ဇွန်လတွင် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
ထိုနိုင်ငံပိုင်ဘဏ်နှစ်ခုသည် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေစီးဝင်မှုနှင့် ပြည်ပငွေပေးချေမှုများ အပါအဝင် နိုင်ငံခြားငွေ အလွှဲအပြောင်းကိစ္စရပ်များကို အဓိကချုပ်ကိုင်ထားသောဘဏ်များ ဖြစ်သည်။
တရုတ်-မြန်မာနယ်စပ်မှ သကြားကုန်သည်တဦးက “တရုတ်ဘက်ကို တင်ပို့နေတဲ့ကုန်သွယ်ရေးက ကျနေတာ။ ဒီဘက် ကုန်သွယ်ရေးသဘောတရားကြောင့်တော့ ငွေဈေးက သိပ်တက်စရာအကြောင်းမရှိဘူး။ ပို့ကုန်နည်းသွားတော့ တရုတ်ငွေ ရှားသွားတာမျိုးတော့ရှိတယ်” ဟု ပြောသည်။
ကုန်သွယ်ရေး၌ ငွေဈေးအပြောင်းအလဲက သက်ရောက်မှုမကြီးမားသော်လည်း ယခုဩဂုတ် ၁ ရက်တွင် စတင်အသက်ဝင် လာသော ပို့ကုန်ရငွေပမာဏအတိုင်း သွင်းကုန်ပြန်လည်တင်သွင်းခွင့်ပေးမည့် စစ်ကောင်စီ၏ ပို့ကုန်သွင်းကုန်မူဝါဒနှင့် တရုတ်နိုင်ငံဘက်မှ မြန်မာ့ပို့ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုများကြောင့် မြန်မာဘက်မှ တရုတ်နိုင်ငံသို့ ပို့ကုန်တင် ပို့မှု ဆက်တိုက်ကျဆင်းလျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။
ယခင်က တရက်လျှင် ကားအစီးရေ ၃၀၀ မှ ၄၀၀ ကျော်ထိ တရုတ်ဘက်သို့ တင်ပို့နေရာမှ ယခုအခါ ကားအစီးရေ ၁၂၀ ဝန်းကျင်သာ တင်ပို့နိုင်တော့ကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အဓိကကုန်သွယ်ရေးဇုန်တခုဖြစ်သော မြဝတီကုန်သွယ်ရေးတွင်လည်း မြဝတီ-ကော့ ကရိတ်အာရှလမ်းမကြီး၊ တောနော်ရေတံခွန်အနီး တောင်ပတ်လမ်းပိုင်းပြိုကျခြင်းနှင့် ငွေဈေးနှုန်းမတည်ငြိမ်ခြင်းတို့ကြောင့် ကုန်သည်အများစုက လုပ်ငန်းများယာယီရပ်ဆိုင်းကာ စောင့်ကြည့်နေသည့် အခြေအနေရှိကြောင်း ပြောင်းကုန်သည်တဦး က ပြောသည်။
၎င်းက “ကားလမ်းကပိတ်၊ ငွေဈေးတွေကလည်း ကမောက်ကမနဲ့တော့ ဘယ်သူမှ အလုပ်မလုပ်ရဲကြဘူး။ လမ်းပေါ်မှာ သွားလက် စရှိနေတာတွေကိုပဲ ဆက်လုပ်နေကြတာများပါတယ်” ဟု ဆိုသည်။
ထိုအခြေအနေများကြောင့် ထိုင်းနိုင်ငံဘက်မှမြန်မာနိုင်ငံသို့ တင်သွင်းရောင်းချနေသော စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းတချို့ ပစ္စည်းပြတ်လပ်မှုများ ဖြစ်ပေါ်နေသလို ယခုရက်ပိုင်းအတွင်း ယခင်ကထက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း ကျော်ထိ ဈေးမြင့်တက်လာနေကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်းရွှေဈေးကွက်အတွင်း၌လည်း မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းများ ဆက်တိုက် မြင့်တက်လာခြင်းကြောင့် အခေါက်ရွှေပေါက်ဈေးမှာ ၁ ကျပ်သားလျှပ် ၃၇ သိန်းကျော်ထိ မြင့်တက်လာပြီး အရောင်းအဝယ် အေးနေကြောင်း သိရသည်။
တိုင်းပြည်စီးပွားရေးကျဆင်းပြီး ဘဏ္ဍာငွေအကျပ်အတည်းဖြင့် ရင်ဆိုင်နေရသော စစ်ကောင်စီသည် လိုအပ်သည့်ဘဏ္ဍာ ငွေအတွက် ငွေစက္ကူအသစ်ရိုက်ထုတ်ကာ ဖြည့်တင်းနေမှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာနေသလို စစ်အာ ဏာသိမ်းပြီးနောက် နိုင်ငံခြားငွေစီးဝင်ရာ တခုတည်းသောလမ်းကြောင်းဖြစ်သည့် ပို့ကုန်ရငွေများမှာလည်း ကန့်သတ်ထိန်း ချုပ်ထားသောမူဝါဒများအရ နိုင်ငံခြားငွေရရှိမှု ကျဆင်းလာနေပြီး နိုင်ငံခြားအရန်ငွေခမ်းခြောက်မှုကို ပိုမိုကြီးထွားလာနေစေ ကြောင်း သုံးသပ်ပြောဆိုမှုများလည်းရှိသည်။
ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်တွင် ဘောဂဗေဒနှင့်စီးပွားရေးဆိုင်ရာပညာရပ်များ သင်ကြားပို့ချပေးနေသော ပါမောက္ခ ဒေါက်တာ မင်းမင်းသော်က “တိုင်းပြည်တပြည်တိုးတက်ဖို့ ပထမဦးဆုံးလိုအပ်တာက နိုင်ငံရေးနဲ့ပတ်သက်ပြီး တည်ငြိမ်ရမယ်။ ဒုတိယအချက်က ငွေလဲနှုန်းနဲ့ပတ်သက်ပြီး တည်ငြိမ်ရမယ်။ တတိယအချက်က အခြေခံအဆောက် အအုံရှိရမယ်။ နောက်ဆုံးအချက်က Low Skill Labor အပြင် ပညာတတ်လူငယ်တွေ ရှိရမယ်။ တည်ငြိမ်မှုကလည်း သူတို့ (စစ်ကောင်စီ) ရှိနေသ၍ မဖြစ်နိုင်ဘူး။ နိုင်ငံရေးအရတည်ငြိမ်မှုလည်း မရှိဘူး။ နောက်တခုက ဗဟိုဘဏ်မှာ တာဝန်ခံနေတဲ့သူတွေကလည်း အရည်အချင်းရှိတဲ့ တတ်ကျွမ်းသူတွေ မဟုတ်ဘူး။ ပြည်သူတွေလည်း သိတယ်။ နိုင်ငံတကာကလည်း သိတယ်။ ဒီလို ဘယ်သူကမှ မယုံကြတော့ ငွေကြေးလဲလှယ်နှုန်းက ဘယ်လိုမှ တည်ငြိမ်နိုင်မှာ မဟုတ်ဘူး” ဧရာဝတီနှင့်အင်တာဗျူး၌ ပြောထားသည်။
လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေနှင့် စစ်ကောင်စီ၏ ကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ်များ ရိုက်ထုတ်မှုကြောင့် မြန်မာကျပ်ငွေတန်ဖိုးသည် Hyperinflation (ငွေကြေးဖောင်းပွနှုန်းအကြီးအကျယ်မြင့်မားမှု) ဘက်သို့ ဦးတည်နေကြောင်းလည်း ၎င်းက ဆိုသည်။
You may also like these stories:
စစ်ကောင်စီဘဏ်များနှင့် ထိတွေ့ဆက်ဆံမှုများ စတင်အရေးယူမည်ဟု အမေရိကန်သတိပေး
Hyperinflation ဖြစ်ဖို့ကို ဦးတည်နေတယ်
ကျပ်နှစ်သောင်းတန်ထုတ်၍ ဘဏ္ဍာငွေအကျပ်အတည်း ထွက်ပေါက်ရှာဟု NUG ဆို
ကျပ် နှစ်သောင်းတန်ဂယက် ဒေါ်လာနှင့် ရွှေဈေးကွက် ကမောက်ကမဖြစ်