မြန်မာအာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်များ လေသံပျော့လာပါသလား၊ သို့မဟုတ် ကျယ်ပြန့်သော ခုခံတော်လှန်ရေး လှုပ်ရှားမှုကို စစ်မြေပြင်တွင် အပြင်းအထန် ရင်ဆိုင်နေရချိန်တွင် စစ်ကောင်စီသည် လှည့်ဖျားလမ်းလွှဲနေသလား။
လှည့်ဖျားနေခြင်းဖြစ်သည်မှာ သေချာသည်။ အာဏာရ ဗိုလ်ချုပ်များသည် တွေ့ဆုံဆွေးနွေးရေးကို အားပေးရာတွင် နိုင်ငံတကာ စိတ်ဝင်စားမှုကို နှိုးဆွရန် ကြိုးစားသည့်ပုံစံဖြင့် ပြည်ပတွင် တရားဝင်မှု မြှင့်တင်ရန် ကြိုးစားသည်မှာ ယခုအကြိမ်သည် ပထမဆုံးမကြိမ် မဟုတ်ပေ။
မြန်မာမှ ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ် အေးလာရန် လက်ရှိ မျှော်မှန်းချက်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန်နှင့် NLD ခေါင်းဆောင်များကို ချထားသည့် ထောင်ဒဏ်များကို လျှော့ချပေးရန် စစ်ကောင်စီက စီစဉ်ခြင်းကြောင့် ဖြစ်ပေါ်လာသည်။
စစ်အုပ်စု၏ ထိုလှည့်ကွက်သည် လာမည့်နှစ် ရွေးကောက်ပွဲ ကျင်းပနိုင်မည့် နိုင်ငံရေး ဖြေရှင်းမှုပုံစံ တခုခုအတွက် တံခါးဖွင့်ခြင်း ဖြစ်နိုင်သည်ဆိုသည့် ခန့်မှန်းချက်များ ဖြစ်စေခဲ့သည်။ သို့သော် ထိုတည်ငြိမ်ရေး မျှော်လင့်ချက်သည် စိတ်ပျက်စရာ ဖြစ်စေမည်မှာ သေချာသည်။ စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) နှင့် မကြာသေးမီက စစ်ရေးရှုံးနိမ့်မှုများကို တန်ပြန်ရန် NLD ဝှက်ဖဲကို ထုတ်သုံးခြင်း ဖြစ်နိုင်သည်။
စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) နှင့် မကြာသေးမီက စစ်ရေးရှုံးနိမ့်မှုများကို တန်ပြန်ရန် NLD ဝှက်ဖဲကို ထုတ်သုံးခြင်း ဖြစ်နိုင်သည်။
အကြောင်းမလှသည်မှာ စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ အခြေအနေများသည် အခြေခံကျသော နိုင်ငံရေးပကတိ အခြေအနေများသစ်များ ဖြစ်စေသည်ကို အာဏာသိမ်း ခေါင်းဆောင်များ နားလည်သဘောပေါက်ခြင်း မရှိသမျှ ကာလပတ်လုံး နိုင်ငံရေးအဖြေရှာရန် အခြေအနေများ ထွက်ပေါ်လာမည် မဟုတ်ပေ။ စစ်ခေါင်းဆောင်များ နိုင်ငံရေးမှ ဆုတ်ခွာပြီး အရပ်သားခေါင်းဆောင်မှု၏ ခိုင်မာသော ထိန်းချုပ်မှုအောက်တွင် လက်နက်ကိုင်တပ်များကို ထားရှိသည့် ဖက်ဒရယ် ဒီမိုကရက်တစ်အစိုးရ ဖွဲ့စည်းရန် သဘောတူမှသာ ညှိနှိုင်းဆွေးနွေးမှုများ ဖြစ်နိုင်မည် ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီသည် ခုခံတော်လှန်ရေးလှုပ်ရှားမှုမှ အင်အားကြီးထွားနေသည့် ကွဲပြားစုံလင်သော မျိုးဆက်သစ်ခေါင်းဆောင်များကို ရင်ဆိုင်နေရသည်။ တိုင်းရင်းသား တပ်မတော်များသည် PDFs များနှင့် စစ်ဆင်ရေးအဆင့် ပူးပေါင်းဆောင်ရွက်ရင်း ပိုမိုအင်အားကောင်းလာကာ နယ်မြေထိန်းချုပ်မှု တိုးချဲ့ကာ စစ်တပ်ကို စစ်မျက်နှာအားလုံးတွင် တပြိုင်နက် စတင် ဖိအားပေးလာသည်။ ပူးပေါင်းဆောင်ရွက်ရေး လှုပ်ရှားမှုအဖြစ် ခုခံတော်လှန်ရေး ခေါင်းဆောင်များသည် ကွဲပြားမှုကို လေးစားပြီး အင်အားအဖြစ် ပြောင်းလဲမည့် နိုင်ငံ၏အနာဂတ်သစ်ကို ထူထောင်ရန် အတိတ်က လူမှုနှင့် နိုင်ငံရေးပုံစံများမှ လမ်းခွဲထွက်ရေး ဆုံးဖြတ်ထားသည်။

ဆန့်ကျင်ဘက် အတွင်းပိုင်း ဖိအားများရှိသော ခုခံတော်လှန်ရေးလှုပ်ရှားမှုကို ဖက်ဒရယ်ဒီမိုကရက်တစ် အစိုးရအဖြစ် ပြောင်းလဲခြင်းသည် အဓိက လုပ်ဆောင်နေသူများအကြား ရှည်လျားရှုပ်ထွေးသော ညှိနှိုင်းမှုများ လိုအပ်မည်ဖြစ်သည်။
သို့သော် သေချာသော အချက်တခုရှိသည်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ စစ်တပ်၏အာဏာကို ခိုင်မာအောင်လုပ်ခြင်း သို့မဟုတ် ဗမာစစ်တပ်နှင့် အရပ်သား အထက်လွှာများအကြား ညှိနှိုင်းမှုများဖြင့် နိုင်ငံရေးအဖြေ ရနိုင်သည်ဆိုသည့် အတွေးအခေါ်ဟောင်းသည် မှန်ကန်ခြင်း မရှိတော့ပေ။ ထိုပုံသေနည်းကို ယုံကြည်နေသည့် နိုင်ငံတကာအသိုက်အဝန်းမှ ပုဂ္ဂိုလ်များအနေဖြင့် မြန်မာ့ပဋိပက္ခ ဖြေရှင်းရေးအတွက် ထိုအတွေးအခေါ်သည် အကျိုးပြုသောလမ်းကြောင်း မဟုတ်သည်ကို မကြာမီ တွေ့ရမည် ဖြစ်သည်။
နေပြည်တော်မှာ အပြောင်းအလဲလက္ခဏာ ရှိသလား
နေပြည်တော်မှ စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလက တိုးချဲ့ချမှတ်သည့် အရေးပေါ်အခြေအနေ ကုန်ဆုံးခါနီးသောအခါ ရာထူးစွန့်လွှတ်ရတော့မည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံရန် စီစဉ်ပေးသည်။ ထိုသို့တွေ့ဆုံခြင်းသည် အရပ်သားအစိုးရ ဖြုတ်ချခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ပအရာရှိတဦး ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အပေါ် ချမှတ်ထားသော ထောင်ဒဏ်များကို အနည်းငယ်စီ လျှော့ချလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင် အများအပြားကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းထားသည်ဆိုသည့် ကောလာဟလများ ထွက်လာသည်။
၎င်းတို့၏ နစ်နေသောသင်္ဘောပေါ်တွင် ကုန်းပတ်ကုလားထိုင်များကို ပြန်လည် စီစဉ်သည့်အနေဖြင့် စစ်ကောင်စီသည် အရပ်သားနှင့် စစ်ဘက်ခေါင်းဆောင်မှုကို ပြင်ဆင်ဖွဲ့စည်းပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) က ၎င်းတို့သည် တနိုင်ငံလုံးတွင် ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်လောက်အောင် နယ်မြေထိန်းချုပ်မှု ကျဉ်းမြောင်းနေသည်ကို သဘောပေါက်ပြီး အရေးပေါ်အခြေအနေကို နောက်ထပ် ခြောက်လ တိုးချဲ့သည်။
၎င်းတို့၏ နစ်နေသောသင်္ဘောပေါ်တွင် ကုန်းပတ်ကုလားထိုင်များကို ပြန်လည် စီစဉ်သည့်အနေဖြင့် စစ်ကောင်စီသည် အရပ်သားနှင့် စစ်ဘက်ခေါင်းဆောင်မှုကို ပြင်ဆင်ဖွဲ့စည်းသည်
ထိုလုပ်ဆောင်မှုများကို အခြေခံပြီး စစ်ကောင်စီသည် နိုင်ငံတကာဖိအား သက်သာစေရန်နှင့် ညှိနှိုင်းဆွေးနွေးရေး နယ်ပယ်ဖန်တီးရန် NLD, ဒေါ်အောင်ဆန်းစုကြည်တို့နှင့် အဖြေတခုရှာရန် ကြိုးစားသည်ဟု ပြည်ပမှ လေ့လာသူအချို့ ကောက်ချက်ချခြင်း ဖြစ်နိုင်သည်။ ၎င်းတို့ အလေးမထားချင်သောအချက်မှာ စစ်မြေပြင်တွင် တိုင်းရင်းသားလက်နက်ကိုင်များ၏ လက်တွင် စစ်ကောင်စီခံနေရသည့် ရှုံးနိမ့်မှုများ ဖြစ်သည်။ အခြားအရာများထက် စစ်ရေးရှုံးနိမ့်မှုများက စစ်ကောင်စီ၏ လုပ်ရပ်များကို ရှင်းပြနေသည်။ စစ်ကောင်စီ၏ လုပ်ရပ်မှာ ခုခံတော်လှန်ရေး အင်အားစုများအကြား၊ အထူးသဖြင့် EAO နှင့် NUG အကြား အကွဲအပြဲဖြစ်စေရန် NLD ကို မီးမောင်းထိုးပြသည့် လုပ်ရပ်သာ ဖြစ်သည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ့ပတ်ဝန်းကျင်မှ ဗိုလ်ချုပ်များသည် အရေးပေါ်အခြေအနေ ကြေညာရန် လွှတ်တော်၏ အတည်ပြုချက် ယူရမည်ဆိုသည့် အချက်ကို ဂရုမစိုက်သလို ထိုအရေးပေါ်အခြေအနေကို ဖွဲ့စည်းပုံက ကန့်သတ်ထားသည့် ကာလထက်တိုးချဲ့ကာ အာဏာသိမ်းခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အာခံခဲ့သော်လည်း ၎င်းတို့အုပ်ချုပ်ရေး တရားဝင်စေရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံကိုပင် အသုံးချရန် ဆုံးဖြတ်ထားကြသည်။
လွန်ခဲ့သော နှစ်နှစ်ကျော်အတွင်း စစ်တပ်က အရပ်သားပြည်သူများကို အလွန်အကျွံ အကြမ်းဖက်ခြင်းနှင့် နိုင်ငံ၏ စီးပွားရေး အခြေခံအဆောက်အအုံများကို ဖျက်ဆီးခြင်းတို့ကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပါ စစ်တပ်၏ အခန်းကဏ္ဍကို မြန်မာပြည်သူများ ထပ်မံ လက်ခံရန် လွန်စွာ မဖြစ်နိုင်တော့ပေ။
အဓိကကျသည့် EAOs များအပါအဝင် ခုခံတော်လှန်ရေးလှုပ်ရှားမှု၏ အမြင်တွင် ၂၀၀၈ ဖွဲ့စည်းပုံသည် ပြန်လည် အသက်သွင်းမရအောင် သေဆုံးသွားပြီးဖြစ်သည်။ အနာဂတ်သည် အားလုံးအကျုံးဝင်သည့် နိုင်ငံရေး ပဋိဉာဉ်နှင့် အခြေခံအုတ်မြစ်သစ် လိုအပ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ပကတိ အခြေအနေသစ်များ
EAOs များအင်အားနှင့် ထိန်းချုပ်နယ်မြေ တိုးတက်ခြင်း
မြန်မာ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ကြီးထွားလာသော နိုင်ငံရေးနှင့် စစ်ရေးအင်အားသည် နိုင်ငံတွင် အခြေခံကျသော ပကတိအခြေအနေသစ်ကို ဖြစ်စေသည်။ အာဏာသိမ်းမှုမတိုင်မီက ထိုအဖွဲ့အစည်းများသည် ရွေးကောက်ခံ NLD အစိုးရနှင့် သဘောထားကွဲလွဲမှု အများအပြားရှိပြီး ထိုသို့သော သဘောထားကွဲလွဲမှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သစ် ကမ်းလှမ်းကာ ဖက်ဒရယ်စနစ်နှင့် အချိုးကျ ကိုယ်စားပြုမှုကို နှုတ်အားဖြင့်သာ ကျင့်သုံးပြီး EAOs များကို ထိန်းချုပ်ရန် လွယ်ကူစေမည်ဟု စစ်ကောင်စီက ကနဦးတွင် တွက်ထားပုံရသည်။
သို့သော် အာဏာသိမ်းခြင်းနှင့် နောက်ဆက်တွဲအဖြစ် အရပ်သားများကို အကြမ်းဖက်ခြင်းကြောင့် စစ်တပ်နှင့် ပဋိပက္ခ ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော EAOs များသည် နိုင်ငံရေးအရ ပြန်လည် အထိုင်ချကြသည်။ အာဏာသိမ်းခြင်းသည် ၂၀၁၁ ခုနှစ်က စတင်လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လုံးဝဖျက်သိမ်း လိုက်ခြင်းဖြစ်သည်ဟု EAOs ခေါင်းဆောင် အများအပြားက မြင်ကြသည်။ သွေးချောင်းစီးနေသော စစ်အုပ်ချုပ်ရေးကို လက်မခံရန် အချို့ EAOs ခေါင်းဆောင်များသည် ၎င်းတို့ လူမှုအသိုက်အဝန်းများ၏ မပြင်းထန်သော ဖိအားကို ရင်ဆိုင်ကြရသည်။
EAOs များသည် စစ်ကောင်စီနှင့် ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုကို ယေဘုယျအားဖြင့် လက်မခံကြသော်လည်း စစ်ကောင်စီနှင့် ခုခံတော်လှန်ရေး အင်အားစုများအပေါ် ၎င်းတို့ သဘောထားအရ အကြမ်းအားဖြင့် အုပ်စု လေးမျိုးရှိနေသည်။
အာဏာသိမ်းခြင်းသည် ၂၀၁၁ ခုနှစ်က စတင်လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လုံးဝဖျက်သိမ်း လိုက်ခြင်းဖြစ်သည်ဟု EAOs ခေါင်းဆောင် အများအပြားက မြင်ကြသည်။
ပထမအုပ်စုတွင် ခုခံတော်လှန်ရေး အင်အားစုများ၏ တပ်ပေါင်းစု NUG နှင့် လူသိရှင်ကြား မဟာမိတ်ဖွဲထားသည့် EAOs လေးဖွဲ့ပါဝင်သည်။ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ဖြစ်သည်။
ဒုတိယအုပ်စုတွင် ညီနောင်မဟာမိတ် သုံးဖွဲ့ပါဝင်ပြီး ခုခံတော်လှန်ရေးလှုပ်ရှားမှုကို တိတ်တဆိတ် ထောက်ခံကာ ၎င်းတို့ အာဏာနှင့်ပိုင်နက်ကို ခိုင်မာအောင်လုပ်ကြသည်။ ရက္ခိုင့်တပ်တော် (AA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ ဖြစ်သည်။

တတိယအုပ်စုတွင် ၂၀၁၅ ခုနှစ်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှ အကြွင်းအကျန်များ ပါဝင်ပြီး ၎င်းတို့သည် စစ်ကောင်စီနှင့် ဆွေးနွေးလိုက်၊ မဆွေးနွေးလိုက် ဖြစ်နေသည်။
စတုတ္ထအုပ်စုသည် မဟာမိတ်မဖွဲ့ပေ။ ၎င်းတို့တွင် အင်အားကြီးမားပြီး လွန်စွာ လွတ်လပ်သည့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) တို့ ပါဝင်သည်။ ၎င်းတို့သည် အခြေအနေကို စောင့်ကြည့်ရင်း ၎င်းတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ဂရုတစိုက် ကာကွယ်ထားသည်။
စာရေးသူတို့၏ နောက်ဆုံး သုံးသပ်ချက်အရ EAOs များသည် အင်အား ၁၃၀,၀၀၀ ခန့် ဖြန့်ကြက်ထားပြီး မကြာသေးမီ နှစ်များအတွင် အင်အား သိသိသာသာ တိုးတက်လာကာ အများအပြားသည် ခေတ်မီလက်နက်များ အသုံးပြုနိုင်သည်။
သေနင်္ဂဗျူဟာကျသည့် ကွဲလွဲချက်များ ရှိသော်လည်း ကောင်းစွာ ဖွဲ့စည်းတည်ထောင်ထားပြီးသော EAOs အားလုံးတို့သည် စစ်တပ်ကို အားနည်းအောင်လုပ်ရန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပိုင်နက်ကို ကာကွယ်ရန်အတွက် ခုခံတော်လှန်ရေး အင်အားစုကို ထောက်ခံကြသည်။ NUG နှင့် ပူးပေါင်းဆောင်ရွက်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် KNU ကဲ့သို့သော EAO များနှင့် ခုခံတော်လှန်ရေး အင်အားစုကို အလွတ်သဘော ထောက်ခံသော ညီနောင်မဟာမိတ် သုံးဖွဲ့တို့၏ အတိအလင်း ညှိနှိုင်းဆောင်ရွက်မှုကြောင့် စစ်ကောင်စီတပ်များသည် လွန်စွာပြန့်ကျဲနေသည်ကို သိသိသာသာ တွေ့နိုင်သည်။
သေနင်္ဂဗျူဟာကျသည့် ကွဲလွဲချက်များ ရှိသော်လည်း ကောင်းစွာ ဖွဲ့စည်းတည်ထောင်ထားပြီးသော EAOs အားလုံးတို့သည် စစ်တပ်ကို အားနည်းအောင်လုပ်ရန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပိုင်နက်ကို ကာကွယ်ရန်အတွက် ခုခံတော်လှန်ရေး အင်အားစုကို ထောက်ခံကြသည်။
ရလဒ်မှာ EAO များ၏ ဘက်စုံတိုက်ခိုက်မှုများကြောင့် စစ်တပ်သည် နယ်မြေဆုံးရှုံးနေပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် အင်အားနှင့်သြဇာ တိုးလာနေခြင်း ဖြစ်သည်။ အာဏာသိမ်းမှုအလွန် မြန်မာပဋိပက္ခတွင် လုံခြုံရေးအခင်းအကျင်းသည် အခြေခံအားဖြင့် NLD နှင့် စစ်တပ်အကြား အာဏာအားပြိုင်ပွဲမှသည် EAOs များက နောက်ထပ် အဓိကပါဝင်သူအဖြစ် ပါဝင်လာသည့် ဘက်စုံတိုက်ပွဲအဖြစ် အသွင်ကူးပြောင်းသွားသည်။
နိုင်ငံရေးအခင်းအကျင်းတွင် အခြေခံကျသော အပြောင်းအလဲ
အခြား ပကတိအခြေအနေသစ်မှာ ဗမာလူများစုအကြားတွင်သာမက တိုင်းရင်းသား လူနည်းစုအကြားတွင်ပါ အတိတ်က လူမှုရေး၊ နိုင်ငံရေး အာဃာတများနှင့် အဖွဲ့အချင်းချင်း ဆက်ဆံမှုကို စစ်တပ်က ကန့်သတ်ထားခြင်းအား ဖယ်ရှားရန် ဆုံးဖြတ်ထားသည့် ခေါင်းဆောင်သစ်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဖြင့် ပုံသွင်းထားသည့် ၎င်းတို့သည် လူမျိုးစုအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းမှုကို တည်ဆောက်နေသည်။ ထိုသို့သော ပူးပေါင်းဆောင်ရွက် ညှိနှိုင်းမှုမျိုးကို ဆယ်စုနှစ်များစွာကြာသည့် အာဏာရှင်အုပ်ချုပ်ရေးအတွင်း စစ်တပ်က အပြင်းအထန် တားဆီးပိတ်ပင်ခဲ့သည်။ ၎င်းတို့သည် ဖက်ဒရယ် ဒီမိုကရက်တစ်စနစ် အောင်ပွဲကို လမ်းညွှန်ရန် ကြားဖြတ်အုပ်ချုပ်ရေးစနစ်များကိုပင် ဖွဲ့စည်းထားကြသည်။

၎င်းတို့အကြား ပြဿနာများ ရှုပ်ထွေးသည်မှာ သေချာသည်။ အုပ်ချုပ်မှုသစ်တခု တည်ဆောက်ရေး အားထုတ်မှု၏ ရှေ့ဆုံးတန်းတွင် NUG အစိုးရ၊ EAOs အများအပြားနှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အပါအဝင် ခုခံတော်လှန်ရေး လှုပ်ရှားမှု၏ အဓိကအစိတ်အပိုင်းအမျိုးမျိုးအကြား နှေးကွေးသော်လည်း ပြင်းထန်သော ညှိနှိုင်းမှုများ ရှိနေသည်။ အောက်ခြေအဆင့်များတွင် EAOs အချို့နှင့် PDFs များကို ဖွဲ့စည်းသည့် လူငယ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအကြား ညှိနှိုင်းဆောင်ရွက်မှု ကြီးထွားနေပြီး စစ်မြေပြင်တွင် ပေါင်းစည်းမှု ရှိနေသည်။
လတ်တလော ဆွေးနွေးနေသည့် အဆိုပြုချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဋ္ဌာန်းချက်များထက် ကျော်လွန်ပြီး တားဆီးမရနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဖန်တီးရေးအတွက် ရည်ရွယ်သည်။
လတ်တလော ဆွေးနွေးနေသည့် အဆိုပြုချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဋ္ဌာန်းချက်များထက် ကျော်လွန်ပြီး တားဆီးမရနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဖန်တီးရေးအတွက် ရည်ရွယ်သည်။
ဆွေးနွေးပွဲများတွင် ပါဝင်သူများ၊ အထူးသဖြင့် NUG သည် အဖွဲ့အတွင်း ကိုယ်ပိုင်အတွေးအခေါ်များကို ဖော်ထုတ်နေစဉ် မည်သည့် အနာဂတ်သဘောတူညီမှု မဆိုသည် တိုင်းရင်းသားလူနည်းစုများအတွက် ၎င်းတို့ အမျိုးသားရေး လက္ခဏာများကို ဆက်လက် ထိန်းသိမ်းထားနိုင်ပြီး ဖက်ဒရယ်ဒီမိုကရက်တစ် အုပ်ချုပ်ရေးတွင် ပါဝင်နိုင်စေမည့် စစ်မှန်သော ဖက်ဒရယ်စနစ် အရပ်သား အုပ်ချုပ်ရေးစနစ်ကို အခြေခံရမည် ဖြစ်သည်။ စစ်မှန်သော ဖက်ဒရယ်စနစ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ပိုမိုကောင်းမွန်သော လုံခြုံရေးနှင့် နိုင်ငံရေးစနစ်များလည်း လိုအပ်မည်ဖြစ်သည်။
ငြိမ်းချမ်းရေးသစ်၊ ပကတိ အခင်းအကျင်းအသစ်
ပဋိပက္ခအဆုံးသတ်ရေးအတွက် ကြိုးစားသည့် မည်သည့်ခြေလှမ်းမဆိုတွင် ထည့်သွင်းစဉ်းစားရမည့် အခြေခံအချက် သုံးချက်ရှိသည်။
(၁) ကြီးထွားလာသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ (၂) အာဏာသိမ်းပြီးနောက် ကျင့်ဝတ်သြဇာနှင့် နိုင်ငံရေးအတွေ့အကြုံရလာသည့် လူငယ်ခုခံတော်လှန်ရေး ခေါင်းဆောင်များ၊ (၃) ကြမ္မာငင်သည့် အာဏာသိမ်းမှုကြောင့် စစ်ရေးနှင့် နိုင်ငံရေးအရ ထိခိုက်နေသည့် စစ်တပ်၏ အားနည်းချက်တို့ ဖြစ်သည်။ ထိုအာဏာသိမ်း ကာလအလွန် ပကတိအခြေအနေများကို လျစ်လျူရှုမထားနိုင်ပေ။
လက်ရှိအဆင့် ငြိမ်းချမ်းရေး ပြုလုပ်ရမည့် မည်သည့် ချဉ်းကပ်မှုကိုမဆို လမ်းညွှန်ရန် အဓိကကျသော အချက်လေးချက် ရှိသည်။
၁။ စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် လျင်မြန်သော ဖြစ်ပေါ်တိုးတက်မှုများ မထိန်းချုပ်နိုင်ကြောင်း ဖော်ပြနေပြီး အသာစီး ပြန်လည်ရနိုင်မည့် အနေအထား မရှိတော့ပေ။
၂။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်တွင် နိုင်ငံရေးအဖြေရှာခြင်း သို့မဟုတ် ဗမာ NLD ဒီမိုကရေစီ အင်အားစုများနှင့် စစ်တပ်အကြား အဖြေရမည်ဆိုသည့် အစဉ်အလာအယူအဆ ဆက်လက် မှန်ကန်ခြင်း မရှိတော့ပေ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်တွင် နိုင်ငံရေးအဖြေရှာခြင်း သို့မဟုတ် ဗမာ NLD ဒီမိုကရေစီ အင်အားစုများနှင့် စစ်တပ်အကြား အဖြေရမည်ဆိုသည့် အစဉ်အလာအယူအဆ ဆက်လက် မှန်ကန်ခြင်း မရှိတော့ပေ။
၃။ မြန်မာမှ လက်ရှိ အကျပ်အတည်းကို ကူညီဖြေရှင်းလိုသော နိုင်ငံတကာ အသိုက်အဝန်းသည် အထက်ပါ ပကတိ အခြေအနေသစ်များကို လက်ခံရမည်ဖြစ်ပြီး ၎င်းတို့နှင့် လုပ်ကိုင်ရမည် ဖြစ်သည်။ ဗမာအထက်လွှာများအကြား ညှိနှိုင်းမှုကို နိုင်ငံခြားသံတမန်များက အဆင်ပြေအောင် လုပ်ကိုင်ပေးခြင်းသည် ပြောင်းလဲသွားသော နိုင်ငံရေးနှင့် လုံခြုံရေး ပတ်ဝန်းကျင်တွင် အကျိုးယုတ်စေမည် ဖြစ်သည်။
၄။ လက်ရှိအခြေအနေတွင် အနာဂတ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အကောင်းဆုံး ကြိုတင်ပြင်ဆင်မှုမှာ ဒီမိုကရေစီ လိုလားသော အင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ညှိနှိုင်းမှုကို ထောက်ခံခြင်းဖြင့် ခုခံတော်လှန်ရေး အင်အားစုများအကြား ပိုမိုညှိနှိုင်းခြင်းကို အားပေးရန်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရပါက စစ်ကောင်စီနှင့် အင်အားကြီးမားလှသော အာဏာသိမ်းမှုဆန့်ကျင်ရေး ခုခံတော်လှန်ရေး လှုပ်ရှားမှုအကြား ငြိမ်းချမ်းရေးလုပ်ရန် စဉ်းစားခြင်းသည် နိုင်ငံတကာအသိုက်အဝန်းအတွက် လွန်စွာစောလွန်းသည်။ သို့သော် ထိုသို့ဖြစ်နိုင်မည့် အချိန်တခုကို မျှော်တွေးပြီး အားလုံးသဘောတူသည့် အနာဂတ်အုပ်ချုပ်ရေးစနစ်ကို ကူညီဖော်ထုတ်ပေးရန် ခုခံတော်လှန်ရေးလှုပ်ရှားမှု၏ အဓိကအစိတ်အပိုင်းများနှင့် သမိုင်းကြောင်းအရ လုပ်ကိုင်ခြင်းသည် နိုင်ငံတကာ ဇာတ်ဆောင်များအတွက် အသုံးဝင်မည် ဖြစ်သည်။
(အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု [USIP] ပါ Priscilla A. Clapp နှင့် ရဲမျိုးဟိန်းတို့၏ Is Myanmar’s Junta Turning a Corner? ကို ဘာသာပြန်သည်။)
You may also like these stories:
ရမ်၊ ကိုကာကိုလာနှင့် အော်တိုမက်တစ်ရိုင်ဖယ် (သို့မဟုတ်) မြန်မာ့ဂျန်ဇီ ပြောက်ကျားများ
အာဏာရှင်အသစ်၊ ကစားကွက်အဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်
NUG နှင့် EAOs ပူးပေါင်းမှု ဘယ်အထိ ခရီးရောက်ပြီလဲ
မြန်မာစစ်တပ်ကို ခွဲခြမ်းစိတ်ဖြာခြင်း အပိုင်း (၁)
မြန်မာ့နိုင်ငံရေး ဒိုင်ယာလော့နှင့် စစ်အင်အား