အမေရိကန်ဒေါ်လာနှင့် ရွှေဈေး တဟုန်ထိုးတက်လာရာ ယနေ့ အမေရိကန် ၁ ဒေါ်လာပေါက်ဈေး ၃၈၆၀ကျပ်၊ ရွှေဈေးမှာ ၁ကျပ်သား ၃၈သိန်း ၂ သောင်းဖြင့် အရောင်းအဝယ်ဖွင့်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ဒေါ်လာငွေကြေး လဲလှယ်ရေး လုပ်ကိုင်သူ တဦးက “တရုတ်က သမဝါယမ အကြွေးပြန်တောင်းတာကနေစပြီး အရှိန်ယူလိုက်တာ မြဝတီကုန်သွယ်ရေးကိစ္စနဲ့ ရောမွှေတာအပြင် စီးပွားရေးသမားကလည်း ဈေးဖွင့်လို့ အဝယ်လိုက်ရင် ဈေးထပ်တင်ခေါ်ပြီး ကစားကြသလို နိုင်ငံတကာငွေဈေး၊ ဘတ်ဈေး၊ စင်ကာပူဈေး၊ ရွှေဈေး ဒါတွေနဲ့ ချိန်ဆပြီး တွက်လိုက် တော့၊ ဒီလိုတွေဖြစ်ကုန်တာပေါ့” ဟုဆိုသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၁ ရက်နေ့က အမေရိကန် ၁ ဒေါ်လာ မှာ ၃၅၀၀ ကျပ်ရှိရာမှ ယခုအခါ ၁ဒေါ်လာ ၃၈၆၀ကျပ်အထိ ခုန်တက်လာခြင်းဖြစ်ပြီး ရွှေဈေးမှာလည်း ပြည်တွင်းအကယ်ဒမီ အခေါက်ရွှေ ၁ကျပ်သားမှာ ကျပ် ၃၇သိန်းမှ ယနေ့ ကျပ် ၃၈သိန်း ၂သောင်းအထိ ဖြစ်လာသည်။
ဆက်လက်၍ ၎င်းက “မနေ့ကဆို ၃၇၆၀ ကျပ်လောက်နဲ့ကို ဖြစ်တာမှ အစည်းလိုက် (အမေရိကန်ဒေါ်လာ ၁သောင်းထုပ်) ကိုတောင် ကိုယ့်စိတ်ကြိုက်ဝယ်လို့ မရဘူး ဖြစ်နေတယ်။ ဥပမာ ၂ စည်း၊ ၃ စည်း ၊ ၄၊ ၅၊ ၆ စည်းဆိုရင် လူတိုင်း လိုက် မမေးရဲဘူး။ ကိုယ်မေးလိုက်လို့ အသံဖြန့်သွားရင် ဈေးကွာသွားရော။ လောလောဆယ် မူဝါဒ မချိန်းသေးရင်တော့ တက်နေ မှာပဲ၊ ဘတ်ဈေး၊ ကမ္ဘာ့ရွှေ၊ ဒေါ်လာငြိမ်တယ်ဆိုရင်တောင် ဒီမှာ အဝယ်လိုက်ရင် ဈေးက တက်သွားနိုင် တယ်”ဟု ဆိုသည်။
ပြည်တွင်ရွှေဈေးကွက်တွင်မူ ရွှေအတုံး ရောင်းဝယ်မှုမှာ မှောင်ခိုဝယ်ရောင်းဖြစ်နေပြီး လက်ဝတ်ရတနာ ဈေးကွက်၌ ၁၅ ပဲရည် ရွှေမှာ လက်ရှိ ပေါက်ဈေး၁ ကျပ်သား ကျပ် ၃၅ သိန်း ဝန်းကျင်ရှိသော်လည်း ဆိုင်များတွင် ကျပ်သိန်း ၃၀ နှင့် ဈေးဖွင့်ကာ ကျန် ကျပ် ၅ သိန်းကို အလျော့တွက်၊ လက်ခနှုန်းဖြင့် အတိုးအလျော့ လုပ်၍ အရောင်းအဝယ် ပြုလုပ်နေ ရကြောင်း ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “အတုံးအရောင်းအဝယ်ကတော့မှောင်ခို ဖြစ်နေတာကြာပါပြီ။ အဖမ်းအဆီးတွေကလည်း တအားကြမ်းတော့လေ။ ဝယ်ရလည်းခက် ရောင်းရလည်းခက်။ ရွှေဆိုင်တွေကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် လက်ဝတ်ရတနာက ကျပ်သိန်း ၃၀ ကျော်ရင် ဖမ်းမယ်ပြုမယ် ပြောထားဖူးတော့ စိုးတော့ စိုးရိမ်နေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီကမူ ရွှေနှင့် ငွေကြေး မြင့်တက်နေမှုနဲ့ပတ်သက်၍ ဖမ်းဆီးခြင်းများ ရှိနေပြီး သြဂုတ်လ ၁၄ရက်က ရွှေနှင့် ဒေါ်လာငွေကြေး လုပ်ကိုင်သူ လုပ်ငန်းရှင် ၂ ဦးကို ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရမည်စိုးသဖြင့် အရောင်း၊ အဝယ်ကို ထိန်း၍ သတိထား လုပ်ဆောင်နေရကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ယနေ့ထိုင်းဘတ်ငွေပေါက်ဈေးမှာ ကျပ် ၁သိန်းလျှင် ထိုင်းဘတ် ၉၇၀၀န်းကျင် ဈေးပေါက်ကြောင်းသိရသည်။
You may also like these stories:
ဘဏ်နှစ်ခု ဒဏ်ခတ်ခံရမည့်သတင်းကြောင့် ဒေါ်လာဈေး ၃၀၀၀ ကျော်ထိ မြင့်တက်
နှိပ်ကွပ်နေသည့် ကြားမှပင် ဒေါ်လာနှင့် ရွှေဈေး ထပ်တက်လာပြန်
ငွေကြေး မတည်ငြိမ်စေရန် လုပ်ဆောင်သူများ အရေးယူမည်ဟု ဗဟိုဘဏ် ထုတ်ပြန်
တဒေါ်လာ ၃၀၀၀ ဖြစ်လာရခြင်း နောက်ကွယ်