နွေဦးတော်လှန်ရေးအစ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ ရွှေကျင်၊ ကျောက်ကြီး၊ မုန်း မြို့နယ်တွေမှာသာ ထိတွေတိုက်ပွဲ ဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ စစ်တောင်းမြစ် အနောက်ဖက်ကမ်းအထိ ကူးလာတာ ကြောင့် စစ်ကောင်စီအဖို့ စစ်တောင်းမြစ်ဝှမ်းဒေသမှာ စစ်ရေးအရ ပိုမိုခြိမ်းခြောက်ခံလာရသလို တိုက်ပွဲကြီး တွေနဲ့လည်း ရင်ဆိုင်ရဖွယ် ရှိလာပါတယ်။
မကြာခင် ရက်တွေက ရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့ မိုင်အနည်းငယ်သာကွာတဲ့ ကျောက်တံခါးမြိုနယ် အရှေ့ ဘက် နံဇနဲ့ သမင်အင်းကုန်းရွာ တိုက်ပွဲတွေဟာဆိုရင် လေကြောင်းကပါ တိုက်ခဲ့ရလို့ ပြင်းထန်ခဲ့့ပြီး စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှု လည်း များပြားခဲ့ပါတယ်။
ဩဂုတ် ၁၈ ရက် မနက်ပိုင်းကညောင်လေးပင်ခရိုင် ကညွတ်ကွင်းမြို့နဲ့ တောကျွဲအင်းကြား ကုန်ရထား တစင်း မိုင်းခွဲခံ ရလို့ စက်ခေါင်းတွဲနှစ်တွဲ၊ နားနေတွဲနဲ့ ကုန်တွဲခြောက်တွဲတို့ လမ်းချော်ပြုတ်ထွက်ခဲ့ပြီး ရထားလမ်းလည်း ပေ ၁၅၀ ခန့် ပျက်စီးခဲ့ တာကို ကြည့်ရင် စစ်ကောင်စီရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ပြည်သူ့ကာကွယ်ရေး တပ်တွေက အချိန်မရွေး ဖြတ် တောက်နိုင်တယ်ဆိုတာ ပြနေပြီး ရန်ကုန်- မန္တလေး ရထားလမ်း၊ ကားလမ်းနဲ့ ပဲခူးရိုးမကြား ဒေသတွေကို စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်မှုဟာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ကရင့် တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ အမြစ်ပြတ်ချေမှုန်းရေးလုပ်ခဲ့ပေမယ့် အခုတခါ တော်လှန်ရေး အင်အား စုတွေ ပြန်လည်အခြေချလာနိုင်တာကို ကြည့်ရင် တော်လှန်ရေးရေခံမြေခံ ကောင်းတဲ့ အရပ်လို့ ဆိုရမှာပါ။
ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်က သမင်အင်းကုန်းရွာတိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်းကို တောင်ပိုင်းစစ်ဒေသခွဲ(၂)၊ အထူးစစ် ဆင်ရေး တပ်ရင်း(Special Operation Commando (SOC))နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းရာ ၉ နာရီကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ခန့် သေဆုံးခဲ့သလို တောင်ပိုင်းစစ်ဒေသမှ အထူးကွန်မန်ဒို တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပါတယ်။
တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ရင်း တပ်ခွဲ ၂ တပ်ခွဲမှူး ကိုမှိုက “ကျနော်တို့ သတင်းထောက်လှမ်းရပြီး ကာကွယ်ဖို့ ပြင်ဆင်ရာကတဆင့် တိုက်ပွဲအခြေအနေကောင်းတဲ့အတွက် စစ်ကြောင်းတခုလုံးကို ဝင်ရောက်စီးနင်းခဲ့တာပါ၊ လက်နက်အလက် ၂၀ ဝန်းကျင်ရတယ်။ ရန်သူရဲ့ အလောင်းတွေကိုလည်း တွေ့ရပါတယ်”လို့ ပြောပါတယ်။
ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးက နံဇနဲ့ သမင်းအင်းကုန်းရွာစတဲ့ တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လလယ် လောက်က စလို ဆက်တိုက်ဆိုသလို အပြန်အလှန်စစ်ကြောင်းထိုး တိုက်ခိုက်နေကြတာဖြစ်ပြီး ညောင်းလေးပင်ခရိုင်၊ ကျောက်တံခါး၊ ပိန်းဇလုပ်၊ ပဲနွယ်ကုန်း၊ ထန်းတပင်၊ မုန်း၊ ရွှေကျင်၊ ကျောက်ကြီးစတဲ့မြို့နယ်တွေမှာ ယခုနှစ်ဆန်းကစလို့ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာနေတာ ဖြစ်ပါတယ်။

ရန်ကုန်-မန္တလေး ကားလမ်း၊ ရထားလမ်းတွေပေါ်အထိ တိုက်ပွဲတွေ ကျယ်ပြန့်လာတာနဲ့အမျှ စစ်ကောင်စီဘက်ကလည်း နေ့စဉ်ဆိုသလို လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းက တိုက်ခိုက်တာတွေ မကြာခဏလုပ်နေပေမယ့် မြေပြင်က တိုက် ခိုက်တာတွေတော့ နည်းပါးသွားပြီလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။
၎င်းက “သူတို့ အင်အားတွေ ဆုတ်ယုတ်လာတော့ ထိုးစစ်တွေ နေ့စဉ်နေ့တိုင်း မလုပ်နိုင်တော့ပါဘူး၊ အင်အားတွေ စု စုပြီး တော့မှ အင်အား တရာ၊ တရာ့ငါးဆယ်နဲ့ ဟိုနေရာ သွားထိုးလိုက်၊ ဒီနေရာသွားထိုးလိုက် လုပ်နေတာ။ တော်လှန်ရေးတပ်ဖွဲ့ တွေကတော့ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းကိုကူးပြီး စစ်တောင်းမြစ်နဲ့ လမ်းဟောင်းကြား တဝက်လောက်ကို ရောက် နေပြီ။ ထိန်းချုပ်ထားတဲ့နယ်မြေ တော်တော်များများလည်း ရနေပါပြီ”လို့ ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့ အမျှ ပဲခူးအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းကို ထိန်းချုပ်နိုင်ရေးဟာ စစ်ကောင်စီအတွက်ရော တော်လှန်ရေးတပ်တွေ အတွက်ပါ အရေးပါပြီး ညောင်လေးပင်ခရိုင်ဟာ ပဲခူးရိုးမနဲ့လည်း နီးသလို အဓိက ဆက်သွယ်ရေး လမ်းမကြီးဖြစ်တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းကြီးနဲ့ လမ်းဟောင်းတို့ကို စိုးမိုးဖြတ်တောက်ထားနိုင်ဖို့ရာ အရေးပါတဲ့ နေရာ တခုလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ညောင်လေးပင်အထက်ပိုင်း တောင်ငူ၊ ရေတာရှည်၊ KNU တပ်မဟာ ၂ နယ်မြေ သံတောင်ဒေသကတဆင့်လည်း စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အထိ ဆက်စပ်နေသလို အောက်ဘက် ပဲခူးမြို့နဲ့ ၄၆ မိုင်ခန့်၊ ရန်ကုန်မြို့နဲ့လည်း ၉၈ မိုင်ခန့်သာ ကွာဝေးတာဖြစ်ပါတယ်။
ဒီလို စစ်ရေး၊ နိုင်ငံရေးအရ အရေးပါတဲ့ စစ်တောင်းမြစ်ဝှမ်းဒေသကို ထိန်းချုပ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ KNU လက်အောက်ခံပူးပေါင်းတပ်တွေဟာ ဆယ်လမွန်စစ်ဆင်ရေးအနေနဲ့ ရိုးမအထိ ထိုးဖောက်နိုင်ဖိုု့ ကြိုးပမ်းတိုက်ခိုက်နေကြတာဖြစ်ပါတယ်။
NUG တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ-၂ ဒုတိယစစ်ဦးစီး ဦးတင်ဦးက “ကျနော်တို့လှုပ်ရှားမှု ရည်မှန်းချက်အဆင့် ၁ က စစ်တောင်းမြစ်ဝှမ်းကို စိုးမိုးထားဖို့ပါပဲ” လို့ ဆယ်လ်မွန်စစ်ဆင်ရေးနှင့်ပတ်သက်ပြီး ပြောထားပါတယ်။
ဆယ်လမွန်စစ်ဆင်ရေးနဲ့အတူ ယခုနှစ်ဆန်းက စလို့ တိုက်ပွဲတွေပြင်းထန်လာခဲ့တဲ့ စစ်တောင်းမြစ် အနောက်ဘက်ကမ်း အပါအဝင် ညောင်လေးပင်ခရိုင်(ခလွယ်လွီထူခရိုင်) တခုလုံးအနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်တလအတွင်းမှာပဲ တိုက်ပွဲပေါင်း ၉၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၆၆ ဦးသေဆုံးခဲ့သလို လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။
ဒီလို ထိတွေ့တိုက်ပွဲတွေအပြင် ဒေသအတွင်း စစ်ကောင်စီရဲ့ စစ်ကူ၊ ရိက္ခာထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက် တဲ့အနေနဲ့ တံတားမိုင်းခွဲတိုက်ခိုက်တာတွေ အခြေစိုက်စခန်းတချို့ကို စီးနင်းသိမ်းပိုက်တာတွေကို တော်လှန်ရေးတပ်တွေက ပြုလုပ်နေပါတယ်။
ထင်ရှားတဲ့တိုက်ခိုက်မှုအနေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က ကျောက်ကြီးနဲ့ ပဲနွယ်ကုန်းကို ဆက်သွယ်ထားတဲ့ နတ်သံကွင်း တံတားအပါအဝင် တံတားသုံးစင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့သလို နတ်သံကွင်းရဲစခန်းနဲ့ စစ်တပ်အခြေစိုက် နေရာလေးခုကို လည်း တပြိုင်နက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
KNU ဗဟိုပြောခွင့်ရ ပဒိုစောကလယ်စေးက “ကျသွားတဲ့စခန်းတွေ ပြန်ရဖို့ သူတို့သိပ်ပြီး မဆောင်ရွက်နိုင်ဘူး၊ ကျန် စခန်း တွေ မကျရေးကိုပဲ အဓိကဦးစားပေး ကြိုးစားနေတဲ့ပုံ ပိုများတယ်၊ စစ်တောင်းမြစ်ဝှမ်းအောက်ပိုင်းဒေသကို ကျနော်တို့ ထိန်းချုပ်ထားနိုင်တယ်ဆိုရင် သူတို့အတွက် အများကြီး အခက်အခဲဖြစ်ပေါ်စေတယ်။ လူထုတွေလည်း ခပ်စိပ်စိပ် နေထိုင်မှု ရှိနေတဲ့အပေါ်မှာ နိုင်ငံရေး စစ်ရေးအရ သူတို့အတွက် အရမ်းကို အရေးပါတယ်ဆိုတာ အထွေအထူး ငြင်းစရာ မရှိဘူး။ ဒါကြောင့်ဒီနေရာကို သူတို့ အသည်းအသန် ပြန်လည်ထိန်းချုပ်နိုင်အောင် ကြိုးစားရတာဖြစ်ပါတယ်” လို့ပြောပါတယ်။
တိုက်ပွဲတွေပြင်းထန်လာတဲ့ ပဲခူးအရှေ့ခြမ်းကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်က စိုးမိုးထိန်းချုပ် နိုင်တဲ့ အနေအထားမရှိတဲ့အတွက် ရွေးကောက်ပွဲကျင်းပရင် ချန်လှပ်ထားရမယ့်ဒေသအဖြစ် ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီအစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် စစ်ရေးအရ အရေးပါတဲ့ဒေသကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကောင်စီဘက်ကလည်း လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ နေ့စဉ်လုပ်နေသလို မြေပြင်စစ်ကြောင်းတွေ အနေနဲ့လည်း တပ်မ ၇၇ အပါအဝင် ခလရ-၆၀၊ ခလရ-၂၆၄၊ ခမရ-၂၀၊ ခမရ-၃၀၇၊ ခမရ-၃၅၀၊ ခမရ-၃၅၁၊ ခမရ-၂၂၁၊ ခမရ-၄၃၉၊ ခမရ-၆၀၃၊ ခမရ-၃၁၀ တပ် တွေအပြင် ပျူစောထီး၊ ရဲစတဲ့အင်အားတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ KNU ဘက်က ထုတ်ပြန်ထားပါ တယ်။
ဒီလိုတုန့်ပြန်တိုက်ခိုက်ရာမှာ စစ်ကောင်စီအနေနဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် KNU တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းမှာ စစ်ဘေးရှောင် ဦးရေ ဟာ သောင်းနဲ့ချီရှိနေပြီး နေစဉ်နဲ့အမျှ တိုးလာနေတယ်လို့လည်း KNU ဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက် ညနေပိုင်းမှာ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်က ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်နဲ့ ရွာတွေဘက်ကို လေးကြိမ်ပစ်ခတ်ခဲ့ရာ ပဲသောင်ကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး အသက် ၁၃ နှစ်နဲ့ ၁၆ နှစ်အရွယ် ကျောင်းသားနှစ်ဦး သေဆုံးခဲ့ရသလို လေကြောင်းဗုံးကြဲမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေ့စဉ်နီးပါး အရပ်သား သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
ပဒိုစောကလယ်စေးက “ သူတို့စခန်းကို ဝင်မတိုက်နိုင်အောင်ဆိုတဲ့ အနေအထားမျိုးနဲ့ ကျချင်ရာကျဆိုတဲ့ လက်နက်ကြီး ပစ်ခတ်မှုမျိုးတွေနဲ့ လေယာဉ်နဲ့လည်းလာရောက်ပြီးတော့ မသင်္ကာတဲ့နေရာကို ဗုံးကြဲတဲ့အနေအထားမျိုး ဆောင်ရွက်မှုတွေ ပိုပြီးလှုပ်ရှားလာတယ်ပေါ့နော်။ အဲဒါကြောင့် လူထုတွေလည်းပိုပြီး ထိခိုက်နစ်နာမှုရှိလာတယ်။ စစ်ကောင်စီဘက်က လူထု တွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်လာတာနဲ့အမျှ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေဟာ ပိုပြီးပိုပြီး တနေ့ထက်တနေ့ များပြားလာတယ်” လို့ ဆိုပါတယ်။
အရင်က KNU တပ်တွေအနေနဲ့ စစ်တောင်းမြစ်အရှေ့ဘက်ဒေသတွေမှာ မြေပြင်လှုပ်ရှားမှုတွေကို ခက်ခက်ခဲခဲ လှုပ်ရှားခဲ့ရ ပေမယ့် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ စစ်တောင်းမြစ် အရှေ့ဘက်တင်မကဘဲ အနောက်ဘက်ကမ်းအထိ ထိုးဖောက်ကာ တိုက်ပွဲတွေဖြစ်နေတာက လက်တွေ့ပြလို့ရတဲ့ အခြေအနေဖြစ်တယ်လို့ KNU နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးက Burma News Network နဲ့အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
၎င်းက “ ဒီနေ့မှာ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းတင်မကဘူး။ စစ်တောင်းမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ ညောင်လေး ပင် တို့၊ ကျောက်တံခါးတို့အနီးအနားမှာပဲ ပတ်ချာလည်တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာက အခြေအနေ လက်တွေ့ပြလို့ ရပြီလေ၊ ပိတ်ဆို့ဖို့ နေနေ သာသာ ကျနော်တို့ကတော့ အဲဒီအနီးအနားတဝိုက်မှာ တိုက်ပွဲဖြစ်လို့တောင်မှ စစ်ကောင်စီ ဘာမှပြန်ပြီးတော့ မတုန့်ပြန်နိုင်တဲ့အနေအထားမှာ ရောက်သွားပြီလေ”လို့ ပြောပါတယ်။
ပဲခူးရိုးမနဲ့ ဆက်စပ်နေပြီး ရန်ကုန်-မန္တလေးလမ်းကိုပါ ဖြတ်တောက်နိုင်တဲ့ စစ်တောင်းမြစ် အနောက်ခြမ်းဒေသ တွေကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်လာနိုင်တာနဲ့အမျှ ပဲခူးရိုးမအရှေ့ခြမ်းကိုပါ ခြိမ်းခြောက်လာနိုင်တယ်လို့လည်း စစ်ရေးလေ့လာသူတဦးက သုံးသပ်ပါတယ်။
၎င်းက “ပဲခူးရိုးမကို ဆက်တဲ့ကြောပေါ့၊ ဒီနေရာကို စိုးမိုးနိုင်သွားရင်တော့ ပဲခူးရိုးမကိုလည်း ထိန်းချုပ်သွားနိုင်တာပေါ့၊ အခု လည်း ပဲခူးရိုးမမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်တွေ ရှိတာကိုး။ ပဲခူးရိုးမကို အခြေချနိုင်ပြီဆိုရင် အရှေ့ခြမ်းက ညောင် လေးပင်၊ ကျောက်တံခါးတို့ တင်မကဘူး၊ ရိုးမအနောက်ခြမ်းကိုပါ သွားပြီးခြိမ်းခြောက်နိုင်တာပေါ့၊ ရန်ကုန်-ပြည် ကား လမ်း တကြော ပေါ့။ အဲဒါကိုပါ ယူနိုင်ရင် မြစ်ဝကျွန်းပေါ်တွေပါ ဆက်သွားတော့မှာပေါ့”လို့ သုံးသပ်ပြောဆိုပါတယ်။
၁၉၇၅ ခုနှစ် ပဲခူးရိုးမ အခြေစိုက် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုနဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် အခြေစိုက် ကရင်အမျိုးသား ညီညွတ်ရေးပါတီ (KNUP)တို့ ပြိုကွဲသွားပြီးနောက် ၁၉၈၂ခုနှစ်ခန့်မှာ အရှေ့တိုင်းအခြေစိုက် ကရင်အမျိုးသား အစည်းအရုံး (KNU)က ပဲခူးရိုးမ ပြန်လည်အခြေချနိုင်ရေး တပ်ဖွဲ့တွေ စေလွှတ်ခဲ့ပေမယ့် ချေမှုန်းခံခဲ့ရပြီး ဖမ်းမိတဲ့ တပ်ဖွဲ့ဝင်တွေ နှစ်ရှည် ထောင်ဒဏ်များ ချခံခဲ့ရပါတယ်။
အလားတူ ၁၉၉၀ခုနှစ်မှာလည်း ကရင်အမျိုးသား အစည်းအရုံး(KNU)က ဘိုကလေးမြို့နယ်ကို အခြေပြုပြီး မြစ်ဝကျွန်း ပေါ် ထိုးဖောက်ရေး ပြုလုပ်ခဲ့ပေမယ့် သတင်းပေါက်ကြားပြီး စစ်တပ်က ရက်ရက်စက်စက် ချေမှုန်းခဲ့ရာ ကျေးရွာအများ အပြား ဖျက်ဆီးခံခဲ့ရပြီး အပြစ်မဲ့အရပ်သားအများအပြား ထောင်ချခံခဲ့ရသည်။
ယခုအခါမှာတော့ KNU အပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ စစ်တောင်းမြစ် အနောက်ဘက်ကမ်းကို ထိုး ဖောက်ဝင်ရောက်လာနိုင်ပြီဖြစ်ပြီး နယ်မြေစိုးမိုးရေးအတွက် လမ်းတွေပေါ် ရှောင်တခင်စစ်ဆေးတာတွေ လုပ်နေသလို ဒေသချင်း ဆက်လမ်းတွေမှာ ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း မသွားလာကြဖို့၊ နတ်သံကွင်းမြို့ကို ကုန်းလမ်းရေလမ်း ကနေ အဝင်အထွက် မလုပ်ကြ ဖို့နဲ့ စစ်ကောင်စီတပ်အနေနဲ့ လူသားဒိုင်း ပြုလုပ်တာတွေ ပိုတွေ့လာရတာကြောင့် ရှောင်ရှားကြဖို့တွေကို သတိပေး ထုတ်ပြန် ထားပါတယ်။
စစ်တောင်မြစ်ဝှမ်းကို စစ်ရေးအရ အခြေချလှုပ်ရှားလာတဲ့ အခြေအနေနဲ့ပတ်သက်လို့ ပြည်သူကာကွယ် ရေးတပ်တွေ အနေနဲ့ ရန်ကုန်နဲ့ အနီးဆုံးမှာ ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုထားကြသလို KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီး ကလည်း “ ရန်ကုန်-မန္တလေးလမ်း ဆိုတော့ ရန်ကုန်နဲ့ ပိုပြီးတော့ နီးသထက်နီးလာပြီဆိုတာ သေချာပြောလို့ရတယ်” လို့ ပြောဆိုထားသလို အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း “လမ်းများအားလုံး နေပြည်တော်ဆီသို့”ဆိုတဲ့ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီစတဲ့ဒေသတွေမှာ လုပ်မယ့် စစ်ရေးစီမံချက်ကို ထုတ်ဖော်ပြောဆိုလာပါတယ်။
You may also like these stories:
ပဲခူးတိုင်းထဲက စစ်ကောင်စီစခန်း ၅ ခုကို KNU တိုက်ခိုက်သိမ်းပိုက်
ပဲခူးအရှေ့ခြမ်း ကျောက်တံခါးမြို့နယ်တိုက်ပွဲ စစ်တပ်သေဆုံးမှုများ ဟုဆို
စစ်တောင်းမြစ်အနောက်ခြမ်းတွင် စစ်ကောင်စီနှင့် ကရင်ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်