မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာကျေးရွာသို့ သြဂုတ်၂၁ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်များ ဝင်ရောက် စီးနင်းစဉ် PDF နှင့် ဆက်နွှယ်သည်ဟုဆိုကာ ဖမ်းသွားခဲ့သည့် ဒေသခံ ၆ ဦးမှာ မည်သည့်နေရာ၌ ဖမ်းထားသည်ကို မသိရဘဲ ယနေ့ထိ အဆက်အသွယ်ပြတ်နေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
နွားထိုးကြီးတွင် အထိုင်ချထားသော တပ်မ ၉၉ လက်အောက်ခံ အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်သည် မင်းရွာကို စီးနင်း၍ နာမည်အတိအကျနှင့် ၁၂ ဦးကို လာရောက် ရှာဖွေရာ မတွေ့ရှိရသောကြောင့် အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဟု သိရသည်။
နွားထိုးကြီးမြို့နယ် ပကဖအဖွဲ့မှ တာဝန်ရှိသူတဦးက “သူတို့က နာမည်အတိအကျတွေနဲ့ လာရှာကြတာဗျ။ တယောက် ယောက်က သတင်းပေးတိုင်တာမျိုးရှိလို့ လာရှာကြတာမျိုးပဲ၊ သူတို့ လာရှာတဲ့သူတွေကို မရတာကြောင့် အခု မဆိုင်တဲ့သူ တွေကို ခေါ်သွားကြတာ၊ အသက်၂၀၊ ၂၅ နှစ် ဝန်းကျင်အရွယ်လေးတွေပါ။ ဒီနေ့ သက်ဆိုင်ရာ မိသားစုဝင်တွေ မြင်းခြံ ခမရ ၁၅ ကိုလိုက်သွားတော့ မရှိဘူး၊ မသိဘူးလို့ ပြောလိုက်တယ်တဲ့၊ လက်ရှိမှာတော့ ဖမ်းခံရတဲ့သူတွေအတွက် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံများနှင့် လမ်းသွားလမ်းလာ ပြည်သူ ၆၀ ကျော်ကို မင်းရွာအရှေ့ဘက်ရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး သြဂုတ်၂၁ ရက်က ဖမ်းဆီးထားသူများအား တနေ့လုံး စစ်ဆေးကာ ညပိုင်းတွင် အဆိုပါ ၆ ဦးမှအပ ကျန်သူများ အားလုံးကို ပြန်လည် လွှတ်ပေးကာ ညအိပ် တပ်စွဲခဲ့ကြကြောင်း သိရသည်။
နွားထိုးကြီးဒေသခံတဦးက “စဖမ်းခံရတုန်းကတော့ ဒေသခံတွေရော လမ်းသွားလမ်းလာတွေရော ၆၀ ကျော်လောက်ထိ ရှိတယ်။ မင်းရွာဘုန်းကြီးကျောင်းထဲမှာ အားလုံးကို ဖမ်းထားပြီး စစ်ဆေးတာတွေ လုပ်ခဲ့ကြတာ။ မင်းရွာက မိန်းကလေး တယောက်ရဲ့ နာမည်အတိအကျနဲ့ လာရှာတာမှာမတွေ့လို့ ရွာကို ဝင်စီးကြတာ။ ဖမ်းခံရတဲ့သူတွေထဲက ကောင်မလေး ၅ ယောက်နဲ့ ယောက်ျားလေး ၁ ယောက်ကို မနေ့က ဖမ်းခေါ်သွားပြီး ကျန်တဲ့သူတွေ အကုန်ပြန်လွှတ်ပေးခဲ့တယ်၊ အခု ၆ ယောက်ကို မြင်းခြံစစ်ကြောရေးကို ပို့ထားတယ်လို့ သိရတယ်” ဟု ပြောသည်။
ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၁ ဦးမှာ သာမန်အရပ်သားများသာဖြစ်ပြီး PDF တပ်ဖွဲ့ဝင်များ၊ ထောက်ပို့ များဟု စွပ်စွဲချက်ဖြင့် မြင်းခြံ ခမရ ၁၅ တပ်တွင်း စစ်ကြောရေးသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ သိရတာကတော့ စစ်ကြောရေးပို့လိုက်တယ်ဆိုတဲ့သူတွေက သာမန်အရပ်သားပြည်သူတွေသာ ဖြစ်ပါတယ်။ ကျနော်တို့ PDF အဖွဲ့တွေနဲ့ ဘာမှသက်ဆိုင်မှုမရှိတဲ့အပြင် သိတောင် မသိကြပါဘူး။ နာမည်နဲ့ အတိအကျလာရှာတဲ့သူတွေ မတွေ့လို့ တွေ့ရာလူကို ဖမ်းသွားတာမျိုးပဲဗျ။ ကြွက်မနိုင်လို့ ကျီကို မီးရှို့တဲ့ပုံစံမျိုးပါပဲ။ ဖမ်းဆီးစစ်ဆေးခံရသူတွေကို ရိုက်နှက်နှိပ်စက်တာမျိုးတွေလည်း လုပ်သွားကြတယ်လို့ သိရတယ်” ဟု ပြောသည်။
ထို့သို့ မင်းရွာကျေးရွာမှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သြဂုတ်၂၂ ရက် နံနက် ၄ နာရီခွဲအချိန်၌ ကျားကန်ကျေးရွာကို ရောက်ရှိခဲ့ပြီး အိပ်ပျော်နေသည့်ဒေသခံများကို နှိုး၍ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြ ကြောင်း၊ နေ့လယ် ၁၂ နာရီခန့်တွင် ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးကာ နွားထိုးကြီးမြို့ပေါ်သို့ ပြန်လည်ထွက်ခွာသွား ကြောင်း သိရသည်။
ယခုအခါ နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က မကြာခဏ ဝင်ရောက်စီးနင်းခြင်းများ ပြုလုပ် ကာ ဒေသခံများအား ဖမ်းဆီးခြင်းများပြုလုပ်သလို၊ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများကြောင့် စစ်တပ်ဘက်က ထိခိုက် သေဆုံးမှုများ လည်း ရှိကြောင်း သိရသည်။
You may also like these stories:
စစ်ကိုင်းမြို့ တလိုင်းရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု ၃ ဦး သေဆုံး
ကလေး- ဂန့်ဂေါလမ်းတလျှောက် စိုးမိုးနိုင်ရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
လက်ခတ်တောင်ပြန်ရရေး စစ်ကောင်စီ စစ်ရှိန်မြှင့်၍ တိုက်ခိုက်နေ