ထိုင်းဘတ်ငွေလဲလှယ်နှုန်းမှာ တည်ငြိမ်မှုမရှိသဖြင့် ပြည်တွင်း၌ ထိုင်းစားသောက်ကုန်နှင့် လူသုံးကုန်များ ဖြန့်ဖြူး ရောင်းချသည့်လုပ်ငန်းတချို့ ယာယီရပ်တန့်ထားမှုများ ရှိလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ယခုလ ၇ ရက်က အာရှလမ်းမကြီး တောနော်ရေတံခွန်အနီး မြေပြိုသဖြင့် သယ်ယူပို့ဆောင်ရေးခက်ခဲပြီး ကုန်ကျစရိတ်ပိုလာသလို ငွေဈေးကလည်း မငြိမ်သဖြင့် လတ်တ လော အဝယ်ရပ်ထားရခြင်းဖြစ်ကြောင်း ထိုင်းစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။
ထိုင်းစားသောက်ကုန်နှင့် လူသုံးကုန်ဖြန့်ဖြူးရောင်းချရေး လုပ်ကိုင်သူတဦးက “ငွေဈေးမငြိမ်တော့ လုပ်ရခက်တယ်။ အခုရောင်းရတဲ့ဟာက နောက်အရင်းကိုမမီတော့ အမြတ်မကျန်သလိုဖြစ်တာ။ အမြတ်ကိုပါ ထပ်ထပ်ရင်းရသလို ဖြစ် တာပေါ့။ အခုက ဘတ်ဈေး တက်လိုက်ကျလိုက်အပေါ်မူတည်ပြီး ထိုင်းပစ္စည်းတွေက ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင် နှုန်းလောက် တက်သွားတာ။ လမ်းပိုင်းလည်း အခက်အခဲရှိတော့ တန်ဆာခတွေကမြင့်တယ်။ ဒါကြောင့် ရပ်ထားတာ” ဟု ဧရာဝတီကို ပြောသည်။
ယင်းအခြေအနေများကြောင့် လက်ကားဈေး၌ပင် ထိုင်းကုန်ပစ္စည်းများမှာ အမျိုးအစားပေါ်အလိုက် ၁၅ ရာခိုင် နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ ဈေးမြင့်တက်နေပြီး သယ်ယူပို့ဆောင်ရေးမှာလည်း အခက်အခဲရှိနေသဖြင့် ပစ္စည်းအဝယ်ရပ် ထားသည်မှာ ရက်သတ္တပတ်သုံးပတ်ခန့် ရှိပြီဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “အဝယ်ရပ်ထားတာပေါ့။ ငွေကြေးဈေးကွက် မငြိမ်တာကြောင့်လည်းပါတယ်။ ငွေဈေးရယ်၊ တန်ဆာခရယ်ပေါင်းပြီး ရောင်းရတာဆိုတော့ ဈေးနှုန်းတွေကလည်း တက်တာပေါ့။ နှစ်ခါတက်ဆိုတော့ စားသုံးတဲ့သူ ရော၊ ရောင်းတဲ့သူရော အဆင်မပြေဘူး” ဟု ပြောသည်။
ထိုင်းနိုင်ငံမှ ပြည်တွင်းသို့ စားသောက်ကုန်၊ လူသုံးကုန်နှင့် လျှပ်စစ်ပစ္စည်း စသည်တို့ တင်သွင်းရောင်းချနေပြီး လက်ရှိ ငွေဈေးအပြောင်းအလဲနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ပြည်တွင်းစားသုံးသူများအနေဖြင့် ယိုးဒယား ပုဇွန်နှစ်ကောင်ဆီ တပိဿာလျှင် ယခင်ဇူလိုင်လက ၉,၅၀၀ ကျပ်ရှိရာမှ ယခုအခါ ၁၅,၀၀၀ ကျပ်ထိ ရှိလာရာ ရက် သတ္တပတ် လေးပတ်အတွင်း ၅,၅၀၀ ကျပ် မြင့်တက်လာကြောင်း လက်လီစားသုံးသူများထံမှ သိရသည်။
ရန်ကုန်မြို့ အင်းစိန်မြို့နယ်နေ အိမ်ရှင်မတဦးက “ကျမတို့ဆို ယိုးဒယားပုဇွန်နှစ်ကောင်ဆီ သုံးတယ်။ ဈေးတွေက တောက်လျှောက်တက်လာတာ။ နောက်ပြီးတော့ ထိုင်းကလာတဲ့ ကလေးစားတဲ့သကြားလုံးတို့၊ ကော်ဖီတို့ ဒါတွေ လည်း ဈေးတက်တယ်။ ဒါတွေကတော့ ကျပ် ၂၀၀/၃၀၀ လောက်ကနေ စတက်တာ” ဟု ပြောသည်။
အထုပ် ၃၀ ပါ ထိုင်းကော်ဖီမစ် အထုပ်ကြီးတထုပ်လျှင် ယခင် ၂,၈၀၀ ကျပ်ဝန်းကျင်သာရှိသော်လည်း လက်ရှိတွင် တထုပ် ၆,၀၀၀ ကျပ်ထိ မြင့်တက်လာကြောင်း၊ ထိုင်းကုန်ပစ္စည်းများ ဝယ်မရသည့်အခြေအနေ မဖြစ်သေးသော်လည်း တရက်ထက်တရက် ဈေးနှုန်းများက မြင့်တက်လာနေကြောင်းလည်း ၎င်းက ဆိုသည်။
၎င်းက “ကျမတို့ ဝယ်နေတဲ့ဆိုင်ဆိုရင် ဝယ်လို့တော့ရတယ်။ ဒါပေမယ့် သူ့ဂိုဒေါင်ထဲရှိတာတွေပဲ ရောင်းပေးမယ်ပေါ့ နော်။ နောက်ပစ္စည်းတွေကတော့ ငွေဈေးကြောင့် အဝယ်ခဏရပ်ထားတယ်ပြောတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ ကျပ်နှစ်သောင်းတန်ထုတ်ဝေခြင်း၊ စင်ကာပူအခြေစိုက် United Oversea Bank (UOB) က မြန်မာလုပ် ငန်းရှင်များ၏ လုပ်ငန်းသုံးငွေပေးချေမှုကို ယာယီဆိုင်းငံ့ခြင်း စသည့် ဂယက်များကြောင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်း ကာ နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်ခဲ့သည်။
ထို့ပြင် စစ်ကောင်စီက နိုင်ငံတကာငွေပေးချေမှုများကို ထိုင်းဘတ်ငွေကြေးနှင့် ရှင်းလင်းခွင့်ပြုသည်ဟု သြဂုတ် ၁၄ ရက်တွင် ကြေညာပြီးနောက်ပိုင်း ထိုင်းငွေဈေး ပိုမိုမြင့်တက်သွားကာ ၁ ဘတ်လျှင် မြန်မာငွေ ၁၁၀ ကျပ်ထိ ရှိခဲ့သည်။
ယနေ့ နေ့လယ်ပိုင်းအချိန်ထိ ဈေးကွက်အတွင်းမှသိရသည့် အချက်အလက်များအရ မြန်မာကျပ်ငွေ ၁ သိန်းလျှင် ထိုင်းငွေ ၉၆၀ ဘတ် (ဘတ်ပေးကျပ်ယူ)ဖြစ်ပြီး မြန်မာငွေ ၁ သိန်းကျပ်လျှင် ထိုင်းငွေ ၉၄၀ ဘတ် (ကျပ်ပေးဘတ်ယူ) ပေါက်ဈေးရှိကြောင်း သိရသည်။
ထိုင်း-မြန်မာ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတဦးက “ဈေးတွေကမငြိမ်ဘူး။ ဒီလ ၂၁ ရက်မှာ ဘတ်ဈေး နည်းနည်းပြန်ကျ တယ်။ ဒါပေမယ့်လည်း ခဏပဲ၊ နောက်ပြန်တက်တာပဲ။ အခုက အတက်အကျက နာရီပိုင်းအတွင်းကို အပြောင်းအလဲ မြန်နေတာ။ ၅ ကျပ်၊ ၁၀ ပြောင်းတာလည်းမဟုတ်ဘူး။ ငွေဈေးကမငြိမ်တော့ တချို့ရက်တွေ အရောင်းအဝယ်လုပ်မရ လို့ ရပ်ထားခဲ့ရတာမျိုးတွေဖြစ်တယ်။ မနေ့ကဆိုလည်း အရောင်းအဝယ်ရပ်တယ်” ဟု ဧရာဝတီကို ပြောသည်။
ယခုလဆန်းပိုင်းက မြေပြိုကျပျက်စီးသွားသည့် အာရှလမ်းမကြီးလမ်းပိုင်းကို တံတားခံနိုင်ဝန် ၅၅ တန်ခန့် ဖြတ်သန်း နိုင်သော ဘေလီတံတားထိုးနေမှု ယနေ့ ပြီးစီးသွားပြီဖြစ်၍ သြဂုတ် ၂၅ ရက်တွင် ပြန်လည်ဖြတ်သန်းနိုင်တော့မည် ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုင်း-မြန်မာ မြဝတီနယ်စပ်ကုန်သွယ်ရေးမှ လူသုံးကုန်၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါး စသည်တို့ တင်သွင်းပြီး မြန်မာဘက်မှ စားသောက်ကုန်နှင့် ရော်ဘာ၊ ပြောင်း၊ ပဲများ တင်ပို့လျက် ရှိသည်။
ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဩဂုတ် ၁၁ ရက်ထိ မြဝတီနယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၆၄၆ ဒသမ ၁၄၅ သန်း ကုန်သွယ်မှုပြုလုပ်ထားကာ ပြီးခဲ့သည့်ကာလတူ၌ ဒေါ်လာ ၈၂၈ ဒသမ ၉၆၆ သန်း ပြုလုပ်ထားသောကြောင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈၂ ဒသမ ၈၂၁ သန်း လျော့ကျနေကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစာရင်းများအရ သိရသည်။
You may also like these stories:
အဆမတန်တက်လာသည့် ဒေါ်လာဈေးကြောင့် ဆေးကုမ္ပဏီတချို့ အရောင်းရပ်
အခြေခံစားကုန်ဈေးနှုန်း အတက်ကြမ်း
ဗန်းမော်- လွယ်ဂျယ်လမ်းပိုင်း ကုန်စည်သယ်ခွင့် စစ်ကောင်စီပိတ်
မြဝတီလမ်းပျက်၍ လမ်းကြောင်းပြောင်း ကုန်သွယ်ခွင့်ပြုလည်း အခက်အခဲရှိ