မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ကျေးရွာအုပ်စုသို့ သြဂုတ် ၁၆ ရက်က ခြေလျင်သာမက ရေကြောင်းကပါ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းလုပ်လာသည့် စစ်ကောင်စီတပ်များက အိမ် ၆၀ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
စစ်ကြောင်းထိုးမှုကြောင့် ရေလည်သောင်အုပ်စုမှ ကျွန်းရွာများဖြစ်သည့် ကံသာ၊ ကံလှ၊ ရေလည်သောင်၊ လင်္ကာဒီပ၊ ရက္ခဒီပ၊ အောင်သုခ ကျေးရွာ ၆ ရွာမှ ဒေသခံများ စစ်ဘေးရှောင်နေရပြီး လင်္ကာဒီပ၊ ရက္ခဒီပ၊ အောင်သုခ ကျေးရွာများမှ နေအိမ် ၆၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ငါန်းဇွန်မြို့နယ် စစ်ဘေးရှောင်ကူညီနေသူတဦးက ပြော သည်။
၎င်းက “မနေ့မနက်ပိုင်းက ရွာ ၃ ရွာကို စစ်တပ်က မီးရှို့သွားတယ်။ ရေလည်သောင်အုပ်စုမှာရှိတဲ့ ကျေးရွာတွေကို မီးရှို့သွား တာပါ။ အဲဒီရွာတွေက ရေလည်သောင်အုပ်စုရဲ့ ကျွန်းသွယ်လေးတွေမှာနေထိုင်တဲ့ အိမ်ခြေ ၆၀၊ ၇၀ ဝန်းကျင်ပဲရှိတဲ့ ကျွန်း ရွာလေးတွေပါ။ ရေကြောင်းနဲ့ ခြေလျင်စစ်ကြောင်း နှစ်ကြောင်းထိုးပြီး တိုက်ပွဲမရှိဘဲနဲ့ ရွာတွေကို မီးရှို့ခဲ့ကြတာ ပါ” ဟု ဆိုသည်။
ရေလည်သောင်ကျေးရွာအုပ်စုအတွင်းမှ စစ်ဘေးရှောင်များသည် စစ်ကိုင်းတိုင်း မြောင်၊ မြင်းမူမြို့နယ်ဘက်သို့ ထွက်ပြေး တ်ိမ်းရှောင်နေကြပြီး ယနေ့အချိန်ထိ ကျေးရွာများသို့ ပြန်မကပ်နိုင်သေးကြောင်း၊ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ် ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။
ယင်းဒေသသို့ စစ်ကြောင်းထိုး ဝင်ရောက်နေသည့်တပ်များမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ တပ်မ-၉၉ လက်အောက်ခံ မိတ္ထီလာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၃၁၅၊ ကျောက်ဆည်မြို့အခြေစိုက် အမှတ်(၇) လေ ကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံတပ်ဖွဲ့ဝင်များပါ ပူးပေါင်းစစ်ကြောင်းနှစ်ကြောင်းဖြင့် ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ငါန်းဇွန်မြို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ဆီမီးခုံဆိပ်ကမ်းမှာကပ်ထားတဲ့ စစ်သင်္ဘောက မြင်းမူနယ်တဖက်ကမ်း ရဲပတိုင်းဆိပ်မှာ ၁၅ ရက်နေ့က ဆိုက်ကပ်လာပြီးတော့ ၁၆ ရက် မနက်ပိုင်းမှာ အောင်သုခကျေးရွာကို ရေကြောင်းကနေ တကြောင်းဝင်ထိုးတယ်။ နောက် ငါန်းဇွန်မြို့ကလာတဲ့စစ်ကြောင်းက သားကျင်ရွာကနေ ကျွန်းရွာတွေဘက်ကို ခြေလျင်စစ် ကြောင်းထိုးလာကြတာပါ။ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ကျေးရွာတွေမှာမနေနိုင်ကြဘဲ ထွက်ပြေးတဲ့အချိန် မှာ မသယ်နိုင်ကြတဲ့ ဆန်၊ ဆီ၊ ဆား၊ ရွှေငွေရတနာ စတာတွေကို ရှာဖွေခိုးယူကြပြီးမှ အိမ်တွေကို မီးရှို့တာဖြစ်ပါတယ်” ဟု ပြောသည်။
သြဂုတ် ၁၅ ရက်တွင် မြင်းခြံမြို့နယ်၊ ဆီမီးခုံဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော စစ်သင်္ဘော ၂ စီး၊ စက်လှေ ၆ စီးတို့သည် မြင်းမူမြို့နယ်၊ ရဲပတိုင်းဆိပ်ကမ်းသို့ ဆိုက်ကပ်လာပြီး သြဂုတ် ၁၆ ရက် နံနက်ပိုင်းတွင် အောင်သုခကျေးရွာကို ရေကြောင်း မှတဆင့် လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း၊ ထို့အတူ ငါန်းဇွန်မြို့မှထွက်ခွာလာသော ခြေလျင်စစ်ကြောင်းသည်လည်း သားကျင်ကျေးရွာမှတဆင့် ရေလည်သောင်ကျေးရွာအုပ်စု ကျွန်းရွာများအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ စစ်ကြောင်း ၂ ကြောင်း၌ အင်အား ၁၅၀ ခန့်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် စစ်ဘေးရှောင်ကူညီနေသူတဦးက “ရေလည်သောင်ကျေးရွာအုပ်စုတွေဘက်ကို စစ်ကြောင်းထိုးတာက မန္တလေးတိုင်းထဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မဝင်နိုင်အောင် တပ်လှန့်တဲ့သဘောမျိုးလည်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရေလည်သောင်က တဖက်မှာ စစ်ကိုင်းတိုင်း မြင်းမူ၊ မြောင်မြို့နယ်တွေနဲ့ နယ်နမိတ်ထိစပ်နေတဲ့ ကျေးရွာတွေဖြစ် တယ်။ အဲဒါကြောင့် စစ်ကိုင်းတိုင်းဘက်က ပြည်သူ့ကာကွယ်ရေးတပ်တွေက ကူးလူးဆက်ဆံပြီး စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတာဆိုတော့ ရေလည်သောင်ကဒေသခံတွေအနေနဲ့ မထောက်ခံရဲအောင်၊ ကူညီမှုတွေမပေးရဲအောင်လို့ အခုလို စစ်ကြောင်းထိုးပြီး မီးရှို့တာမျိုးတွေလုပ်တယ်လို့ သုံးသပ်ရတာပေါ့” ဟု ပြောသည်။
မြေပြင်စစ်ကြောင်းထိုးလာသော စစ်ကြောင်းသည် ရေလည်သောင်ကျေးရွာအုပ်စုအတွင်း ဝင်ရောက်စီးနင်းချိန် မပြေးနိုင် ဘဲ ကျန်ရစ်ခဲ့သည့် ဒေသခံ ၄၀ ကျော်ကို တနေရာတည်း စုပြုံဖမ်းဆီးထားပြီးနောက် နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်လည်ထွက်ခွာချိန်တွင် ဖမ်းဆီးထားသူများအနက် အမျိုးသား ၃ ဦးကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီစစ်ကြောင်းများသည် ငါန်းဇွန်မြို့နယ်အတွင်းသို့ သြဂုတ် ၆ ရက်မှစတင်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဒေသခံ ၅ ဦးထက်မနည်း သတ်ဖြတ်ခံထားရကာ သြဂုတ် ၁၄ ရက်ကလည်း မြင်းမူမြို့နယ်၊ ရွာသာလေးကျေးရွာသို့ စစ်ဘေးရှောင်နေသည့် အောင်သုခကျေးရွာသား ၃ ဦးနှင့် လက်ပံရွာသား ၁ ဦးတို့ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ ကြောင်း ဒေသတွင်းသတင်းများကိုဖော်ပြနေသည့် ငါန်းဇွန်သတင်းစုံ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ကျေးရွာအုပ်စုအတွင်းသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေဆဲဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ရေကြောင်း၊ ကုန်းကြောင်းတို့အား သတိဖြင့်သွားလာကြရန်၊ စစ်ကြောင်းနှင့် ၃ မိုင်ခန့်ခွာ၍ ရှောင် ရှားနေထိုင်ကြရန် ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က သတိပေးထုတ်ပြန်ထားသည်။
You may also like these stories:
ငါန်းဇွန်ဒေသခံ စစ်ရှောင် ၄ ဦး စစ်တပ်သတ်ဖြတ်
ငါန်းဇွန်မြို့သာနယ်က PDF စခန်း စီးနင်းခံရမှု ၂၉ ဦး ဖမ်းဆီးခံရ
ငါန်းဇွန် လမ်းဘေးတွင် အလောင်း ၂ လောင်း စွန့်ပစ်ထား