စစ်ကောင်စီကို လောင်စာ အဓိကပေးသွင်းသူ ရွှေဗျိုင်းဖြူ ကုမ္ပဏီများအုပ်စု (SBP) ၏ လုပ်ငန်းခွဲ ရွှေဗျိုင်းဖြူ ရေနံနှင့် ဓာတ်ငွေ့ ကုမ္ပဏီ လီမိတက်ကို မြန်မာလူမွဲစာရင်းကြေညာသည့် ဥပဒေအရ သြဂုတ်လ ၁၀ ရက်နေ့တွင် စာရင်းရှင်းလင်း ဖျက်သိမ်းခဲ့သည်။
ခရိုနီ ဦးသိန်းဝင်းဇော် ပိုင်ဆိုင်သည့် SBP လောင်စာဆီဆိုင်များ၊ ကျောက်မျက်တူးဖော်ခြင်း၊ ဆက်သွယ်ရေးနှင့် သစ်ထုတ်လုပ်ခြင်းတို့တွင် စီးပွားရေး အကျိုးအမြတ်များ ရှိသည်။ ထိုလုပ်ငန်းသည် စစ်ကောင်စီကို အခွန် အများဆုံးပေးသော လုပ်ငန်းများအနက် တခုဖြစ်သည်။
စစ်ကောင်စီအာဘော် မြဝတီသတင်းစာ တခုတည်းသာ ရွှေဗျိုင်းဖြူရေနံနှင့် သဘာဝဓာတ်ငွေလုပ်ငန်း စာရင်းရှင်းလင်း ဖျက်သိမ်းကြောင်း ဖော်ပြပြီး ကျန်စစ်ကောင်စီမီဒီယာများက ထိုကိစ္စကို ဖော်ပြခြင်း မရှိပေ။
ရွှေဗျိုင်းဖြူ ရေနံနှင့် သဘာဝဓာတ်ငွေ့သည် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းဝင် ဖြစ်သည်။ ၎င်းသည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် အမည်ဆိုးကျော်ကြားသော ခရိုနီ လက်နက်ပွဲစား ဦးတေဇတို့နှင့် ပူးပေါင်းခဲ့သည်ဟု Justice for Myanmar ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအဖွဲ့က ဖော်ပြသည်။
ဦးသိန်းဝင်းဇော် ရှယ်ယာပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်း အများအပြားသည် ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့၏ အရေးယူပိတ်ဆို့မှုများ ခံနေရသည်။
စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း SBP ကို အကြမ်းဖက်မှုနှင့် စစ်ရာဇဝတ်မှု ထောက်ခံခြင်းများအတွက် အမည်ပျက်စာရင်း သွင်းထားသည်။
နောက်ထပ် အရေးယူပိတ်ဆို့မှုများကို ရှောင်ရှားရန် ရွှေဗျိုင်းဖြူ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို စာရင်းရှင်းလင်း ဖျက်သိမ်းပြီး အခြားအမည်ဖြင့် လုပ်ငန်းများ ပြန်လည် စတင်နိုင်သည်ဟု လေ့လာသူ အချို့က ပြောသည်။
မြန်မာမှ စစ်ကောင်စီထိန်းချုပ် နိုင်ငံတကာ ငွေပေးငွေယူ ဘဏ် နှစ်ခုကို ဝါရှင်တန်က အရေးယူပိတ်ဆို့ပြီးနောက် စင်ကာပူမှ UOB ဘဏ်ကလည်း စစ်ကောင်စီနှင့် ပတ်သက်သည့် ဘဏ်စာရင်းများကို ပိတ်ပစ်မည်ဖြစ်ကြောင်း ကြေညာပြီးနောက် ယခု စာရင်းရှင်းလင်းဖျက်သိမ်းမှု ဖြစ်ပေါ်လာသည်။
SBP ကို ယခင် စစ်အာဏာရှင် ဦးသန်းရွှေခေတ် ၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ထိုကုမ္ပဏီသည် သတ္တုတူးဖော်ရေးလုပ်ငန်းနှင့် လောင်စာဆီ တင်သွင်းဖြန့်ချိသည့် လုပ်ငန်းများတွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ပူးပေါင်းဆောင်ရွက်နေသည်။
ဦးသိန်းဝင်းဇော်သည် ပင်လယ်လမ်းကြောင်းမှ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်သို့ လောင်စာဆီ အကြီးအကျယ် မှောင်ခိုသွင်းပြီး ချမ်းသာလာကာ မြန်မာရေတပ် ခေါင်းဆောင် အဆက်ဆက်နှင့် နီးကပ်သော ဆက်ဆံရေး ရှိသူဖြစ်သည်။
မင်းအောင်လှိုင် စစ်အုပ်စုက ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးအဖြစ် ရေတပ်ခေါင်းဆောင်ဟောင်း တင်အောင်စန်းကို ခန့်အပ်ပြီးနောက် ဦးသိန်းဝင်းဇော်သည် နော်ဝေ ဆက်သွယ်ရေး လုပ်ငန်းကြီး တယ်လီနော၏ မြန်မာလုပ်ငန်းခွဲကို လက်ဘနွန်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီထံမှ ဝယ်ယူသည်။
ဦးသိန်းဝင်းဇော်သည် စစ်တပ်ပိုင် ဆက်သွယ်ရေးလုပ်ငန်း Mytel တွင် ရှယ်ယာပိုင်သည့် မဟာရိုးမ အများပိုင်ကုမ္ပဏီ၏ ဒါရိုက်တာလည်း ဖြစ်သည်။ အသက် ၆၀ အရွယ်ရှိ ထိုခရိုနီသည် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၏ နေအိမ်သို့ မကြာခဏ သွားရောက် လည်ပတ်လေ့ရှိသည်။
SBP သည် နိုင်ငံပိုင် မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းနှင့်လည်း ကျောက်စိမ်းမိုင်းများ လုပ်ကိုင်နေပြီး စစ်ကောင်စီစစ်တပ်အတွက် လောင်စာဆီ အဓိက ပေးသွင်းသူဖြစ်သည်။
ဦးသိန်းဝင်းဇော်သည် အကျဉ်းချခံ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၉ ခုနှစ်က နေပြည်တော်တွင် ဘုရားတဆူ တည်သောအခါ ငွေကျပ် ၁၀ သန်း လှူဖူးသည်။ သို့သော် ထိုခရိုနီသည် မင်းအောင်လှိုင်ကို အဆပေါင်းများစွာ ပိုမို ရက်ရက်ရောရော လှူပြီး မာရဝိဇယ ဗုဒ္ဓဆင်းတုတော်အတွက် မင်းအောင်လှိုင်ကို ကျပ်သန်း ၅၆၀ ကျော် (ဒေါ်လာ ၂၆၅,၇၆၀) လှူခဲ့ကြောင်း သိရသည်။
You may also like these stories:
ရေပေါ်ဆီဆိုင်တည်ရာမှ တယ်လီနောမြန်မာကို ပိုင်ဆိုင်လာမည့်သူ
တယ်လီနောမြန်မာကို M1 နှင့် ရွှေဗျိုင်းဖြူကုမ္ပဏီတို့ လက်လွှဲ
အသက်ငင်နေဆဲ မြန်မာ့စီးပွားရေးနှင့် တကျော့ပြန် ခရိုနီဝါဒ
တယ်လီနောမြန်မာ ဝယ်ခွင့်ရသည့် ကုမ္ပဏီတွင် တပ်ချုပ်သမီး ရှယ်ယာပါ
ရေတပ်ဦးစီးချုပ် နှစ်ဦးကြားက တယ်လီနောမြန်မာ အရောင်းအဝယ်