စစ်တပ် အားပေးထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များမှ နေရပ်လိပ်စာ၊ ဓာတ်ပုံများနှင့်တကွတင်ကာ ဖမ်းဆီးရန် လှုံ့ဆော်မှုများကြောင့် မန္တလေးမြို့တွင် သြဂုတ် ၉ ရက်မှ ၁၅ ရက်အထိ ဖမ်းဆီးခံရသူ ၁၆ ဦးထိ ရှိလာကြောင်း သိရ သည်။
ဖမ်းဆီးခံရသူများထဲတွင် CDM ဆရာဝန်၊ CDM ကျောင်းဆရာ၊ ပရဟိတအဖွဲ့ခေါင်းဆောင်၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကွမ်းယာရောင်းချသူများအထိ ပါဝင်သည်။
ဖမ်းဆီးခံရမှုများမှာ သြဂုတ် ၁၅ ရက်က ချမ်းအေးသာစံမြို့နယ်ရှိ ပီတိစတိုးဆိုင်ပိုင်ရှင် ကိုဇင်မင်းအောင်(ခ) ပေါက်စီ သည် လူမှုကွန်ရက်တွင် ၂၀၂၁၊ ၂၀၂၂ ခုနှစ်က တင်ခဲ့သောပို့စ်များဖြင့် မဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေ သည် ဟူသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခဲ့ကြသလို ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အရှေ့ ရပ်ကွက်၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၈၂ လမ်းပေါ်တွင် နေထိုင်သော CDM ဆရာဝန်အမျိုးသမီး ၁ ဦးကိုလည်း ဖမ်း ဆီးခဲ့ကြကြောင်း သိရသည်။
သြဂုတ် ၁၄ ရက်တွင်လည်း မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အရှေ့ရပ်ကွက်နေ လူငယ်တဦးကို PDF သင်တန်း ဆင်းဟုဆိုကာ ဖမ်းဆီးခဲ့ပြီး ချမ်းအေးသာစံမြို့နယ်၂၈ လမ်းနှင့်၂၉ လမ်းကြား၊ ၈၉ လမ်းပေါ်ရှိ အနောက်ထီးလင်း တိုက် သမ္မာဝတီကျောင်းတွင် ခိုလှုံနေသော CDM ကျောင်းဆရာ ကိုနန်းဇေယျာဦးကို Tiktok တွင် စစ်အာဏာသိမ်း မှုနှင့် အာဏာသိမ်း စစ်ခေါင်းဆောင်အား ဝေဖန်ဆဲဆိုသည်ဟူသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခဲ့ကြသည်။
ထို့ပြင် သြဂုတ် ၁၃ ရက်က ချမ်းမြသာစည်မြို့နယ်ရှိ ပန်းသတင်းကွမ်းယာဆိုင်မှ အမျိုးသမီးသည် ကွမ်းဈေးနှုန်းများ အဆ မတန်မြင့်တက်မှုနှင့် ပတ်သက်၍ စစ်ခေါင်းဆောင်နှင့်စစ်အာဏာရှင်စနစ်အား ဝေဖန်ပြောဆိုသည့် Tiktok တင်ခဲ့ သဖြင့် စစ်ခေါင်းဆောင်ကို ဆဲဆိုသည်ဟုဆိုကာ ဖမ်းဆီးခိုင်းခဲ့ပြီးနောက် နေ့လယ်ပိုင်း၌ အဖမ်းခံခဲ့ရသည်။
အလားတူ သြဂုတ် ၁၃ ရက် နေ့လယ်၂ နာရီခွဲခန့်အချိန်တွင် ချမ်းအေးသာစံမြို့နယ်ရှိ အောင်မြန်မာ စာရေးကိရိယာ ဆိုင်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းမွှေနှောက်ရှာဖွေခြင်းများ ပြုလုပ်ပြီးနောက် ဆိုင်ပိုင်ရှင် ဒေါ်မြင့် မြင့်သန်းနှင့် သမီး၂ ဦး၊ ဆွေမျိုးတဦး အမျိုးသမီး ၄ ဦးကို ဖမ်းဆီးပြီး ဆိုင်နှင့်နေအိမ်အား ချိပ်ပိတ်ခဲ့ကြသည်။
အောင်မြန်မာစာရေးကိရိယာဆိုင်ပိုင်ရှင်ဒေါ်မြင့်မြင့်သန်းသည် သတင်းတပုဒ်အောက်၌ မှတ်ချက်ရေးခြင်း စစ်အာဏာ ရှင် ဆန့်ကျင်ရေးပို့စ်များ Share ခြင်း၊ ရေးသားခြင်းများ ပြုလုပ်နေသည်ဟုဆိုကာ ဟန်ငြိမ်းဦးတယ်လီဂရမ်ချန်နယ်က ဖြန့်ဝေရေးသားခဲ့ပြီး နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခဲ့ကြခြင်း ဖြစ်သည်။
မန္တလေးမြို့ခံတဦးက “သတင်းဌာနတခုကတင်တဲ့ သတင်းတပုဒ်မှာ Comment ဝင်ရေးမိတာနဲ့ပဲ အခုလို အဖမ်းခံ လိုက်ရတာဆိုတော့ နိုင်ငံသားတယောက်ရဲ့ လွတ်လပ်ခွင့်ဆိုတာတွေ ဘယ်ရောက်ကုန်ပြီလဲလို့ မေးခွန်းထုတ်ရမလို ဖြစ်နေပြီ” ဟု ပြောသည်။
ထို့အတူ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ ဒေါနခြံရပ်နေ ရှာရှာရီဆိုသူကိုလည်း Tiktok တွင် စစ်အာဏာသိမ်းမှုနှင့် စစ်ခေါင်းဆောင်အား ဝေဖန်ဆဲဆိုသည်ဟုဆိုကာ ဖမ်းရန်လှုံ့ဆော်ပြီးနောက် သြဂုတ် ၁၂ ရက် တွင် ဖမ်းဆီးခဲ့သည်။
ထို့ပြင် သြဂုတ် ၉၊ ၁၀ ရက် နေ့လယ်ပိုင်းများတွင် အောင်မြေသာစံမြို့နယ် ၁၉ လမ်းပေါ်ရှိ လက်ဖက်ရည်ဆိုင်တခုနှင့် ချမ်းမြသာစည်မြို့နယ်၊ ၄၉ လမ်းနှင့် လမ်း၅၀ ကြား၊ ၁၂၀ လမ်းပေါ်ရှိ ဘီယာဆိုင်တို့ကို ယူနီဖောင်းအပြည့်အစုံ ဝတ် ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းပြီး ဆိုင်ထိုင်နေသူ အမျိုးသား ၆ ဦး အား ခေါင်းစွပ်ကာ ရိုက်နှက်ကန်ကြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြသည်။
မန္တလေးမြို့ခံ ကျောက်မျက်လုပ်ငန်းရှင်တဦးက “မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတာကြောင့် လေကြောင်း တိုက် ခိုက်မှုတွေကို အားကိုးနေရတဲ့ အနေအထားမျိုးမှာ မြို့ပေါ်မှာ နေ့ခင်းကြောင်တောင် လူမြင်ကွင်းမှာ အခုလို ဝင်ဖမ်း တာက စစ်ကောင်စီအနေနဲ့ သူတို့ကိုထောက်ခံသူတွေ စိတ်အားတက်ကြွစေဖို့နဲ့ မြို့ခံပြည်သူတွေ ကြောက်ရွံ့ထိတ်လန့် အောင် ခြောက်ပြတာမျိုးလို့ သုံးသပ်ရတာပေါ့” ဟု ပြောသည်။
သြဂုတ် ၉ ရက် နံနက်ပိုင်းက စစ်ကောင်စီလော်ဘီ ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်မှ ရွှေမဟာနွယ် ပရဟိတသွေး လှူရှင်အသင်းနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ မရွှေမဟာနွယ် (ခ) မနွယ်နွယ်ဝင်းသည် ရှစ်လေး လုံး ၃၅ နှစ်ပြည့် လှုပ်ရှားမှုတွင် ပါဝင်သည်ဆိုကာ ဓာတ်ပုံနှင့်တကွတင်၍ ဖမ်းဆီးရန်လှုံ့ဆော်ခဲ့ပြီး နောက် နာရီပိုင်း အတွင်း ဖမ်းခံရကာ အိမ်စီးကားအတွင်း မျက်နှာအား Mask ဖြင့်အုပ်၍ မျက်လုံးကို အဝတ်ဖြင့် စည်းခံ ထားရသည့် မရွှေမဟာနွယ်၏ပုံအား ဖြန့်ဝေခဲ့ကြသည်။
ရွှေမဟာနွယ် ပရဟိတအသင်းသားတဦးက “အဲဒီန့က မနက်ပိုင်းမှာ ဟန်ငြိမ်းဦးတယ်လီဂရမ်အကောင့်ကနေ ရှစ် လေးလုံးမှာ ပါဝင်လှုပ်ရှားတယ်ဆိုတဲ့ပုံကို မျက်နှာဝါးပြီး တင်လာတယ်။ အဲဒီပုံထဲက အမျိုးသမီးက ကျနော်တို့ ဥက္ကဋ္ဌ မဟုတ်ဘူးဗျ၊ နေ့လယ် ၁ နာရီလောက်ကျတော့ အဖမ်းခံလိုက်ရပြီဆိုတာ ဟန်ငြ်ိမ်းဦးတင်လာတော့မှ အဖမ်းခံရ တယ်ဆိုတာ သိရတာ။ အဓိကတော့ ဟန်ငြိမ်းဦးက လူအမှားကြီးနဲ့ တင်ထားပြီး ဖမ်းခိုင်းတာကို အဲဒီပုံ အမှားကြီးကို သေချာမစိစစ်တော့ဘဲ ဖမ်းသွားကြတာ” ဟု ပြောသည်။
ယင်းသို့ ရှစ်လေးလုံး ၃၅ နှစ်ပြည့် လှုပ်ရှားမှုတွင် ပါဝင်ပတ်သက်နေကြောင်း လော်ဘီချန်နယ်မှ တင်ခဲ့သောပုံမှာ မရွှေ မဟာနွယ်၏ ဓာတ်ပုံမဟုတ်ကြောင်း၊ လွတ်ငြိမ်းဖြင့် ထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် နိုင်ငံရေးလှုပ်ရှားမှု များတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ လူမှုရေးလုပ်ငန်းများကိုသာ လုပ်ဆောင်နေကြောင်း သိရသည်။
မရွှေမဟာနွယ်သည်၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က ဖမ်းဆီးခံရပြီး စစ်ကောင်စီက ၅၀၅- က ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြပြီး ယခုနှစ် မေလ ၃ ရက် (ကဆုန်လ ပြည့်နေ့) လွတ်ငြိမ်းဖြင့် မန္တလေးအိုးဘိုထောင်မှ ပြန်လည် လွတ်မြောက်လာကြောင်း၊ ထိုသို့ လွတ်မြောက်လာပြီး နောက် ၂ လကျော် အကြာတွင် စစ်ကောင်စီ၏ ဒုတိယအကြိမ် မြောက် ဖမ်းဆီးခြင်းခံရကာ၊ ယနေ့အချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးဘဲ အဆက် အသွယ် ပြတ်တောက်နေကြောင်း သိရသည်။
မန္တလေးမြို့ခံ သတင်းစာဆရာတဦးက “အခုလို တယ်လီဂရမ်ချန်နယ်တွေကနေ တင်ပြီဆိုတာနဲ့ မှန်သလား၊ မှားသ လား သေချာမစိစစ်တော့ဘဲ အင်အားသုံးပြီး ဝင်စီးတာတွေ လုပ်လာတာဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းကပဲ၊ အခုနောက်ပိုင်းကျတော့ ပိုဆိုးလာတယ်။ ဟန်ငြိမ်းဦးချန်နယ်ကနေဖမ်းဖို့တင်ပြီး နာရီပိုင်းအတွင်း အဖမ်းခံကြရတာ များတယ်၊ နောက်တခုက အခုရက်ပိုင်းထဲမှာကို လက်ဖက်ရည်ဆိုင်တဆိုင်နဲ့ ဘီယာဆိုင်ကို မျက်နှာဖုံးအမည်းတပ် ယူနီဖောင်းအပြည့်အစုံနဲ့ ဝင်ဖမ်းတာမျိုးတွေအထိ လုပ်လာကြတာ တွေ့ရတယ်၊ ဒါတွေ အားလုံးက အရင်စစ်အာဏာ ရှင်တွေထက်ဆိုးတဲ့ လုပ်ရပ်မျိုးတွေလို့ ဆိုရမှာပေါ့” ဟု ပြောသည်။
စစ်ကောင်စီ၏ ဝါဒဖြန့် လော်ဘီတယ်လီဂရမ် ချန်နယ်များသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ် ခြိမ်းခြောက်လျက်ရှိပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သော တက်ကြွလှုပ်ရှားသူများ၊ မိသားစုဝင်များကို ဖမ်းဆီးရန်၊ သတ်ဖြတ်ရန်များအပါအဝင် ပိုင်ဆိုင်မှုများကိုပါ သိမ်းယူရန်အထိ လှုံ့ဆော်နေကြကြောင်း စစ်ကောင်စီလော်ဘီ တယ် လီဂရမ်ချန်နယ်များကို စောင့်ကြည့်လေ့လာနေသည့် RO Telegram Monitoring အဖွဲ့ထံက သိရသည်။
စစ်တပ်ကို ထောက်ခံသောလော်ဘီများအနေဖြင့် ကျော်စွာ၊ ဘညွန့်၊ ဟန်ငြိမ်းဦး၊ မှိုင်းဝေ၊ ကျော်သက်၊ တပ်ကြပ်ကြီး ဖိုးစီ၊ Pan၊ Ariel Golden Myanmar၊ MDY image စသည့် တယ်လီရမ်ချန်နယ် ၁၉ ခုမှ အဓိက ဖြန့်ဝေနေခြင်းဖြစ်ကာ ထပ်ဆင့်ဖြန့်ဝေသော တယ်လီရမ်ချန်နယ်မှာ ၅၀ ကျော်ထိ ရှိသည်ဟု လေ့လာစောင့်ကြည့်နေသည့် အဖွဲ့များက ဖော်ပြထားကြသည်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြောခွင့်ရှိသူ ဦးနေဘုန်းလတ်က “သူတို့ တယ်လီဂရမ်က လူနာမည်တွေများ တယ်။ ဒါပေမယ့် တဦးတယောက်က လုပ်နေတာ မဟုတ်ဘူး၊ Network နဲ့ လုပ်နေတာထောက်လှမ်းရေးတွေနဲ့ ချိတ် ထားပုံရတယ်၊ ကျနော်တို့ကတော့ Case တိုင်းကို ဖိုင်တွေ တွဲပြီးတော့ ပြုစုထားတယ်။ တနေ့ကျရင် ဒါကြီးတခုလုံးကို ဖော်ထုတ်ရမှာ ဖြစ်တယ်၊ ဘယ်လို တည်ဆောက်ထားသလဲ ဘယ်သူတွေ ဦးဆောင်လဲ စသဖြင့်ပေါ့၊ အချက်လက် တွေလည်း ရသင့်သလောက် ရထားပါတယ်။ မရသေးတဲ့ဟာတွေကိုလည်း စုံစမ်းဖော်ထုတ်ရမှာတွေ ရှိတယ်”ဟု ဆိုသည်။
စစ်ကောင်စီလော်ဘီချန်နယ်များတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများ၊ အထိမ်းအမှတ်နေ့များ၌ ပါဝင် သူများ၊ စစ်အာဏာရှင်အား ဝေဖန်ထောက်ပြသူများ၊ လူမှုကွန်ရက်တွင် ပိုစ့်ရှယ်သူများ၊ မှတ်ချက်ပြုရေးသားသူများ သာမက အနုပညာရှင်များကိုလည်း ဖမ်းဆီးရန် သတင်းပေးလှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည်။
You may also like these stories:
NUG ကျောင်းတွင် ပညာသင်ကြားသဖြင့် အဖမ်းခံရသူများ ပြန်မလွတ်သေး
အာဏာသိမ်း စစ်တပ်က မုဒိမ်းကျင့် လူသတ်နေသည်