တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်၍ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောဆိုချက်မှာ လိမ်ညာပြောဆိုမှုသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရေး လမ်း ကြောင်းသွားရန် မရှိကြောင်း၊ ၎င်းတို့ အနေနှင့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုသွားလိုလျှင် အကြမ်း ဖက်လုပ် ရပ်များ နောက်မလုပ်တော့ကြောင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချကြောင်း ကမာ္ဘသိ ဝန်ခံချက်လိုကြောင်း ဩဂုတ်၂၂ ရက် မွန်းလွဲပိုင်းက နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
၎င်း၏ ပြောဆိုချက်နှင့် ပတ်သက်၍ NUG ၏ သဘောထားကို ဧရာဝတီက ဆက်သွယ်မေးမြန်းသည့်အခါ ဦးမောင် မောင်ဆွေက “စစ်ကောင်စီ မရှုနိုင်မကယ်နိုင်ဖြစ်နေတဲ့ အခြေအနေမှာ ဗလောင်းဗလဲ၊ လိမ်လည်စကား ပြောတာပါပဲ။ အကြမ်းဖက်ဆိုတာက ဘယ်သူတွေလဲဆိုတာ ပြည်သူတွေက သိတယ်။ တကမာ္ဘလုံး သိတယ်။ သူတို့ အကြမ်းဖက်လို့ နွေဦးတော်လှန်ရေးဆိုတာ ပေါ်ပေါက်လာတာဖြစ်တယ်။ ကျနော်တို့ကိုယ်၌ကလည်း ပြည်သူထုရဲ့ ဆန္ဒအတိုင်း တသဘောတည်းပါပဲ။ အကြမ်းဖက် စစ်ကောင်စီနဲ့ ညှိနှိုင်းဆွေးနွေးစရာ အကြောင်းတခုမှ မရှိပါဘူး” ဟု ဆိုသည်။
၎င်းက အကြမ်းဖက်မှုများကို စစ်ကောင်စီက ကျူးလွန်နေသဖြင့် စစ်ကောင်စီနှင့် မဆွေးနွေးနိုင်ခြင်းဖြစ်ကြောင်း ဆိုသည်။
ကရင်ပြည်နယ်အခြေစိုက် Venom စစ်ကြောင်း၏ တပ်ထောက်မှူးဖြစ်သူ ကိုဖြိုးကလည်း စစ်ကောင်စီတပ်သည် ရှုံးနိမ့် နေသဖြင့် တွေ့ဆုံဆွေးနွေးရေးကိစ္စကို ပုံစံတမျိုး ပြောလာခြင်းဖြစ်ကြောင်း ဆိုသည်။
၎င်းက “ဒါက သူတို့ ထွက်ပေါက်ရှာတာ။ ဒီလို တွေ့ဆုံဆွေးနွေးဖို့သွားမယ်လို့ သူ့ကို ဘယ်သူက ပြောတာလဲ။ သူတို့ ရှုံးနေတဲ့ အခြေအနေမှာ ထွက်ပေါက်မရှိလို့ ထွက်ပေါက်ရှာတဲ့အနေနဲ့ လမ်းစခင်းတယ်လို့ပဲ သုံးသပ်ပါတယ်။ ကျနော် တို့က စစ်အာဏာရှင်တွေကို ဒီအချိန် ဒီတော်လှန်ရေးမှာ နိဂုံးချုပ်ရမယ်။ ကျနော်တို့ကတော့ သူတို့နဲ့ တွေ့ဆုံ ဆွေးနွေးရေးကို လက်မခံဘူး။ ကျနော်တို့ဘက်က စလည်း မပြောဘူး” ဟု ဆိုသည်။
ထို့ပြင် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသူများနှင့် မဆွေးနွေးနိုင်သော်လည်း တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များနှင့် ဆွေးနွေးနိုင်ရေး လမ်းဖွင့်ထားဆဲဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ သို့သော်လည်း အဆိုပါ လမ်းဖွင့်ထားမှုသည် အမြဲတမ်း မဟုတ်ဘဲ အကန့်အသတ်ရှိ ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းထောက်တချို့၏မေးမြန်းမှုကို ဖြေကြားထားသည်။
စစ်ကောင်စီသည် ဆွေးနွေးရေးလမ်းကြောင်းကို EAOs များနှင့် တဖက်တွင် လမ်းဖွင့်ထားခြင်းသည် NUG အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် EAOs များကြား သွေးခွဲမှုသာဖြစ်ကြောင်း NUG ဘက်က ရှုမြင်သည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက “ဟိုးအရင်ကတည်းကလိုပဲ ထုံးစံအတိုင်းသွေးခွဲဖို့ ကြိုးစားမယ်။ တဖွဲ့ချင်းခွဲထုတ်ပြီး ချေမှုန်းတဲ့လမ်းစဉ်ကို သူတို့က ဟိုးအရင်တုန်းက သုံးခဲ့ကြတဲ့ လမ်းစဉ်အဟောင်းပါ။ ဒီအချိန်မှာ နွေဦးတော်လှန်ရေးမှာလည်း ဒီလမ်းစဉ်ကို ထုတ်သုံးလာတဲ့သဘောပေါ့” ဟု ဆိုသည်။
ကရင်နီ အမျိုးသားများ တိုးတက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူး၂ ဦးအောင်ဆန်းမြင့်က တွေ့ဆုံဆွေးနွေးရေး သည် အားလုံးပါဝင်နိုင်သည့် အခြေအနေမျိုးရှိမှသာ ဖြစ်သင့်ကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက “ကျနော်တို့ကတော့ နိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးရေးပဲ ဖြစ်သင့်တယ် ပေါ့။ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းကို အရင်ဆုံး လုပ်ရမှာပါ။ စစ်ကြောင်းထိုးနေတဲ့ စစ်ဆင်ရေးတွေ အကုန်ရပ်ဖို့ လိုတယ်။ တကယ်တမ်း တိုင်းပြည်ငြိမ်းချမ်းစေချင်တယ်ဆိုရင်တော့ အားလုံးပါဝင်နိုင်ရေးကို စဉ်းစားဖို့လိုတာပေါ့။ ဟိုအဖွဲ့နဲ့မှ တွေ့မယ်။ ဒီအဖွဲ့နဲ့မှ တွေ့မယ်။ ဒီနေ့ တိုင်းပြည်မှာက တစုတဖွဲ့ လူတယောက်တည်းက ဆုံးဖြတ်လို့မရဘူး။ လက်ရှိတော်လှန်ရေးက လူထုတော်လှန်ရေးဖြစ်တယ်။ အဲဒီအတွက်ကြောင့် အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေး နွေးမှု ဖြစ်သင့်တယ်” ဟု ဆိုသည်။
ထို့ပြင် အကြမ်းဖက်မှုနှင့် ပတ်သက်ပါက တိတိကျကျ ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်ပြီး မြန်မာနိုင်ငံရှိ လက်. နက်ကိုင် တော်လှန်ရေးတပ်များသည် စစ်ကောင်စီ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်စစ် လုပ်ဆောင်နေရခြင်း ဖြစ် ကြောင်း ဦးအောင်ဆန်းမြင့်က ရှင်းပြသည်။
လက်ရှိမြန်မာနိုင်ငံတွင် စစ်ကောင်စီသည် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်အလယ်ပိုင်းနှင့် အရှေ့ပိုင်းမှ လွဲ၍ တနိုင်ငံလုံးနီးပါးတွင် အာဏာသိမ်းမှုဆန့်ကျင်သည့် တော်လှန်ရေးတပ်များနှင့် တိုက်ခိုက်နေရသည်။
တော်လှန်ရေးတပ်များသည် လက်ရှိတွင် တိုက်ရည်ခိုက်ရည် ပို၍တက်လာပြီး မြို့အချို့နှင့် စစ်ကောင်စီ အထိုင်စခန်း အချို့ကို သိမ်းဆည်းနိုင်မှုရှိသော်လည်း စစ်ကောင်စီတပ်များကို အပြီးအပြတ် မချေမှုန်းနိုင်သေးပေ။
အလားတူ စစ်ကောင်စီဘက်ကလည်း တော်လှန်ရေး အင်အားစုများကို အမြစ်ပြတ် မတိုက်နိုင်သည့်အခြေအနေတွင် တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ပုံစံတမျိုး ပြောလာခြင်း ဖြစ်သည်။
You may also like these stories:
စစ်ကောင်စီတပ် စိတ်ဓာတ်ကျနေတာ သေချာလား
ကလေး- ဂန့်ဂေါလမ်းတလျှောက် စိုးမိုးနိုင်ရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ခုခံတော်လှန်ရေး အင်အားစုများ ခြေသွက်ချိန် စစ်ကောင်စီ လမ်းပျောက်