ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က လောင်းကစားဝိုင်း တွေဆီကနေ ငွေကြေးကောက်ခံပြီး တရားဝင်ဖွင့်ခွင့်ပြုထားတယ်လို့ ဒေသခံတွေ ပြောပါတယ်။
လာမဲ့ အောက်တိုဘာ ၁ ရက်နေ့မှာ ကျရောက်မယ့် မြန်မာနိုင်ငံဆိုင်ရာရဲတပ်ဖွဲ့နေ့ အခမ်းအနား အသုံးစားရိတ်အတွက် ဆိုပြီး သြဂုတ်တတိယပတ်လောက်မှာ နယ်ထိန်းရဲတွေကနေတဆင့် လောင်းကစားဝိုင်း ၃၀၀ ကျော်ကို တဝိုင်း ၁၀ သိန်းနဲ့ စုစုပေါင်း ငွေကျပ် သိန်း ၃,၀၀၀ ကျော် ကောက်ခံခဲ့တာ ဖြစ်ပါတယ်။
တရုတ်-မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးမြို့တော် မူဆယ်မြို့မှာ စစ်တပ် အာဏာမသိမ်းခင်က လောင်းကစားဝိုင်း ၁၀ ခုလောက်သာရှိရာကနေ အခုအချိန်မှာတော့ ကာစီနို၊ လောင်းကစားဝိုင်း အသေးအကြီး စုစုပေါင်း ၃၀၀ ကျော် ရှိလာနေပြီ လို့ သိရပါတယ်။
လောင်းကစားဝိုင်းတွေနဲ့နီးစပ်သူ အမည်မဖော်လိုတဲ့ အမျိုးသမီးတဦးက “ရဲနေ့မှာ သူတို့ ကျွေးမွေးဖို့ဆိုပြီး တောင်းတာ။ ခဏခဏပါပဲ။ နယ်ထိန်းတွေ ပြန်ချိန်းလည်း တောင်းတယ်။ တောင်းသလောက်ပေးနိုင်ရင်တော့ လောင်းကစားတွေ ကြိုက်သလောက် ဖွင့်ခွင့်ပေးနေတာပဲ” လို့ ပြောပါတယ်။
လောင်းကစားဝိုင်းတွေ မူဆယ်မှာ အကြီးအကျယ်ဖွင့်နေပေမဲ့ မူဆယ်ရဲတပ်ဖွဲ့ဟာ အခွန်ကောက်ယူပြီး တရားဝင် ဖွင့်ခွင့်ပြု ပေးထားတယ်လို့လည်း နောက်ထပ်မြို့ခံတဦးက အတည်ပြုပြောဆိုပါတယ်။
အလားတူ ဒီလဩဂုတ်လဆန်းထဲမှာပဲ မူဆယ်နယ်ထိန်းရဲအရာရှိတဦး အချိန်းအပြောင်းပြုလုပ်တာကြောင့် အသစ်ရောက် ရှိလာတဲ့ နယ်ထိန်းရဲမှူးကို ပိုက်ဆံ သိန်း ၅၀ ကန်တော့ရမယ်ဆိုပြီး လောင်းကစားဝိုင်းတွေဆီကနေ အခွန်ကောက်ယူမှု တခု ပြုလုပ်ခဲ့ပါသေးတယ်။
မူဆယ်က လောင်းကစားဝိုင်း ဖွင့်လှစ်နေကြသူတွေဟာ စစ်ကောင်စီလက်အောက်ခံ ရှမ်းပြည်နယ်မြောက်ပိုင်းက ဌာနေပြည်သူ့စစ် တပ်ဖွဲ့တွေ အများစုဖြစ်ကြပြီး အင်အားကြီးတဲ့ ပန်ဆေး၊ ကောင်းခါး၊ မုံးပေါ်၊ နမ့်ခမ်းမြို့မနဲ့ မူဆယ်မြို့မပြည်သူ့စစ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တရုတ်နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။
လောင်းကစားဝိုင်းတွေကို ပြည်သူ့စစ်အမည်ခံတဲ့ လက်နက်ကိုင်ဆောင်သူတွေကပဲ လုံခြုံရေးယူပေးထားပြီး ဒေသတွင်းနဲ့ တရုတ်နိုင်ငံသားတွေက ဝင်ရောက်ဆော့ကစားကြပါတယ်။
အဲဒီလို လောင်းကစားဝိုင်းတွေကြောင့် မူဆယ်မြို့မှာ ခိုးဆိုးလုယက်မှုတွေ မြင့်တက်လာနေသလို လောင်းကစားဝိုင်းတွေထဲ မှာ ပြည်သူ့စစ်တွေအချင်းချင်း ပစ်ခတ်မှုတွေလည်း ရှိခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်က မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နဲ့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ်၊ မြန်မာနိုင်ငံဆိုင်ရာလာအိုသံအမတ်ကြီးတို့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ဒေသတွင်းက လောင်းကစား အပါအဝင် လိမ် လည်မှု ရာဇဝတ်မှုတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ ဆွေးနွေးညှိနှိုင်းခဲ့သလို တရုတ်ပြည်ဘက်က မြန်မာပြည်ထဲရှိ လောင်း ကစားတွေကို တိုက်ဖျက်သွားမယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းမှာလည်း မူဆယ်မြို့ပေါ်က မင်္ဂလာမူဆယ်ဈေးဝင်းထဲ တိုက်ခန်းတခုမှာ တရုတ်နိုင်ငံ သားတွေ ဝင်ရောက်ဖွင့်လှစ်ထားတဲ့ “ကျာ့ဖြန့်” ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတခုကို တရုတ်ရဲတပ်ဖွဲ့က မြန်မာပြည်ထဲ ဝင်ရောက်ဖမ်းဆီးမှု ပြုလုပ်ခဲ့ဖူးပါတယ်။
You may also like these stories:
အရှေ့တောင်အာရှသားတွေကို သွေးစုပ်နေတဲ့ တရုတ်လူဆိုးဂိုဏ်းများ
တရုတ်ခြံစည်းရိုးနှင့် လူကုန်ကူးမှု ဗဟိုချက်ဖြစ်လာသည့် မြန်မာနယ်စပ်
တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား
“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး