ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံတမန်ဟောင်းကို ဗြိတိန်ရဲက လန်ဒန်ရှိ သံတမန်နေအိမ်ကို ပိုင်နက်ကျူးကျော်မှုဖြင့် စုံစမ်းစစ်ဆေးနေသည်။ သူသည် ၂၀၂၁ ခုနှစ် မြန်မာစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောကြောင့် ရာထူးမှ ဖြုတ်ချခံရပြီးနောက် ထိုနေအိမ်မှ ထွက်ခွာပေးရန် ငြင်းဆန်နေခြင်းဖြစ်ကြောင်း သူ၏ ရှေ့နေက Reuters သတင်းဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီး လအနည်းငယ် အကြာတွင် ဦးကျော်စွာမင်းသည် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုသောကြောင့် သံရုံးအတွင်း ဝင်ရောက် မရတော့ဘဲ နောင်တွင် စစ်ကောင်စီက သူ့နေရာတွင် ၎င်းတို့ကိုယ်စားလှယ်ကို အစားထိုး ခန့်အပ်လိုက်သည်။
ထိုသို့ ဆန့်ကျင်ကန့်ကွက်ခြင်းကို ဗြိတိန်အစိုးရက ချီးကျူးခဲ့ပြီး ဦးကျော်စွာမင်းသည် လန်ဒန် အနောက်မြောက်ပိုင်းမှ သံဆူးကြိုးများ၊ စီစီတီဗီကင်မရာများ တပ်ဆင်ထားသည့် သံအမတ်နေအိမ်တွင် ဆက်နေထိုင်သည်။ တရားမဝင် အစိုးရတခု၏ ကိုယ်စားလှယ်များ စီမံအုပ်ချုပ်နေသည့် သံရုံးသို့ ထိုနေအိမ်ကို ပြန်လည် လွှဲပြောင်းပေးရန် သူက ငြင်းဆန်သည်။
လွန်ခဲ့သောနှစ်တွင်မူ အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးသည်ဟု ဆိုကာ ဦးကျော်စွာမင်းကို ထိုနေအိမ်မှ ထွက်ခွာပေးရန် ဗြိတိန်နိုင်ငံက တိုက်တွန်းသည်ဟု Reuters က ဖော်ပြခဲ့သည်။
ယခုအပတ် အစောပိုင်းတွင်မူ ဦးကျော်စွာမင်းသည် သံတမန် အဆောက်အအုံကို ပိုင်နက်ကျူးလွန်သည်ဆိုသည့် စွပ်စွဲချက်အရ ရဲတပ်ဖွဲ့က တွေ့ဆုံမေးမြန်းသည်ဟု လန်ဒန်အခြေစိုက် Peters & Peters ဥပဒေလုပ်ငန်းမှ သူ၏ ရှေ့နေ မစ္စတာ နေးလ် ဆွစ်က ပြောသည်။ ယင်းစွပ်စွဲချက်သည် ပြစ်ဒဏ်ချမှတ်ခံရပါက ထောင်ဒဏ် ခြောက်လ သို့မဟုတ် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံး ချမှတ်နိုင်သည်။
“ဒီသံအမတ်နေအိမ်က မြန်မာနိုင်ငံပိုင်နက်ဖြစ်နေပြီး အမှုသည်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရရဲ့ ကိုယ်စားလှယ်တွေက သူ့ကို ပြောလာတဲ့အခါ သူတို့ကို အိမ်သော့အပ်လိုက်ရရင် သူ စိတ်ချမ်းသာမယ် လို့ပဲ ပြောနေတယ်” ဟု ရှေ့နေ မစ္စတာ ဆွစ်က Reuters သို့ ပြောသည်။
စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ ဆက်သွယ်စုံစမ်းသော်လည်း လန်ဒန်ရှိ မြန်မာသံရုံး၊ ဗြိတိန် နိုင်ငံခြားရေးရုံးနှင့် လန်ဒန်မြို့တော် ရဲတပ်ဖွဲ့တို့က တစုံတရာ မှတ်ချက်မပေးပေ။
ဦးကျော်စွာမင်းကို ရဲတပ်ဖွဲ့က သြဂုတ်လ ၁၅ ရက်နေ့တွင် တွေ့ဆုံမေးမြန်းသော်လည်း မည်သည့်စွဲချက်မှ မတင်ကြောင်း ရှေ့နေ မစ္စတာ ဆွစ်က ပြောသည်။ ဗြိတိန်ရှေ့နေချုပ်သည် သူ့ကို တရားစွဲဆိုရန် လုံလောက်သော အထောက်အထား ရှိ မရှိ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
စွဲချက်များ တင်ပါက ဗြိတိန်သည် ယခင်က ဦးကျော်စွာမင်းကို ထောက်ခံပြီး အာဏာသိမ်းမှုနှင့် အတိုက်အခံများအပေါ် သွေးချောင်းစီး နှိမ်နင်းမှုများအတွက် စစ်ကောင်စီကို အရေးယူပိတ်ဆို့ထားသောကြောင့် နိုင်ငံရေးအရ ပြဿနာတက်မည့် အန္တရာယ်ရှိသည်။ စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် အတိုက်အခံများကို သွေးချောင်းစီး နှိမ်နင်းသဖြင့် စစ်မျက်နှာပေါင်းစုံတွင် စစ်ကောင်စီကို ခုခံတော်လှန်မှုများ ဖြစ်နေသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဗိုလ်ချုပ်များကို စီးပွားရေး အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည့် ဗြိတိန်အာဏာပိုင်များ အနေဖြင့် တရားမဝင် စစ်ကောင်စီ၏ ထိုလုပ်ရပ်ကို ခွင့်ပြုပါက မယုံကြည်နိုင်လောက်အောင် ဖြစ်မည်ဟု Myanmar Accountability Project မှ ခရစ္စ ဂန်းနက်စ်က ပြောသည်။
ဗြိတိန်နိုင်ငံသည် မြန်မာတွင် ဒီမိုကရေစီ ပြန်လည် ထိန်းသိမ်းရန် တောင်းဆိုပြီး မြန်မာစစ်ကောင်စီနှင့် ၎င်းတို့ စီးပွားရေး အကျိုးစီးပွားကို အရေးယူပိတ်ဆို့သည့် အနောက်နိုင်ငံ အများအပြားတွင် ပါဝင်သည်။
အာဏာသိမ်းပြီးနောက် ဖြုတ်ချခံရပြီး လွတ်မြောက်နေဆဲ မြန်မာနိုင်ငံရေးသမားများနှင့် ဒီမိုကရေစီ လိုလားသော မဟာမိတ်များသည် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တည်ထောင်ထားသည်။
ဗြိတိန်အပါအဝင် ဒီမိုကရေစီနိုင်ငံအများစုက NUG နှင့် စစ်ကောင်စီ နှစ်ဖက်လုံးကို အသိအမှတ်မပြုကြပေ။
သို့သော် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာစစ်ကောင်စီသည် လန်ဒန်သံရုံး ယာယီအကြီးအကဲကို ခန့်အပ်သည်။ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းအရ စစ်ကောင်စီသည် ထိုသို့လုပ်ရန် ဗြိတိန်အစိုးရ၏ သဘောတူညီချက်ယူရန် မလိုအပ်ပေ။
ကိုးကား ။ ။ Reuters သတင်း Exclusive: British police investigate exiled former Myanmar envoy for trespass
You may also like these stories:
အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါက စစ်ကောင်စီအဖွဲ့ဝင်များကို ဒဏ်ခတ်အရေးယူမှု တိုးမြှင့်
ဗြိတိန်က ပိတ်ဆို့အရေးယူသည့် ဒေါ်ကျောက်ကြားရွှေ ဘယ်သူလဲ
ဗြိတိန်-မြန်မာဆက်ဆံရေး ၇၅ နှစ်ခရီး
စစ်ကောင်စီက ဖမ်းတဲ့ နိုင်ငံခြားသား ၆ ဦး
ဗြိတိန်ဝန်ကြီးချုပ်သစ် ဆူနက် ကြီးမားသော တာဝန်များကို ရင်ဆိုင်ရမည်