၎င်းတို့ဝန်ကြီးချုပ်လောင်းကို ပါလီမန်က ထောက်ခံမည်ဟု ဖွေ့ထိုင်းပါတီက ယုံကြည်ကြောင်း ပါတီသတင်းရင်းမြစ်တခုက ပြောသည်။
သို့သော် ထိုသို့မဲမခွဲမီ မမျှော်လင့်သည့် အလှည့်အပြောင်းများဖြစ်ပြီး ဖလန် ပရာချာရက်ပါတီ ခေါင်းဆောင် ဝန်ကြီးချုပ်လောင်း ပရာဝတ် ဝေါင်ဆူဝန်သည် ဖွေ့ထိုင်းပါတီမှ ဗွေဖောက်သူများ ထောက်ခံမှုဖြင့် ဝန်ကြီးချုပ် ဖြစ်လာနိုင်ကြောင်း ထိုသတင်းရင်းမြစ်က ပြောသည်။
ပါလီမန်ဥက္ကဋ္ဌ မစ္စတာ ဝန် မူဟာမက် နူရ် မာထာက နောက်တကြိမ် ဝန်ကြီးချုပ်လောင်း ရွေးချယ်မည့်ရက်စွဲကို ကြေညာသည့်စာတစောင် ထုတ်ပြန်မည်၊ မထုတ်ပြန်မည်ကို အားလုံးက စောင့်ကြည့်နေကြောင်း ထိုသတင်းရင်းမြစ်က ပြောသည်။ ဝန်ကြီးချုပ်လောင်း ရွေးမည့်နေကို သုံးရက် ကြိုတင်ထုတ်ပြန်ရမည် ဖြစ်သည်။
ဖွေ့ထိုင်းပါတီမှ စေ့စပ်ညှိနှိုင်းသည့် အဖွဲ့တဖွဲ့သည် ၎င်းတို့ဝန်ကြီးချုပ်လောင်း ဆက်ထာ ထာဗင်ဆင်အတွက် အခြားပါတီများမှ လုံလောက်သော ထောက်ခံမှု ရရှိထားကြောင်း အထက်ပါ သတင်းရင်းမြစ်ကပင် ပြောသည်။
ဖွေ့ထိုင်းသည် Move Forward ပါတီကို ကျောခိုင်းခဲ့သောကြောင့် အထက်လွှတ်တော် အမတ်များကလည်း သူ့ကို ထောက်ခံနိုင်သည်ဟု ၎င်းကပြောသည်။ ဘုရင်စနစ်ကို ကာကွယ်သည့် ရာဇဝတ်မှုဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်မည့် Move Forward ပါတီ၏ မူဝါဒကို အထက်လွှတ်တော်အမတ်များက ဆန့်ကျင်သည်။
ပရာဝတ် ဝန်ကြီးချုပ်ဖြစ်မည်လား
သို့သော် အထက်လွှတ်တော် အမတ်များက ဆက်ထာကို ထောက်ခံရန် ဆက်လက် ငြင်းဆန်နေပါက ဗိုလ်ချုပ်ကြီး ပရာဝတ် ဝန်ကြီးချုပ်ဖြစ်ရေးအတွက် ဖွေ့ထိုင်းပါတီကို လှည့်ဖျားအသုံးချ ခံရနိုင်ကြောင်း ထိုသတင်းရင်းမြစ်က ပြောသည်။
ထိုသို့သောအခြေအနေမှ ဘုမ်ဂျန်ထိုင်း ပါတီခေါင်းဆောင် အနုတင် ချန်ဗီရာကူးလ် သို့မဟုတ် ဗိုလ်ချုပ်ကြီး ပရာဝတ် အမြတ်ထွက်နိုင်သည်။
ဖွေ့ထိုင်းပါတီမှ အခြားဝန်ကြီးချုပ်လောင်း နှစ်ဦးမှာ ပေတောင်တန် ရှင်နာဝပ်နှင့် ချိုင်ကဆန် နီတီဆရီတို့ ဖြစ်သည်။
“ဖွေ့ထိုင်းက ဗိုလ်ချုပ်ကြီး ပရာဝတ် ဝန်ကြီးချုပ်ဖြစ်ရေး လှေခါးထစ်ဖြစ်ဖို့ ဆုံးဖြတ်ရင် ဖွေထိုင်းပါတီ ကျဆုံးမယ်” ဟု သတင်းရင်းမြစ်က ပြောသည်။
“ပေးဆပ်ရမယ့် အရင်းအနှီး ကြီးမားလို့ ဖွေ့ထိုင်းအမှုဆောင်တွေ အသိဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်ချရမယ်။ မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်က “အန်ကယ်ကြီးများ ပါတီများ” လို့ခေါ်တဲ့ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုမှာ ပါဝင်ပတ်သက်တဲ့ ပါတီတွေနဲ့ လက်မတွဲဘူးလို့ ကျနော်တို့ ကတိပြုခဲ့တယ်” ဟု ထိုသတင်းရင်းမြစ်က ပြောသည်။
ထို “အန်ကယ်ကြီးများ” ဆိုသည်မှာ ယူနိုက်တက် ထိုင်းနေးရှင်းပါတီ အကြံပေးအရာရှိချုပ်ဟောင်းနှင့် ဝန်ကြီးချုပ်လောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် ဗိုလ်ချုပ်ကြီး ပရာဝတ်ကို ရည်ညွန်းသည်။
ဖွေ့ထိုင်းပါတီသည် ထူးခြားသော နိုင်ငံရေးအခြေအနေကို အကြောင်းပြကာ ဆန့်ကျင်ဘက်အစွန်းမှ ပါတီများနှင့် အားပြိုင်မှုကို ညီညွတ်ရေးအတွက် အဆုံးသတ်ရန် အစောပိုင်းက ဆုံးဖြတ်ခဲ့ကြောင်း ထိုသတင်းရင်းမြစ်က ပြောသည်။
သို့သော် ထိုဆုံးဖြတ်ကို မဲဆန္ဒရှင်များ သဘောတူ၊ မတူဆုံးဖြတ်နိုင်ရန် မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီက ထုတ်ပြန်ကြေညာသင့်ကြောင်း ၎င်းကပြောသည်။
“ဒီပြဿနာကို အခုပြောရမယ်ဆိုရင် အစိုးရဖွဲ့နိုင်ဖို့လိုတာ အကုန်လုပ်ဖို့ ဆင်ခြေပေးတာပဲ” ဟုလည်း ပြောသည်။
ဖလန် ပရာချာရက်ပါတီက တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ထိုပါတီမှ ပါလီမန်ကိုယ်စားလှယ် ၄၀ သည် ဖွေ့ထိုင်းဝန်ကြီးချုပ်လောင်းကို ထောက်ခံမဲပေးရန် ကတိပြုထားကြောင်း ထိုသတင်းရင်းမြစ်က ပြောသည်။
သို့သော် ရှပ်နီထောက်ခံသူများသည် ဗိုလ်ချုပ်ကြီး ပရာဝတ်က ဖလန် ပရာချာရက်ပါတီ ခေါင်းဆောင်ဖြစ်နေသမျှ ထိုပါတီနှင့် လက်တွဲခြင်းကို သဘောတူမည် မဟုတ်ကြောင်း ထိုသတင်းရင်းမြစ်က ပြောသည်။
အစိုးရသစ်တွင် ဗိုလ်ချုပ်ကြီး ပရာဝတ် ခေါင်းဆောင်ဖြစ်ရန် ပါလီမန်တွင် မဲအများစုရရေး တခုတည်းသော နည်းလမ်းမှာ ဖွေ့ထိုင်းမှ သစ္စာဖောက်များကို လှည့်စားရေးဖြစ်သည်ဟု ထိုသတင်းရင်းမြစ်က ပြောသည်။
“နောက်တခါမဲခွဲလို့ ဆက်ထာ ဝန်ကြီးချုပ်ဖြစ်ရေး ကြိုးစားမှု မအောင်မြင်ရင် ဖွေ့ထိုင်းက အစိုးရဖွဲ့လို့ မရဘူး။ အဲဒီအခါ ပြင်ပက ဝန်ကြီးချုပ်လောင်း အမည်စာရင်းသွင်းဖို့ လမ်းပွင့်သွားလိမ့်မယ်” ဟုလည်း ထိုသတင်းရင်းမြစ်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်းပြီး ပါတီဝန်ကြီးချုပ်လောင်းများ စာရင်းမှ ဝန်ကြီးချုပ်လောင်း မရွေးနိုင်ပါက ပုဒ်မ ၂၇၂ သည် အခြားလမ်းကြောင်းတခု သုံးခွင့်ပေးသည်။
ထိုသို့သော အခြေအနေတွင် လွှတ်တော်ကိုယ်စားလှယ် ၇၅၀ သည် ပါတီစာရင်းမှ ဝန်ကြီးချုပ်လောင်း ရွေးချယ်သည့် စည်းမျဉ်းကို ဆိုင်းငံ့ရန် အဆိုတင်သွင်းနိုင်ပြီး ပြင်ပလူကို ရွေးချယ်ရန် လမ်းဖွင့်ပေးသည်။
ရှေးရိုးစဉ်လာသမားများနှင့် လူသစ်များ အားပြိုင်မှု
လာမည့် ဝန်ကြီးချုပ်လောင်းရွေးပွဲတွင် ဖွေ့ထိုင်းဝန်ကြီးချုပ်လောင်း ဆက်ထာသည် အထက်လွှတ်တော် အမတ်များထံမှ ထောက်ခံမှု ရမည်မဟုတ်ဟု ယုံကြည်ကြောင်း ရမ်ခမ်ဟိန်း တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း နိုင်ငံရေးသုတေသီ ဆူခွမ် နုအန်ဆာကူက ပြောသည်။
“အထက်လွှတ်တော် အမတ်တွေက အာဏာရ လက်ဟောင်းအုပ်စုနဲ့ အရမ်းနီးစပ်တော့ သူ့ရဲ့ ဝန်ကြီးချုပ်ဖြစ်ရေး အားထုတ်မှု အောင်မြင်မယ်လို့ ကျနော်မထင်ဘူး။ သူတို့ သူ့ကို မဲပေးမှာ မဟုတ်ဘူး” ဟု သူက ပြောသည်။
“သူတို့ရဲ့ တကယ့် ရည်မှန်းချက်က ဗိုလ်ချုပ်ကြီး ပရာဝတ် ဝန်ကြီးချုပ်ဖြစ်စေဖို့ပဲ။ အဲဒီလိုဖြစ်လာရင် လမ်းမပေါ် ဆန္ဒပြပွဲတွေ ဖြစ်လာမယ်လို့ မျှော်လင့်ရတယ်၊ အာဏာလက်ဟောင်းအုပ်စုက ဗိုလ်ချုပ်ကြီး ပရာဝတ်ကို ဝန်ကြီးချုပ် ဖြစ်စေချင်ကြတယ်။ သူတို့က နိုင်ငံရေးစနစ်ဟောင်းကို ထိန်းသိမ်းလိုပြီး ဘာအပြောင်းအလဲမှ မလိုချင်ဘူး” ဟု သူပြောသည်။
“သူတို့ရဲ့ ရည်ရွယ်ချက်ကို ဖွေ့ထိုင်းက သိပေမယ့် အစိုးရဖွဲ့ဖို့ကိစ္စမှာ အာဏာလက်ဟောင်းသမားတွေ လက်က ကစားနေတုန်းပဲ” ဟုလည်း သူကပြောသည်။
ဖွေ့ထိုင်းခေါင်းဆောင်သော အစိုးရတွင် “အန်ကယ်ကြီးများ ပါတီများ” ပါဝင်နေပါက ဖွေ့ထိုင်းကို အယုံအကြည် ကင်းမဲ့သွားမည် ဖြစ်သည်ဟုလည်း ပြောသည်။
“လက်ရှိအခြေအနေက အပြောင်းအလဲ မလုပ်ချင်တဲ့ တည်ဆဲ အာဏာအသိုက်အဝန်းနဲ့ အပြောင်းအလဲ တောင်းဆိုတဲ့ မျိုးဆက်သစ်အကြား တိုက်ပွဲဖြစ်တယ်” ဟုလည်း ၎င်းကပြောသည်။
ဖွေ့ထိုင်းအနေဖြင့် Move Forward နှင့် ပြန်လည် လက်တွဲရန် ဖြစ်နိုင်သလားဟု မေးသောအခါ ဆူခွမ်က ထိုအချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက Move Forward ပါတီခေါင်းဆောင် ဖိထာ လင်မ်ဂျာရွန်ရတ်ကို ထပ်မံ အမည်စာရင်းတင်သွင်းခြင်းကို ကန့်ကွက်ခြင်း သို့မဟုတ် မကန့်ကွက်ခြင်း ဆိုသည့် အချက်ပေါ် မူတည်ကြောင်း ပြောသည်။
မစ္စတာ ဖိထာကို ထပ်မံအမည်စာရင်း တင်သွင်းခြင်းအား ပါလီမန်က ကန့်ကွက်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ၊ မညီ ဆုံးဖြတ်ရန် တောင်းဆိုမှုကို လက်ခံ၊ မခံ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်ရန် စီစဉ်ထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက မစ္စတာ ဖိထာဘက်မှ ဆုံးဖြတ်ပေးပါက ဖိထာသည် ထပ်မံအမည်စာရင်း တင်သွင်းခွင့်ရမည် ဖြစ်သည်။
ညွန့်ပေါင်းအဖွဲ့တွင် ဖလန် ပရာချာရက်နှင့် ယူနိုက်တက် ထိုင်းနေးရှင်းပါတီတို့ကို ပါဝင်ခွင့်ပေးသောကြောင့် အာဏာရှင်ဆန့်ကျင်ရေး ညီညွတ်ရေးတပ်ဦး ရှပ်နီ ဥက္ကဋ္ဌဟောင်း ဂျတူပွန် ပရွမ်ပန်က ဖွေထိုင်းပါတီကို ဝေဖန်သည်။ “ဒီလိုလုပ်ရပ်တွေက အစိုးရသစ်ဖွဲ့စည်းရေးမှာ ဘယ်ဟာ မှန်တယ်၊ ဘယ်ဟာ မှားတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ရှုပ်ထွေးမှု ဖြစ်စေတယ်” ဟု ၎င်းကပြောသည်။
ရွေးကောက်ပွဲ မဲဆွယ်စဉ်က ဖွေ့ထိုင်းပါတီခေါင်းဆောင် ချိုလ်နန် ဆရီကော၊ ပေတောင်တန်နှင့် ဆက်ထာတို့က ၎င်းတို့ပါတီသည် “အန်ကယ်ကြီးများ ပါတီများ” နှင့် ပူးပေါင်းမည် မဟုတ်ကြောင်း ပြောခဲ့သည်ဟု ဂျတူပွန်က ပြောသည်။
“ဒေါက်တာ ချိုလ်နန်က ဖွေထိုင်းနဲ့ အဲဒီပါတီတွေ ပူးပေါင်းရင် ပါတီခေါင်းဆောင်အဖြစ်က သူနုတ်ထွက်မယ်လို့ ပြောခဲ့တယ်။ သူပဲ ပြည်သူတွေကို ရှင်းပြလိမ့်မယ်” ဟု ၎င်းကပြောသည်။
ကိုးကား ။ ။ Bangkok Post သတင်း PM candidate faces vote uncertainty
You may also like these stories:
အိမ်ခြံမြေလုပ်ငန်းရှင် ဆက်ထာ သာဗီဆင် ထိုင်းဝန်ကြီးချုပ်ဖြစ်လာမည်လား
ဝန်ကြီးချုပ် မဲရရန် ဖွေ့ထိုင်းက Move Forward နှင့် လမ်းခွဲ
ထိုင်းနိုင်ငံရေးလွန်ဆွဲပွဲတွင် ဘုရင်စနစ် ရှေ့ဆုံးရောက်လာ
ဖိထာ ရှုံးလည်း အပြောင်းအလဲကို ထိုင်း ရှောင်လွှဲမရ