မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၆၁ လမ်းနှင့် ၃၆ လမ်းရှိ Golden Gate ကိုယ်ပိုင်အထက်တန်းကျောင်း ပိုင်ရှင် အပါ အဝင် ဆရာ၊ ဆရာမ ၁၅ ဦးခန့်ကို ယမန်နေ့က ဝင်ရောက်ဖမ်းဆီးပြီး ကျောင်းကို ချိတ်ပိတ်လိုက်ကြောင်း မန္တလေးပညာ ရေး အသိုင်းအဝိုင်းထံမှ သိရသည်။
ယင်းကျောင်းတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဆရာ/ဆရာမ များအား လက်ခံထားပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် ဆက်သွယ်ထောက်ပံ့မှုများ ပြုလုပ်ထားသည်ဟု ဆိုကာ ပိုင်ရှင်ဦးမြတ်ကျော် အပါအဝင် ဆရာ/ဆရာမများကို ဖမ်းဆီး ရုံသာမက ကျောင်းနှင့် လမ်း ၈၀ နှင့် ၈၁ လမ်းကြား၊ ၃၇ လမ်းပေါ်ရှိ ရုံးခန်းကိုပါ ချိတ်ပိတ်လိုက်ခြင်းဖြစ်သည်။
မန္တလေးပညာရေးအသိုင်းအဝိုင်းမှ ကျောင်းဆရာတဦးက “ကျနော်တို့ သိရတာက မနေ့က ကျောင်းနဲ့ရုံးခန်းကို ထွေအုပ်၊ ရဲ၊ စစ်တပ်ကအဖွဲ့တွေ လာပြီးချိပ်ပိတ်သွားကြတာ။ ပိုင်ရှင်ဖြစ်တဲ့ဆရာဦးမြတ်ကျော်နဲ့အတူ ဆရာ/ဆရာမ ၁၅ လောက်ထိ အဖမ်းခံလိုက်ရတယ်လို့ သိရတယ်။ ဆရာဦးမြတ်ကျော်တို့ကို ဘယ်နေ့ကဖမ်းသွားပြီး အခုဘယ်မှာချုပ်ထားသလဲဆိုတာ မသိရသေးဘူး” ဟု ပြောသည်။
ဇူလိုင်လ တတိယပတ်အတွင်းက စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ မန္တလေးမြို့ရှိ ကိုယ်ပိုင်ကျောင်းများတွင် CDM ပညာရေးဝန်ထမ်းများအား ခန့်ထားခြင်းရှိမရှိ စစ်ဆေးရန်နှင့် NUG လက်အောက်ခံ တရားမဝင်ကျောင်းများ ဖွင့်လှစ် သင်ကြားနေမှုကို အရေးယူပေးရန် လှုံ့ဆော်ရေးသားခဲ့ကြသည်။
ထို့နောက် ဇူလိုင် ၂၇ ရက်မှစတင်ကာ မန္တလေးမြို့ရှိ ကိုယ်ပိုင်ကျောင်းများအား ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ပိုင်း Golden Gate ကျောင်း ချိပ်ပိတ်ခံရပြီး ဖမ်းဆီးခံရမှုမှာ ပထမဦးဆုံးဖြစ်ကြောင်း သိရသည်။
မန္တလေးခရိုင်အုပ်ချုပ်ရေးအသိုင်းအဝိုင်းမှ အမည်မဖော်လိုသည့် သတင်းရင်းမြစ်တဦးက “အဲဒီကျောင်းမှာ CDM ဆရာမ တွေကို လက်ခံထားတယ်။ PDF အဖွဲ့တွေနဲ့ဆက်သွယ်ပြီး ထောက်ပံ့ကူညီတာတွေ လုပ်နေတယ်။ NUG နဲ့ ချိတ်ဆက်ပြီး တော့ အွန်လိုင်းစနစ်နဲ့သင်ကြားပေးတာတွေ ရှိတယ်ဆိုပြီး သတင်းပေးလာလို့ ရှောင်တခင်စစ်ဆေးပြီး သတင်းပေးတိုင် ကြားချက်တွေ မှန်ကန်နေလို့ အခုလိုမျိုး ချိပ်ပိတ်တာတွေလုပ်ခဲ့တာပါ။ သူတို့ကိုလည်း ဥပဒေနဲ့အညီ တရားစွဲဆိုတာတွေ ဆက်လုပ်သွားမှာပါ” ဟု အတည်ပြုသည်။
ပုဂ္ဂလိကကျောင်းများကို ၂၀၁၂-၁၃ ပညာသင်နှစ်မှစတင်ကာ သတ်မှတ်ချက်များနှင့်အညီပြည့်စုံပါက အများဆုံး ၅ နှစ် သက်တမ်းအထိ နှစ်စဉ်ကြေးတလုံးတခဲတည်းပေးသွင်း၍ ဖွင့်လှစ်ခွင့်ပြုပေးထားကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့် ပြင်ဦးလွင် မြို့တို့၌ အများဆုံးဖွင့်လှစ်ထားပြီး မန္တလေးတိုင်းအတွင်း ဖွင့်လှစ်ခွင့်ပြုထားသည့် ပုဂ္ဂလိကကျောင်း ၂၄၀ ကျော်ရှိကာ မန္တလေးမြို့တွင်ပင် ၁၄၀ ခန့်ရှိကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပုဂ္ဂလိကကျောင်းများ၌ စာသင်ကြားနေသည့် ဆရာ/ဆရာမအချို့ကို အသိအမှတ်ပြု လက်မှတ်မရှိဘဲ သင်ကြားခြင်းမျိုးမရှိစေရန်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက သင်တန်းများ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ထိုသို့ ဖွင့်လှစ်ပေးသည်မှာ ပုဂ္ဂလိကကျောင်းများတွင် CDM ဆရာ/ဆရာမများ ဝင်ရောက်စာသင် ပေးမှုမရှိစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းသာဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ဝေဖန်ထားသည်။
ထို့ပြင် စစ်ကောင်စီသည် ပုဂ္ဂလိကကျောင်းများ၌ CDM ပညာရေးဝန်ထမ်းများအား ခန့်ထားခြင်းရှိမရှိ စစ်ဆေးခြင်းများ၊ ကိုယ်ပိုင်ကျောင်းများရှိ ဆရာ/ဆရာမ အပါအဝင် ဝန်ထမ်းအင်အားစာရင်းနှင့်အတူ နေရပ်လိပ်စာများကိုပါ တောင်းယူခြင်း၊ NUG လက်အောက်ခံ ဖက်ဒရယ်စာသင်ကျောင်းများ၊ အွန်လိုင်းကျောင်းများမှတဆင့် စာသင်ကြားမှုရှိနေသည်ဟု သတင်း ထွက်ပေါ်လာသော ဆရာ/ဆရာမများကို ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၂၂ ရက်တွင် မန္တလေးမြို့၌ အခြေစိုက်ဖွင့်လှစ်ထားသော အောင်မြေသာစံဖက်ဒရယ်ကျောင်း (Federal School Of Aung Myay Thar Zan) မှ တာဝန်ခံဆရာမ ဒေါ်အိရွှေစင်မြင့် အပါအဝင် အသက် ၂၀ မှ ၄၀ ဝန်းကျင်အရွယ် ဆရာ/ဆရာမ ၁၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ဆရာမ ဒေါ်အိရွှေစင်မြင့်ကို မန္တလေးအိုးဘိုထောင်တွင်းတရားရုံးက ဇူလိုင် ၁၇ ရက် တွင် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့သည်။
NUG လက်အောက်ခံ ကြားကာလ ပညာသင်ကြားရေးကျောင်းတခုဖြစ်သော Bright Future Federal School (BFFS) ကျောင်းတွင် အွန်လိုင်းမှတဆင့်တက်ရောက်နေသည့် စစ်ကိုင်းမြို့နယ်၊ ရွာထောင်ဘူတာရပ်၊ မီးရထားရပ်ကွက်နေ ၉ တန်း ကျောင်းသူ မဆုနန္ဒာဦး၊ ၃ တန်းကျောင်းသူ မထက်နန္ဒာကျော်နှင့် ဖခင်ဖြစ်သူ မီးရထား CDM ဝန်ထမ်း ဦးကျော်မင်းဌေး၊ မန္တလေးမြို့နေ Bright Future Federal School ကျောင်းမှ CDM ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်း၊ CDM ကျောင်းဆရာ ဦးဝေယံမင်းထိုက်တို့ကို စစ်ကောင်စီက ဇူလိုင် ၂၇ ရက်၌ ဖမ်းဆီးခဲ့သေးသည်။
အငြ်ိမ်းစားကျောင်းဆရာတဦးက “ပြီးခဲ့တဲ့နှစ်က CDM ကျန်းမာရေးဝန်ထမ်းတွေကို ဦးတည်ပြီး ဖမ်းဆီးတာတွေ၊ ဆေးရုံ ဆေးခန်းတွေကို စစ်ဆေးတာတွေလုပ်ခဲ့ပြီးတော့ ဆေးခန်းတွေကိုလည်း ချိပ်ပိတ်တာမျိုးတွေ လုပ်ခဲ့ကြတယ်။ ဒီနှစ်ထဲမှာ အွန်လိုင်းစာသင်ကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေဘက်လှည့်လာတာ သတိထားမိတယ်။ ဒါကြောင့် ပညာရေးအသိုင်း အဝိုင်းက CDM တွေအနေနဲ့ အထူးသတိထားဖို့လိုလာပြီလို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ရှိပညာရေးစနစ်ကို သပိတ်မှောက်ထားသော ကျောင်းသူ၊ ကျောင်းသားများအတွက် NUG က ကြားကာလပညာသင်ကြားရေးစနစ်ကို CDM ပညာရေးဝန်ထမ်းများဖြင့် ဖော်ဆောင် ပေးနေပြီး ဒေသတချို့၌ စာသင်ကျောင်းများ ဖွင့်လှစ်ပေးထားသလို အွန်လိုင်းသင်ကြားရေးစနစ်ဖြင့် ဒေသအလိုက် ဖွင့် လှစ်ထားသည့် ဖက်ဒရယ်စာသင်ကျောင်းများလည်း ရှိသည်။
You may also like these stories:
မန္တလေးက ပုဂ္ဂလိကကျောင်းအချို့ ဖွင့်နိုင်ခြင်း မရှိ
အောင်မြေသာစံဖက်ဒရယ်ကျောင်း တာဝန်ခံဆရာမ ထောင်နှစ် ၂၀ ချခံရ
စစ်ကောင်စီ ပညာရေးနှင့် ရင်လေးဖွယ် မြန်မာ့အနာဂတ်
ကိုယ်ပိုင်ကျောင်းများအပေါ် သင်ရိုးညွှန်းတမ်း တားမြစ်ချက် လက်တွေ့နှင့် မကိုက်ညီ