နိုင်ငံမြောက်ပိုင်းမှ ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းများတွင် ကလေးငယ်များ ပိတ်လှောင်ခံရပြီး အလုပ်လုပ်နေရသည့် သတင်းများကြောင့် တခါက တရုတ်ခရီးသည်များအကြား ရေပန်းစားသည့် မြန်မာ၏ ဂုဏ်သိက္ခာ ကျဆင်းသွားနေကြောင်း တရုတ်သတင်းများက ရေးနေကြသည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ဖုကျန့်ပြည်နယ်ရှိ သတင်းဌာနတခုမှ သတင်းဗီဒီယိုသည် ဩဂုတ်လ ၂၂ ရက်နေ့တွင် လူမှုကွန်ရက် ဆွေးနွေးမှုများ၏ ထိပ်ဆုံးသို့ ရောက်လာသည်။ ထိုသတင်းဗီဒီယိုတွင် တရုတ်မှ အသက်မပြည့်သေးသည့် ကလေးငယ် အနည်းဆုံး ၁၁ ဦးသည် မတ်လမှစတင်ပြီး မြန်မာမှ ငွေလိမ်လည်သည့် ကုမ္ပဏီများ၏ လိမ်လည် ခေါ်ဆောင်ခံရကြောင်း ဖော်ပြထားသည်။
တရုတ်ပြည်သူ့လုံခြုံရေးဌာန၏ တရားဝင် Weibo လူမှုကွန်ရက်အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနေသည့် ထိုဗီဒီယိုတွင် စိတ်ပူပန်နေသည့် မိဘများက ကလေးများနှင့် ဆက်သွယ်ရန် ခက်ခဲနေကြောင်း ပြောကြားထားပြီး ရိုက်ကူးထားသည့် ဖုန်းမျက်နှာပြင်ပုံများအရ ထိုကလေးများကို တင်းကျပ်စွာ ထိန်းချုပ်ထားကြောင်း သိရသည်။
“ကျနော့်ကလေးက ရဲကို မတိုင်နဲ့၊ တိုင်ရင် သူတို့ ဒုက္ခရောက်မယ်လို့ ပြောတယ်” ဟု ထိုသတင်းတွင် မိသားစုဝင်တဦးက ပြောသည်။
ထိုကလေးများအနက် နှစ်ဦးသည် အသက် ၁၅ နှစ်နှင့် ၁၆ နှစ်အရွယ်များဖြစ်ကြောင်း သိရသည်။ အခြားကလေးများ၏ အသက်အရွယ်ကို ဖော်ပြထားခြင်း မရှိပေ။
ထိုကလေးများကို တဦးလျှင် ယွမ် ၂၀,၀၀၀ (ဒေါ်လာ ၂,၇၄၂) ဖြင့် ကြားလူတဦးက မြန်မာသို့ လူမှောင်ခိုကူးခဲ့သည်ဟု သိရသည်။
“ကျနော်တို့ အိမ်ပြန်လာလို့ရတော့မှာ မဟုတ်ဘူး” ဟု ကလေးငယ်တဦးက သူ၏မိဘများထံ စာရေးသည်။
တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် မြန်မာနိုင်ငံ အခြေပြု ဆိုက်ဘာ လိမ်လည်ဂိုဏ်းများသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း တရုတ်ပြည်၌ အကြီးအကျယ် ဆွေးနွေးကြသည့် အကြောင်းအရာ ဖြစ်သည်။ ထိုသို့သော ရာဇဝတ်ဂိုဏ်းများအကြောင်း ရိုက်ကူးထားသည့် ပြည်တွင်း ရုပ်ရှင်တခုသည် ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံဖိုးအထိ လက်မှတ်ရောင်းငွေ ရသည်။
ထိုငွေကြေးလိမ်လည်သည့် ဂိုဏ်းများတွင် လူကုန်ကူးခံရသူများသည် ပြင်းထန်သော အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ခံရကြောင်း Sixth Tone သတင်းဌာနနှင့် မိတ်ဖက်ထုတ်ဝေသည့် The Paper က ဖော်ပြသည်။
မြန်မာနှင့်ပတ်သက်သည့် အငြင်းပွားမှုများကြောင့် တရုတ်ခရီးသည်များအကြား မြန်မာ၏ ဂုဏ်သတင်းကို ထိခိုက်စေသည်။ ကပ်ရောဂါမတိုင်မီက တရုတ်ခရီးသည်များသည် မြန်မာသို့ သွားရောက် လည်ပတ်သူ အားလုံး၏ ၃၆ ရာခိုင်နှုန်း ရှိသည်။
ခရီးသွားလုပ်ငန်း ကြိုတင်လက်မှတ်ဖြတ်သည့် ဝက်ဘ်ဆိုက် Trip.com တွင် မြန်မာသို့ အားလပ်ရက် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုပေးသည့် လုပ်ငန်း တခုသာ ရှိတော့သည်။ မြန်မာသို့ သွားရောက်သည်ကို ထောက်ခံမှုပေးတော့မည် မဟုတ်ကြောင်း ယူနန် နိုင်ငံတကာ ခရီးသွားဝန်ဆောင်မှုမှ ဝန်ထမ်းတဦးက Sixth Tone သို့ ပြောသည်။
“ဒီအချိန်မှာ မြန်မာကို သွားချင်တဲ့သူ အရမ်းနည်းနေပြီ။ ကျမတို့ကလည်း အဲဒီကို ခရီးသည်တွေ ပို့ရမှာ ကြောက်နေပြီ” ဟု အဆိုပါဝန်ထမ်းက ပြောသည်။
အွန်လိုင်းတွင် မြန်မာကို ဝေဖန်မှုများနှင့် တရားဥပဒေ ကင်းမဲ့မှုများအကြောင်း ပျံ့နှံ့နေသည်။ ဩဂုတ်လ ၂၂ ရက်နေ့တွင် မြန်မာဝန်ကြီးတဦးက တရုတ်မီဒီယာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပါဝင်ပြီးနောက် ထိုပြဿနာကို အရေးမပါသလို ပြောဆိုသောကြောင့် ထိုဝန်ကြီးကို လူမှုကွန်ရက် သြဇာကြီးသူများက Weibo လူမှုကွန်ရက်တွင် ဝေဖန်တိုက်ခိုက်ကြသည်။
လောင်းကစားနှင့် ငွေလိမ်ဂိုဏ်းများကို ထိုင်း၊ လာအိုနှင့် မြန်မာအာဏာပိုင်များ ပူးပေါင်းစစ်ဆင်ရေး လုပ်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာသည်။
ကိုးကား ။ ။ Sixth Tone သတင်း Chinese Children Trapped in Myanmar Scam Centers: Report
You may also like these stories:
မြန်မာပြည်တွင်းရှိ အွန်လိုင်းလောင်းကစားရာဇဝတ်မှုများ အမြစ်ဖြတ်ချေမှုန်းမည်ဟု တရုတ်ဆို
တရုတ်ခြံစည်းရိုးနှင့် လူကုန်ကူးမှု ဗဟိုချက်ဖြစ်လာသည့် မြန်မာနယ်စပ်
တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ
လူကုန်ကူးမှု အရူပ်တော်ပုံကြားက ရွှေကုက္ကိုလ် (ရုပ်/သံ)
တရုတ်ခြံစည်းရိုးနှင့် လူကုန်ကူးမှု ဗဟိုချက်ဖြစ်လာသည့် မြန်မာနယ်စပ်