ရခိုင်ပြည်နယ် မောင်တောမြို့နယ် လောင်းဒုံရွာနှင့် ကြိမ်ချောင်းရွာကြား လမ်းပေါ်တွင် အင်အား ၂၀ခန့်ပါသည့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA ) အဖွဲ့ဝင်များက အိမ်စီးကား ၁ စီးကို မီးရှို့ပြီး မွတ်စလင် ရွာသား ၂ ဦးကို လည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အဖမ်းခံရသူနှစ်ဦးမှာ မောင်တောမြို့နယ် စံပယ်ကုန်းကျေးရွာနေ အသက် ၃၀ ကျော် အရွယ် ဆာလမန်ခန်း ( ခ) လှဝင်းနှင့် တရွာတည်းနေ အာရ်ဖက်တို့ဖြစ်ပြီး သြဂုတ်လ ၁၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က Kluger ကားဖြင့် စံပယ်ကုန်းရွာမှ ကြိမ်ချောင်းရွာသို့ လာစဉ် မျာဇင် ( နတလ ) ကျေးရွာအနီးအရောက် အသင့်စောင့်ဆိုင်းနေသည့် ARSA အဖွဲ့ဝင် ၂၀ ခန့် က ၎င်းတို့ နှစ်ဦးစီးလာသည့်ကားအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ကြိမ်ချောင်းကျေးရွာမှ ဒေသခံတဦးက ပြောသည်။
၎င်းက “သွေးအေးအေးနဲ့ လုပ်သွားတာ။ အဲဒီနေ့ လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို ရပ်ခိုင်းထားပြီး အဲဒီကား အလာကို စောင့်ပြီးတော့ ကားကို ဘေးချရပ်ခိုင်းပြီး လူကိုဆွဲချ ကားကိုပါ တခါတည်း မီးရှို့သွားတာ၊ လမ်းသွားလမ်းလာ ဆိုင်ကယ် သမားတွေကို မင်းတို့ကို ဘာမှမလုပ်ဘူး။ အေးအေးဆေးဆေး သွားကြလို့ ဗမာစကားနဲ့ ပြောခဲ့သေးတယ်လို့ ပြောတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဖမ်းဆီးခံရသူနှစ်ဦးသည် ပုစွန်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေးသမားများ ဖြစ်ပြီး အဖမ်းမခံရမီ အချိန် ကလည်း သူတို့ နှစ်ဦးမှာ စံပယ်ကုန်းကျေးရွာတွင် ညမအိပ်ရဲ၍ ညစဉ် ကြိမ်ချောင်းကျေးရွာသို့ တိမ်းရှောင်ကာ နေထိုင်ခဲ့ ကြသူများဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့ထုတ် စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာတွင်မူ ရခိုင်ပြည်နယ် မောင်တော မြို့နယ် ကြိမ်ချောင်း- မောင်တောသွားကားလမ်းတွင် မောင်းနှင်လာသော မော်တော်ယာဉ်တစီးအား RSO ( Rohingya Solidarity Organization) အဖွဲ့က မီးရှို့ဖျက်ဆီးပြီး ကားပေါ်ပါလာသူများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရေးသား ထားသည်။
သို့သော် မောင်တောမြို့ခံတဦးကမူ “ဖမ်းသွားတဲ့အဖွဲ့က အားလုံးသိတဲ့အတိုင်းပဲ ARSA အဖွဲ့ဆိုတာ။ မွတ်စလင်ရွာသားတွေ လည်း ပြောကြတယ်။ အဓိက ငွေကြေးကိစ္စဖြစ်ဖို့ များတယ်။ စီးပွားရေးလုပ်ငန်းနဲ့ ဆက်စပ်ပြီးတော့ ဖမ်းတာလား၊ သူတို့ အဖွဲ့က တောင်းခံတဲ့ ငွေကြေးကို မပေးလို့ ဖမ်းတာလား ဆိုတာတော့ ကာယကံရှင်တွေမှပဲ သိမှာပါ” ဟု ဧရာဝတီသို့ ပြော သည်။
ဖမ်းဆီးခံရသည့် စံပယ်ကုန်းရွာသား ၂ ဦးအား ARSA အဖွဲ့ဝင်များက ကားလမ်းမ၏ အရှေ့ဘက်ခြမ်း မေယု တောင်ကြော ထဲသို့ ထိုနေ့ကတည်းက ဖမ်းဆီးခေါ်ဆောင်သွားသည်ကို အနီးဝန်းကျင်ရှိ ရွာသားများ မြင်လိုက်သော်လည်း သက်ဆိုင်ရာ နယ်ခြားစောင့်ရဲနှင့် စစ်ကောင်စီတပ်သားများက လက်ရှိအချိန်အထိ တစုံတရာ ရှာဖွေခြင်း ၊ နယ်မြေရှင်းလင်းခြင်းမျိုး လုပ်ဆောင်သည်ကို မတွေ့ရကြောင်းလည်း ဒေသခံများက ပြောသည်။
ပြီးခဲ့သော ဇူလိုင်လ ၁၉ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြား မွတ်ဆလင်ကျေးရွာနှင့် ဂူတာပြင် မွတ်စလင် ကျေးရွာကြား မေယုတောင်ကြောတွင် ရက္ခိုင့်တပ်တော် ( AA ) နှင့် ARSA အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်းသိရသည်။
You may also like these stories:
မောင်တောမြို့နယ်အတွင်း ARSA ဝင်ရောက်လှုပ်ရှားမှု ဒေသခံများ ပိုမိုစိုးရိမ်လာ
ရခိုင်ပြည်နယ်အတွင်းသို့ ARSA အကြမ်းဖက်အဖွဲ့များ စိမ့်ဝင်နေ
မောင်တောဒေသခံ ၂ ဦးကို ဖမ်းဆီးရိုက်နှက်သည့် အဖွဲ့မှာ ARSA ဖြစ်နိုင်ဟုဆို