အာဏာသိမ်းစစ်ကောင်စီတပ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို ပြန်ရရန် စစ်ဆင်ရေးအရှိန်မြှင့်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြဝတီဒေသခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။
လက်ခတ်တောင်ကို KNU တပ်မဟာ-၆ လက်အောက်ခံ ကော်ဘရာစစ်ကြောင်း ဦးဆောင်သည့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဇူလိုင် ၂၁ ရက်မှစတင်၍ စစ်ကောင်စီတပ်ဘက်က စစ်ဆင်ရေး ပြုလုပ်နေခြင်းဖြစ်ကာ ဩဂုတ် ၁၅ ရက်တွင် ပိုမိုအရှိန်မြင့်လာကြောင်း မြဝတီမြို့ဒေသခံအချို့က ဆိုသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် မြဝတီမြို့ဒေသခံတဦးက “မနက် ၄ နာရီလောက်မှာစဖြစ်တာ။ ၁၀ နာရီလောက်ကျ တော့ လေယာဉ်ပျံအသံ စကြားရတာပဲ။ ဗုံးက အိမ်ကသွပ်တွေတောင်တုန်တယ်။ တချို့လူတွေဆို ပြေးဖို့လွှားဖို့ ပြင်ကြတာ ရှိတယ်။ ဖြစ်နေတာက တလနီးပါးလောက်ရှိပြီ။ ဒီနေ့ ထူးခြားတာက မနက် ၄ နာရီလောက်ကတည်းက အုန်း၊ ဂျိန်းဆိုတဲ့ အသံတွေကမနည်းဘူး။ အလုံးပေါင်း လေးငါးရာလောက် ရှိမယ်ထင်တယ်။ လေယာဉ်နဲ့ဗုံးကြဲလို့ ပေါက်ကွဲတဲ့အသံက လက်နက်ကြီးကျတဲ့အသံထက်ပိုကျယ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ခတ်တောင်ကိုပြန်ရရန် တိုက်ခိုက်နေသည့် စစ်ဆင်ရေးတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၄၄) ခြေမြန်တပ်မ ဌာနချုပ် လက်အောက်ခံတပ်များကို အသုံးပြုထားကြောင်း သိရသော်လည်း တိုက်ခိုက်ရေး အင်အားကိုတော့ မသိရသေးပေ။
စစ်ကောင်စီတပ်၏ထိုးစစ်ကို ခုခံနေသည့် ကော်ဘရာစစ်ကြောင်းကမူ တိုက်ပွဲသည် ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်ကတည်း က ပြင်းထန်နေခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် ရှိသမျှအင်အားနှင့် အကောင်ဆုံး ကြိုးစားတိုက်ပွဲဝင်နေကြောင်း သတင်းထုတ် ပြန်ထားသည်။
ကော်ဘရာစစ်ကြောင်းက “လက်နက်ကြီး၊ တင့်ကား၊ ဟောင်ဝစ်ဇာ၊ တိုက်လေယာဉ်ပါမကျန် ရှိသမျှအား အကုန်ထုတ်ပြီး သုံးနေတာ ဖြစ်ပါတယ်။ မြဝတီ-မဲဆောက်အနီးနားမှာ တအုန်းအုန်းနဲ့ ကြားနေကြမှာဖြစ်ပါတယ်။ ပြည်သူများရဲ့ ဆုတောင်း မေတ္တာပို့သမှုများလည်း လိုအပ်လျက်ရှိပါတယ်” ဟု ဆိုထားသည်။
KNU ဗဟိုကလည်း လက်ခတ်တောင်ကုန်းစခန်း သိမ်းပိုက်ရရှိပြီးနောက် သြဂုတ် ၁၃ ရက်ထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ပေါင်း ၁၀ ကြိမ်နှင့် အထက်ရှိပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၂ ဦး အပါအဝင် ၁၇ ဦး သေဆုံးကာ ၃၄ ဦး ဒဏ်ရာရခဲ့ ကြောင်း ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘော၏ သတင်းပေးပို့ချက်ကိုအခြေခံကာ သတင်းထုတ်ပြန်ထားသည်။
နှစ်ဖက်ထိတွေ့ပစ်ခတ်မှုအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့မှ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရကာ အရပ်သား ၁ ဦးလည်း နှစ်ဖက်ပစ်ခတ်မှုအတွင်း သေဆုံးရကြောင်း၊ တိုက်ပွဲအတွင်း လက်ခတ်တောင် ပေါ်ရှိ ဘုရားပုထိုးနှင့် သာသနိကအဆောက်အအုံ ၅ လုံးလည်း ပျက်စီးသွားပြီဖြစ်ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။
နှစ်ဖက်ထိခိုက်သေဆုံးမှုများကို ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။ လတ်တလော တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးထံ ဧရာဝတီက မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားမှု မရှိသေးပေ။
မြေပြင်တွင်တိုက်ခိုက်နေသည့် ကရင်ပူးပေါင်းတပ်နှင့်နီးစပ်သူအချို့ကမူ စစ်ကောင်စီတပ်၏တိုက်ခိုက်မှုကြောင့် ယနေ့ နံနက်ပိုင်းတွင် ပူးပေါင်းတပ်များဘက်မှ တပ်ဖွဲ့ဝင် အနည်းဆုံး ၂ ဦး သေဆုံးထားကြောင်း ပြောဆိုသလို KNU အဆင့်မြင့် အရာရှိတဦးကလည်း တိုက်ပွဲတွင် နှစ်ဖက်စလုံး ထိခိုက်သေဆုံးမှုများရှိကြောင်း ဆိုသည်။
၎င်းက “တပ်ဘက်က အောက်ကနေအပေါ်တက်တာဆိုတော့ အသေအပျောက်အထိအခိုက်များတာပေါ့။ ကျနော်တို့ဘက် မှာလည်း အထိအခိုက်ကတော့ ရှိပါတယ်။ နှစ်ဖက်စလုံးမှာတော့ အထိအခိုက်ရှိတယ်ပေါ့။ ဒီနေ့တော့ လေယာဉ်က ၃ ခါ ဗုံးလာကြဲတယ်။ အသံကတော့ တော်တော်ကျယ်ကျယ်ကြီးကို ကြားရတာပေါ့” ဟု ပြောသည်။
၎င်းက ဆက်၍ စစ်ကောင်စီတပ်သည် စစ်ရေးအရရှုံးနိမ့်နေသည့် ၎င်းတို့၏ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်နိုင် ရန်အတွက် လက်ခတ်တောင်ကို ထိုးစစ်ဆင်နေခြင်း ဖြစ်နိုင်ကြောင်းလည်း ဆိုသည်။
စစ်ရေးလေ့လာသည့် သုတေသီတဦးကလည်း လက်ခတ်တောင်သည် စစ်ရေးအရအရေးပါပြီး ထိုနေရာမှနေ၍ စစ်ကောင်စီတပ်စခန်းများကို အပေါ်စီးမှ ခြိမ်းခြောက်နိုင်သည့် အနေအထားရှိသဖြင့် ယခုကဲ့သို့ ထိုးစစ်ဆင်နေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။
၎င်းက “မြေပုံကိုကြည့်လိုက်ရင် ရှင်းပါတယ်။ ကော့ကရိတ်ဘက်ကလာတဲ့ မြဝတီကားလမ်းပေါ့။ သင်္ဃန်းညီနောင်နဲ့ မြဝတီ ကားလမ်းရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ စိုးမိုးတောင်ကုန်းဖြစ်တယ်။ မြဝတီမြို့ပေါ်ရော၊ သင်္ဃန်းညီနောင်ကားလမ်းကိုရော စိုးမိုးထားနိုင်တာပေါ့။ သူ့ရဲ့အရှေ့ဘက်မှာဆိုရင် လေးကေကော်တို့ဘာတို့ကို စိုးမိုးထားတဲ့တောင်ကုန်းဖြစ်တာပေါ့။ သင်္ဃန်းညီနောင်၊ မြဝတီ၊ လေးကေကော်ကို စိုးမိုးထားတဲ့တောင်ကုန်းဖြစ်တဲ့အတွက် တိုက်နေတာပေါ့” ဟု ပြောသည်။
စစ်ရေးလေ့လာသည့် သုတေသီတဦးက စစ်ကောင်စီအနေဖြင့် တောင်ကုန်းကိုပြန်ရရေး လက်နက်ကြီးနှင့် လေကြောင်း ပစ်ကူသုံးနေသော်လည်း အဆိုပါပစ်ခတ်မှုများသည် ကရင်ပူးပေါင်းတပ်များ၏ ဘန်ကာနှင့်ကတုတ်ကျင်းအပေါ် တိုက်ရိုက် ထိမှန်မှုမရှိပါက ထိရောက်မည်မဟုတ်ကြောင်း ဆိုသည်။
၎င်းက “ကတုတ်ကျင်းတို့ဘန်ကာတို့ကို ဖြိုနိုင်ဖို့ဆိုရင်တည့်တည့်ထိမှ အခုကတည့်တည့်လည်း မထိနိုင်ဘူးဆိုရင် ဘာမှ မဖြစ်ဘူး။ သတင်းအရပြောမယ်ဆိုရင် လက်ခတ်တောင်ထိပ်တင်မဟုတ်ဘူး။ တောင်ခြေကိုမကျော်နိုင်ဘူးလို့ ပြောနေကြ တာတွေရှိတယ်။ လက်ခတ်တောင်ခြေတဝိုက်မှာ တပ်ဖြန့်ပြီးတော့ ခြေလျင်တက်လာတဲ့တပ်တွေကို တိုက်နေတာဖြစ်နိုင် တယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက စစ်ကောင်စီတပ်အနေဖြင့် လက်ခတ်တောင်ကိုပြန်ရရန် တပ်မ ၄၄ တခုတည်းဖြင့် တိုက်၍မလွယ် သလို တိုက်ပွဲ ယခုထက်ပိုမိုကြာရှည်လာပါက ကရင်ပူးပေါင်းတပ်များအတွက်လည်း ခဲယမ်းမီးကျောက် ပိုမိုလိုအပ်လာမည် ဖြစ်ကြောင်း မှတ်ချက်ပြုသည်။
ကရင်ပူးပေါင်းတပ်များဘက်၌ တပ်မဟာ-၆ KNU/KNLA၊ ကော်ဘရာစစ်ကြောင်း (၁)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ ရောင်နီ စသည့်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။
You may also like these stories:
မြဝတီ မဲကနယ်တွင် တိုက်ပွဲ ပြင်းထန်နေ
ကရင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်ဖြစ်လာ
မြဝတီ-ဝေါလေလမ်းပိုင်း စစ်ကောင်စီ ထိန်းချုပ်နိုင်ပြီလား
သေ့ဘောဘိုးစခန်း ပြန်ရရေး စစ်ကောင်စီ ထိုးစစ်ဆင်