စစ်ကိုင်းနှင့် မကွေးတိုင်းတို့ကို ဆက်သွယ်ထားသည့် အဓိကအရေးပါသည့် ကလေး- ဂန့်ဂေါကားလမ်းမကြီး တလျှောက် စစ်ကောင်စီက နယ်မြေစိုးမိုးမှုရရှိရန် မြေပြင်စစ်ကြောင်းများအပါအဝင် လေကြောင်းဖြင့်ပါ တိုက်ခိုက်နေသည်။
သြဂုတ် ၁၅ ရက်က ကလေးမြို့မှနေ ကလေး- ဂန့်ဂေါကားလမ်းမအတိုင်း ကလေးမြို့နယ်တောင်ပိုင်းသို့ထွက်လာ သည့် အင်အား၂၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား မြို့နှင့် ၃ မိုင်ကျော်အကွာ သာကျေးရွာအနီး၌ ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အထိနာသွားသည့်အတွက် လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကလေးမြို့နယ်အတွင်းက ဒေသခံတဦးက “သာစည်ရွာ အရှေ့ဘက်ခြမ်းမှာ သြဂုတ်လ ၁၅ ရက်မနက်ပိုင်းကလည်း တိုက်ပွဲ ဖြစ်နေတယ်။ ကလေးမြို့ပေါ် စစ်ကောင်စီတပ်တွေက သာစည်ရွာကို ဦးတည်ပြီးတော့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ပြီးတော့ ရဟတ်ယာဉ် ၁ စီးနဲ့လည်း သာစည်ရွာအနီးဝန်းကျင်တွေကို ၁ နာရီလောက် ပစ်ခတ်သွားတယ်။ တိုက်ပွဲက အဲဒီရွာနားမှာ ဒီနေ့အထိ ဖြစ်နေတုန်းပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ကလေးမြို့ပေါ်မှ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် သာစည်ကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲပြီး နေအိမ်တချို့ မီးလောင်သွားကြောင်း ဒေသခံများက ပြောသည်။
ကလေးမြို့နယ်အတွင်းက အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ဒေသခံတဦးက “သာစည်ရွာက ထွက်ပြေးလာတဲ့ ရွာသားတွေ ပြောပြတာကတော့ လက်နက်ကြီးကျည် ၆ လုံးလောက် လာကျတယ်။ အဲဒီကနေထွက်တဲ့ မီးခိုးငွေ့တွေကြောင့် ကလေးလူကြီး ၃၀ လောက် ခေါင်းမူး၊ အော့အန်ပြီးတော့ တချို့ဆို သတိလစ်တာတွေပါရှိတယ်လို့ ပြောတယ်။ လက် နက်ကြီးကျလို့ အိမ်တွေ မီးလောင်တဲ့အချိန် မိုးလည်းရွာနေတော့ ပုံမှန်ဆိုရင် အိမ်တွေ ဒီလောက်ထိ မီးလောင်စရာအကြောင်း မရှိဘူး။ အခုက ဓာတ်ဆီလောင်းပြီးတော့ မီးရှို့သလို တဟုန်ထိုးလောင်တယ်လို့ ပြောတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
လက်ရှိအခြေအနေတွင် သာစည်ကျေးရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာသားများ ဘေးလွတ်ရာ တော၊ တောင် များထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသလို သာစည်ရွာသား အသက် ၅၀ အရွယ် ဦးမန်းစိန်မှာ လက်နက်ကြီး ကျည်ထိ မှန်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။
ကလေး- ဂန့်ဂေါကားလမ်းသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ဆက်သွယ်ထားသည့် အဓိက လမ်းမကြီးတခုဖြစ်သလို ချင်းပြည်နယ်သို့ ဝင်ရောက်ရန် အရေးပါသည့်လမ်းမကြီးတခု ဖြစ်သည့်အတွက် စစ်ကောင်စီက ကလေးမြို့နယ် တောင်ပိုင်းကို နယ်မြေစိုးမိုးမှုရရှိကာ စစ်ဗျူဟာ အထိုင်စခန်းတခုချရန် ကြိုးစားလာခြင်း ဖြစ်န်ိုင်ကြောင်း ကလေးမြို့ နယ်အတွင်းရှိ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “ကလေးမြို့နယ် တောင်ပိုင်းကို စစ်ကြောင်းမထိုးတာ ၁ နှစ်နီးပါးလောက်ရှိပြီ။ အခုမှ စစ်ကောင်စီက အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတယ်ဆိုတော့ သူတို့ ကလေး- ဂန့်ဂေါလမ်းမကြီးပေါ်မှာ ကလေးမြို့နယ် တောင်ပိုင်းတခုလုံးကို နယ်မြေစိုးမိုးလို့ရအောင် စစ်ဗျူဟာကုန်းအထိုင်စခန်းချဖို့ အသဲအသန်ကြိုးစားနေတာပဲ ဖြစ်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းပြင် ကလေးမြို့နယ်နှင့် ထိစပ်နေသည့် ချင်းပြည်နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကာ သြဂုတ်လ ၁၄ ရက်က ထန်တလန်မြို့အဝင်ရှိ စစ်ကောင်စီ၏ အထိုင်စခန်းတခုကို ချင်းကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်းသိမ်းပိုက်ခဲ့ရာ လက်နက် ၆ လက် သိမ်းဆည်းရမိခဲ့သလို စစ်သား ၂ ဦးကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး ပြောရေးဆို ခွင့်ရှိသူ ဆလိုင်းထက်နီက ဧရာဝတီသို့ ပြောသည်။
အလားတူ သြဂုတ်လ ၁၂ ရက် နံနက် ၁ နာရီဝန်းကျင်က ဖလမ်းမြို့ပေါ်တွင်ရှိသည့် စစ်ကောင်စီ၏ ခလရ ၂၆၈ တပ်ရင်း အား CNA တပ်ဖွဲ့ဝင်များ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲ ယမ်းများလည်း သိမ်းဆည်းရမိခဲ့ကာ တပတ်အတွင်း စစ်ကောင်စီအထိုင်စခန်း၂ ခု ဝင်ရောက် စီးနင်းနိုင်ခဲ့ကြောင်း ဆလိုင်းထက်နီက ဆက်လက် ဆိုသည်။
စစ်ကောင်စီတပ်သည် ထိုသို့ တိုက်ပွဲအတွင်း အထိနာသည့်အတွက် သြဂုတ်လ ၁၂ ရက် မွန်းလွဲပိုင်းတွင် ဖလမ်းမြို့ နယ် ရန်ထလိုကျေးရွာအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာသား ၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ ကြောင်း ဒေသခံများက ပြောသည်။
“ကလေးမြို့နယ်နဲ့ ကျနော်တို့ ချင်းပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ကလေးမြို့နယ်မှာဆိုရင်လည်း သာစည် ရွာနားမှာ တိုက်ပွဲတွေ ဖြစ်နေတယ်သလို ကျနော်တို့ ချင်းတောင်မှာလည်း တိုက်ပွဲတွေရှိတယ်။ တပတ်အတွင်းမှာ စစ် ကောင်စီ အထိုင်စခန်း၂ ခုကို သိမ်းပိုက်နိုင်တဲ့အတွက် အဲဒီဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ ကလေးဘက် မှာဆိုရင် စစ်ကောင်စီက ဓာတုလက်နက်တွေ သုံးနေတယ်လို့လည်း ကျနော်တို့ ကြားနေရတယ်။ ဒါက စစ်သား အချင်းချင်း မတိုက်ဘဲ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာက စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတခု သာဖြစ်တယ်လို့ ကျနော်တို့ မှတ်ယူပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီသည် ကရင်နီပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့ကို စစ်အင်အား အသုံးပြု ထိုးစစ်ဆင်နေမှုမှာ ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်က နိုင်ငံတော်အာဏာကို ၄ ကြိမ်မြောက်အဖြစ် ၆ လ သက်တမ်းတိုးပြီးနောက် လုံခြုံရေး အခြေအနေ မကောင်းသည့်နယ်မြေများအား နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရန် စစ်အင်အားသုံး တိုက်ခိုက်သွားမည်ဟု မိန့်ခွန်း ပြောကြားသည့်အတွက် ထိုသို့ ထိုးစစ်ဆင်လာခြင်း ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက သုံးသပ် ပြောဆိုသည်။
You may also like these stories:
ကျဆုံးတော့မည့် စစ်ကောင်စီကို အားမပေးရန် KIO ခေါင်းဆောင် သတိပေး
စစ်တပ် လော်ဘီချန်နယ်များ လှုံ့ဆော်မှုကြောင့် မန္တလေး၌ တပတ်အတွင်း ၁၆ ဦး အဖမ်းခံရ