ပြီးခဲ့သည့် ဇူလိုင်လက လူမှုကွန်ရက်စာမျက်နှာများ Isi Dhamma Youtube channel နှင့် Tiktot တွင် ဖော်ပြသည့် “ဘာမှမမျှော်လင့်ပါနဲ့” (Don”t Expect Anything) ဆိုသည့် ရုပ်သံဇာတ်လမ်းတွင် အမျိုးသမီးငယ်တဦးက ရဟန်း သံဃာတော်များ၏ အကျင့်သီလအား ပုတ်ခတ်ပြောဆိုသည့် အသုံးအနှုန်းများ ပါဝင်ခဲ့သည်ဟုဆိုကာ အသက် ၁၂ နှစ် အရွယ် မိန်းကလေးအပါအဝင် ၁၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီ ဗုဒ္ဓဘာသာသည် ဝေဖန်ဆန်းစစ်ချက်များကို လက်ခံပေးသည့် ဘာသာတခုသာ ဖြစ်ပြီး ယခုကဲ့သို့ ဖမ်းဆီးခြင်းများသည် စစ်အုပ်စုနှင့် ၎င်းအား ထောက်ခံသည့် အဖွဲ့အစည်းများက ဘာသာရေးကို နှိပ်ကွပ်ခြင်း နှင့် တလွဲအသုံးပြုနေခြင်းသာဖြစ်သည်ဟု သံဃာများက မိန့်သည်။
အဆိုပါ ဇာတ်လမ်းတွင် အမျိုးသမီးငယ်၏ ပြောဆိုမှုသည် လူငယ်သဘာဝအရ သိလိုစိတ်ဖြင့် မေးမြန်းခြင်းနှင့် လွတ်လပ် စွာ ပြောဆိုခွင့်များကို ပုံဖော်ထားခြင်းဖြစ်ကြောင်းတွေ့ရပြီး သာသနာကို စော်ကားခြင်းမျိုး မတွေ့ရကြောင်း မန္တလေးမြို့ မြန်မာဆွစ် ဖောင်ဒေးရှင်းတွင် အင်္ဂလိပ်စာသင်ကြားနေသည့် ဆရာတော် ဦးကောဝိဒ (ဂျာမနီ) ကမိန့်သည်။
“သာသနာ ညှိုးနွမ်းစေတယ်ဆိုပြီးတော့ အမျိုးမျိုးအမည်တပ်ပြီး နှိပ်ကွပ်တယ်ပဲ မြင်တယ်။ သာသနာကို တကယ်ကာ ကွယ်စောင့်ထိန်းခြင်းတာ မဟုတ်ဘူး။ အာဏာရှင်တွေက တကယ်သာသနာကို ကြည်ညိုတာ မဟုတ်ပါဘူး။ သူတို့ ကိုးကွယ်တာ အာဏာပဲ ရှိတယ်။ သူတို့ကို ထောက်ခံတဲ့ ဘယ်လိုသံဃာမျိုးပဲဖြစ်ဖြစ် အချင်းချင်း ထောက်ခံနေမှာပဲ” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။
အဆိုပါ ဇာတ်လမ်းကို ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သည့် ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer သည် ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာများ၏ သိက္ခာ၊ ကိုယ်ကျင့်တရားများကို ထိခိုက်ကျဆင်းစေသည့် စကားလုံး အသုံး အနှုန်းများဖြင့်ရေးသားပြီး ကိုယ်တိုင်ရိုက်ကူးတည်းဖြတ်ခဲ့ကြောင်း၊ သရုပ်ဆောင်များသည်လည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါလျက် ကိုယ်၊ နှုတ် အမူအယာများဖြင့် ရဟန်းသံဃာများ၏ ဂုဏ်သိက္ခာနှင့် ကိုယ့်ကျင့်တရားကို ထိခိုက်ကျဆင်း စေသည့်အပြင် ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာ၊ သာသနာကို စော်ကားသည့် အပြုအမူများ သက်ရောက်သဖြင့် တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီက ဩဂုတ် ၁၈ ရက်က ထုတ်ပြန်သည်။
ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က “ဗုဒ္ဓဘာသာဆိုတာ ဝေဖန်ဆန်းစစ်မှုကို လမ်းဖွင့်ပေးတဲ့ ဘာသာတရပ်ပါ။ ကာလာမသုတ်ဟာ အထင်အရှားကြီး ရှိနေပါတယ်။ ကာလာမသုတ်ဟာ ရမ်းပြီးတော့ ဇွတ်မှိတ်လက်မခံဖို့ကို အထင်အရှား ပြောထားတာပါ။ ဒါဟာ ဗုဒ္ဓဝါဒရဲ့ အစစ်အမှန်ဆိုတာ ရဟန်းတော်တွေ အားလုံး သိနေကြတာပဲ။ ဒါကြီးကို ဘာဖြစ်လို့ ငါ့ကို ယုံကြည်၊ ငါ့ကိုမယုံရင်တော့ ထောင်ချမှာပဲဆိုတာ ကိုယ့်ဘာသာကို ကိုယ်ကိုယ်တိုင်က ချနင်းနေတာ၊ ဖျက်ဆီးနေတာ ဖြစ် တယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသည့် ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer သည် Meditation Visa ရကာ မန္တလေးဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ၂၀၁၆ ခုနှစ်ကတည်းက လာရောက်နေထိုင်ကာ ရှင်ရသေ့ဣတိဓမ္မ ဘွဲ့နာမည်ဖြင့် တရားအားထုတ်နေသူဖြစ်ပြီး ၎င်း၏ ဓမ္မပညာပေး ဇာတ်လမ်းများကို “Dhamma Picture” တွင် ဖော်ပြလေ့ရှိကြောင်း သိရသည်။
ဆွစ်ဇာလန်နိုင်ငံသား ရှင်ရသေ့ဣတိဓမ္မ (Didier Nusbaumer) နှင့် သရုပ်ဆောင်သူအားလုံးကို နိုင်ငံတော် သံဃ မဟာနာယကရုံးသို့ ခေါ်ယူပြီး ဝန်ခံကတိနှင့် ဩဝါဒပေးရုံမျှသာ လုပ်ဆောင်ရန် ဖောင်တော်ဦးကျောင်းမှ မေတ္တာရပ်ခံစာ ပေးပို့ထားကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသော ဆွစ်ဇာလန်နိုင်ငံသား ဒါရိုက်တာ Didier Nusbaumer နှင့် အဆက်အသွယ်ရှိနေ ကြောင်း ဆွစ်ဇာလန်သံရုံးက အေအက်ဖ်ပီသတင်းဌာနကို ပြန်လည်ဖြေကြားထားသည်။
ဖမ်းဆီးထားသော အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ်၏မျက်နှာကို ဝါးထားခြင်းပင်မရှိဘဲ စစ်ကောင်စီက ဖော်ပြ ထားသော ဓာတ်ပုံဇယားတွင် ၁၁ ဦး၏ ဓာတ်ပုံကိုသာ တွေ့ရှိပြီး ကျန် ၃ ဦးကို ဖော်ပြထားခြင်း မရှိသလို မည်သည့်ပုဒ်မဖြင့် အရေးယူမည် ဆိုသည်ကိုလည်း ထုတ်ပြန်ထားခြင်း မရှိပေ။
အဆိုပါ ရုပ်သံဇာတ်လမ်းတွင် လူဝင်စား မိန်းကလေးငယ်က ဗုဒ္ဓဘာသာဝင်များ၏ ဓလေ့ထုံးတမ်းကို မေးခွန်းထုတ်ခြင်း၊ ဝိနည်းနှင့် မညီသည့် သံဃာတော်များကို ထောက်ပြ ဝေဖန်ချက်များ ပါဝင်ခဲ့ခြင်း ဖြစ်သည်။
ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာ၊ သာသနာကို စော်ကားသည့် အပြုအမူများ သက်ရောက်သည် ဆိုပြီး ပြည်သူများကို ဖမ်းဆီးသော စစ်ကောင်စီသည် သာသနာရေး အဆောက်အဦများအပြင် စေတီပုထိုးများပါမကျန် မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိသည်။
ထို့ပြင် စစ်အာဏာရှင်ကို ဆန့်ကျင်မှုများ ထင်ထင်ပေါ်ပေါ် မလုပ်သည့်တိုင် မထောက်ခံသည့် ရဟန်းသံဃာများကိုပါ လိုက်လံဖမ်းဆီးပြီး ထောင်ချခြင်း ၊ သတ်ဖြတ်ခြင်းများကို လုပ်ဆောင်ခဲ့၍ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရသည့် သံဃာ ၆၀ ကျော်ရှိကာ ပျောက်ဆုံး အဆက်အသွယ်ပြတ်နေသည့် သံဃာများလည်း ရှိကြောင်း သံဃာအသိုင်းအဝန်းမှ သိရသည်။
ဆရာတော် ဦးကောဝိဒ (ဂျာမနီ) က “နိုင်ငံတော်ရဲ့ အာဏာကို သိမ်းယူထားတဲ့ စစ်အာဏာပိုင်တွေက ဘုရားကျောင်း၊ ဗုဒ္ဓဘာသာကျောင်းတွေ စေတီပုထိုးတွေကို လေယာဉ်နဲ့ ဗုံးကြဲပြီးတော့ ဖျက်ဆီးနေတာတွေကမှ ဘာသာသာသနာကို ညှိုးနွမ်းစေတာလို့ မြင်တယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကိုပါ ဘာမှအမေးအမြန်းမရှိဘဲ ထောင်တွေချနေတာက အဲဒါကမှ တကယ့်ကို ဘာသာသာသနာကို ညှိုးနွမ်းစေတယ်လို့ မြင်တယ်” ဟု မိန့်ကြားသည်။
ခေတ်အဆက်ဆက်တွင် ဘုရားတည်၊ ကျောင်းဆောက်ခြင်းများကို ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်များသည် တဖက်တွင် လည်း ရဟန်း၊ သံဃာများနှင့် ကျောင်းသား ပြည်သူများကို သတ်ဖြတ်ခဲ့ကာ သာသနာကို ခုတုံးလုပ်ရုံ၊ ဟန်ပြလုပ်ရုံမျှသာ ဖြစ်ကြောင်း ဆရာတော် ဦးမင်းသုည (ဗုဒ္ဓတက္ကသိုလ်)က မိန့်ဆိုသည်။
“ဘုရားတွေ ဘယ်လောက်ပဲတည်ပြ၊ တည်ပြ ဒါဟာ For show ပဲ။ အေး နင်တို့ကို ငါသတ်မယ်၊ ဒါပေမယ့် ငါဘုရားကြီး ၁ ဆူတော့ တည်ပြီး လက်ဆောင်ပေးမယ်ဆိုတာ ဘုရားကို စော်ကားတာ၊ သံဃာတော်တွေကို မျက်နှာအိုးမည်းသုတ်တာပဲ။ မေတ္တာသုတ်ထဲမှာ ဘုရားဟောထားတာက နိုင်ငံသားအချင်းချင်းကို ဒုက္ခရောက်အောင် မလုပ်ရဘူးလို့ ချမ်းသာခြင်းကိုပဲ အလိုရှိရမယ်လို့ ပြောထားတယ်။ အခုဆို မင်းအောင်လှိုင်ကြောင့် တတိုင်းပြည်လုံး ဆင်းရဲကုန်ကြပြီ။ အိမ်တွေ မီးရှို့ခံရ တယ်။ ဒါတွေဟာ ဗုဒ္ဓရဲ့ အဆုံးအမကို အကုန်ဖျက်ဆီးပစ်တာ” ဟု ဆရာတော်က မိန့်သည်။
ထိုကဲ့သို့ သံဃာတော်များကို ဖမ်းဆီးသတ်ဖြတ်ကာ ဘုရားစေတီများနှင့် သာသနိကအဆောက်အအုံများကို ဗုံးကြဲ တိုက်ခိုက် မီးရှို့ဖျက်ဆီးနေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမာ္ဘပေါ်တွင် ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်တဆူဖြစ်သော မာရဝိဇယ ရုပ်ပွားတော်ကို နေပြည်တော်၌တည်ပြီး ဘုရားဒါယိကာအဖြစ် ခံယူလျက်ရှိသည်။
You may also like these stories:
မြန်မာပြည်က သားသုံးသား အယူအဆ အရွေ့
မြန်မာစစ်တပ် အမျိုးသားရေးဝါဒီလား အရေခြုံလား
မဘသ ဆရာတော် ဦးဝါသ၀ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းနေ
“သံဃာကို မစော်ကားသင့်ဘူး”လို့ ပြောကြသူတွေကို မင်းမော်ကွန်း မေးခွန်းထုတ်