စစ်ကိုင်းတိုင်း မုံရွာမြို့၌ သြဂုတ် ၁၀ရက်က ဖြစ်ခဲ့သည် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး သေဆုံးခဲ့ရသော ဓားပြ တိုက်မှုနှင့် ပတ်သက်၍ ဖမ်းမိထားသူများကို ပုဒ်မ ၃ခုဖြင့် အမှုဖွင့် တရားစွဲထားကြောင်း မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ (ပ.အ.ဖ) က သြဂုတ် ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ သံသယတရားခံ အမျိုးသား ၇ ဦးကို မုံရွာပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ)က ဖမ်းဆီးရမိခဲ့ပြီးနောက် ယခုအခါ ၎င်းတို့အား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၉၅၊ ၃၉၆၊ ၃၉၇ တို့ဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်က “ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ သူတို့ကို ထောင်ထဲထည့်ထားပါ တယ်။ အရပ်ဘက်တရားရုံးကနေပဲ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဖမ်းဆီးထားသည့် အမျိုးသား ၇ ဦးမှာ ကျွဲကြီး(ခ)ဘိုငွေ၊ ပြုံးကြီး(ခ)ကျော်စိုးထွန်း၊ အောင်ကြီး(ခ)အောင်မြင့်ခိုင်၊ ဘဂျမ်း(ခ)ကျော်သူစံ၊ တက်တူး(ခ)မိုးမင်းထက်၊ ကရင်(ခ)အောင်ဆန်းဦးနှင့် ကျားလေး(ခ)ဝင်းမင်းထက်တို့ဖြစ်ပြီး မုံရွာမြို့နယ် ပ.လ.ဖ အဖွဲ့က အမှုတည်ဆောက်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရုံးတွင် တရားစွဲဆို ထားခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူမိသားစုဝင်နှင့် နီးစပ်သူတဦးက “အဓိကကတော့ သူတို့ကို သေမိန့်ပေးစေချင်တာပေါ့။ ဒါပေမယ့်လည်း အထက်ကအတိုင်းပဲ လုပ်ရမှာပေါ့။ ကျေနပ်မှုတော့မရှိဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်က မုံရွာမြို့၊ ထန်းတောအင်းဖြတ်ရပ်ကွက်ရှိ နေအိမ်တအိမ်သို့ လက်နက်ကိုင်ဆောင်ထား သည့် အမျိုးသား ၆ ဦး ရောက်ရှိလာခဲ့ပြီး နေအိမ်ရှိ မီးဖွားရန် ၃ ရက်ခန့်သာလိုတော့သော အသက်၂၅ နှစ်အရွယ် မအေးငြိမ်းသူအား သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူတဦးက ပြောသည်။
ဓားပြတိုက် ပစ်ခတ်မှုဖြစ်ပွားချိန်တွင် နေအိမ်၌ သေဆုံးသွားသူ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ၎င်း၏ ခဲအိုနှင့် ယောက္ခမ ဖြစ်သူ တို့ရှိနေပြီး ယောက္ခမဖြစ်သူမှာ နားထင် သေနတ်ရှပ်ထိခဲ့ကာ ခဲအိုဖြစ်သူမှာ လွတ်မြောက်သွားခဲ့ကြောင်း၊ ဓားပြတိုက် ပစ်ခတ်သူများမှာ နေအိမ်အတွင်းရှိ ဖုန်းနှစ်လုံးနှင့် ဆိုင်ကယ်တစီးတို့ကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း မုံရွာ ပ.လ.ဖ က ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၁၁ ရက် နံနက်ပိုင်းတွင် Live လွှင့်၍ အသိပေးထုတ်ပြန်ခဲ့ပြီး ၁၀ ရက်ကျော်အကြာတွင် ၎င်းတို့အား တရားစွဲဆိုထားခြင်းဖြစ်ကြောင်း မုံရွာမြို့နယ် ပ.အ.ဖ အဖွဲ့က ထပ်မံအသိပေးထုတ်ပြန်လာခြင်း ဖြစ်သည်။
You may also like these stories:
မုံရွာ ဓားပြတိုက် သတ်ဖြတ်မှု ကျူးလွန်သူများ ဖမ်းမိဟုဆို
မုံရွာ ကညနရုံး တိုက်ပွဲ စစ်ကောင်စီ အသေအဆုံးများ
မုံရွာနှင့်ဝက်လက်နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး၍ သတ်ဖြတ် မီးရှို့