စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်နေသော ငါန်းဇွန်ဒေသခံ စစ်ရှောင်များကို စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ၄ ဦး သေဆုံးပြီး ၂၀ နီးပါး ဖမ်းဆီးခံထားရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ယမန်နေ့ နံနက် ၅ နာရီခန့်က မြင်းမူမြို့နယ်ရှိ ရွာသာလေး ရွာသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စီးနင်း ဝင်ရောက်လာစဉ် ပစ်ခတ်မှုများကြောင့် အဆိုပါ ရွာရှိ စစ်ရှောင်ပြည်သူများ အနက်မှ ၄ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာ ရခဲ့ခြင်းဖြစ်သည်။
မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) မှ တာဝန်ရှိသူ ကိုသိန်းငှက်က “ကျန်တဲ့ပြည်သူတွေက ရှောင်နိုင်ခဲ့ တယ်။ အဲ့ဒီ စစ်ရှောင်တွေက နယ်မြေ မကျွမ်းကျင်တော့ အသတ်ခံရတာပေါ့” ဟုပြောသည်။
သေဆုံးသူ ၄ ဦးမှာ အသက် ၃၀ ကျော် ၁ ဦးနှင့် ကျန် ၃ ဦးမှာ ၅၀ ကျော် အမျိုးသားများဖြစ်ပြီး၊ ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းများ ဝင်နေသဖြင့် ဧရာဝတီမြစ် တဖက်ကမ်းရှိ မြင်းမူမြို့နယ်ပိုင် ရွာသာလေးရွာအထိ ထွက်ပြေးလာကြသူများ ဖြစ်ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပ.က.ဖ) မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
“ငါန်းဇွန်းထဲမှာ စိုးမိုးမှုက ကောင်းကောင်း မရတော့ စစ်ရှောင်တွေက ဒီမြို့နယ်ထဲက တခြားရွာကို သွားကပ်လို့ အဆင် မပြေဘူး။ အဲဒီတော့ နယ်မြေစိုးမိုးမှု အားကောင်းတဲ့ တဖက်ကမ်းပေါ်ကို သွားခိုကြတာ” ဟု ပြောသည်။
ရွာသာလေးရွာမှာ မြင်းမူမြို့ ၅ မိုင်ခန့် အကွာတွင် ရှိပြီး၊ ၎င်းရွာကို အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်က ဝင်စီးကာ ဒေသကာကွယ်ရေးတပ်ဖွဲ့များကို ရှာဖွေခဲ့ပြီးနောက် အိမ် ၂လုံးကို မီးရှို့သွားကြောင်း မည်သည့် တပ်ရင်း၊ တပ်မဆိုသည် ကိုမူ အတည်မပြုနိုင် ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။
ငါန်းဇွန်မြို့နယ်အတွင်း ဩဂုတ်လ ၅ ရက်နေ့ကတည်းက စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက် စီးနင်းနေခြင်း ဖြစ်ပြီး ယင်းနေ့တွင်ပင် ရေလည်သောင်ရွာကို ဝင်ရောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အသက် ၆၀ အရွယ် ဒေသခံ အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း၊ နဘဲပင်ရွာသား ၈ ဦး၊ ထန်းတပင်ရွာမှ ၇ ဦးနှင့် သာကျင်းရွာမှ ၂ ဦး စုစုပေါင်း ဒေသခံ ၁၇ ဦးကို ဖမ်းဆီးထားရာ ယနေ့တိုင် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရ ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ငါန်းဇွန်မြို့နယ်တွင် စစ်ကြောင်း ၁ ကြောင်းလျှင် အင်အား ၅၀ ခန့်နှင့် စစ်ကြောင်း ၂ ကြောင်းဖြင့် ကျေးရွာများသို့ စီးနင်းနေခြင်း ဖြစ်ရာ ဒေသခံများမှာ ရက်ရှည် ထွက်ပြေးတိမ်းရှောင်နေရပြီး ရေလယ်သောင်၊ ကန်သာ၊ ယက္ခဒီပ၊ အောင်သာ၊ ကံလှ နှင့် လက်ပံလှ အစရှိသည့် ရွာ ၆ ရွာမှ ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
You may also like these stories:
မြင်းမူနယ်တိုက်ပွဲ နှစ်ဖက် အကျအဆုံးရှိ
မြင်းမူမြို့နယ်တွင် စစ်ဘေးရှောင်များကို စစ်ကောင်စီ ပစ်သတ်
စစ်ကိုင်းတိုင်းရှိ ပျူစောထီးစခန်း ၈ ခု PDF များ တိုက်ခိုက်၊ နှစ်ဖက် အသေပျောက်ရှိ