စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် စစ်ခုံရုံးမှ သေဒဏ်ချခြင်းခံရသူ အမျိုးသမီးတဦးနှင့် အမျိုးသား ၃ ဦး တို့မှာ ယနေ့တိုင် ကသာထောင်သို့ ရောက်လာခြင်း မရှိကြောင်း၊ နှစ်ဦးကို စစ်တပ်စခန်းကုန်း၌ ချုပ်နှောင်ထားသည်ဟု သိရသော်လည်း ကျန်နှစ်ဦးမှာ မည်သည်နေရာတွင် ရှိသည်ဟု မသိရဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။
၎င်းတို့မှာ ကိုအောင်ကျော်ကျော်မိုး(ခ)လားလား၊ ကိုဇော်မျိုးထွန်း(ခ)တိုနီ၊ ကိုကျော်စွာဝင်း (ခ) ကိုကျော်စွာ၊ မမြင့်မြင့်အေး (ခ) အေးအေးတို့ဖြစ်ပြီး သြဂုတ် ၁၈ ရက်နေ့က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊၅၂(က)(ခ)များဖြင့် သေဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
Indaw Revolution – IR မှ တာဝန် ရှိသူတဦးက “တရားစီရင်ရေးထုံးစံအရ အမိန့်ချပြီးရင် ထောင်ကို ပို့ရမှာပါ၊ ကျနော်တို့ အင်းတော်ကနေ ထောင်ကို ပို့ရမယ်ဆိုရင် ကသာထောင်ကို ပို့ရမှာ၊ ဒါပေမယ့်အခုထိတော့ ကသာထောင်ကို မပို့သေးဘူး၊ မရောက်သေးဘူးလို့ သိရတယ်၊ ကိုကျော်စွာနဲ့ မမြင့်မြင်အေးတို့ ၂ ယောက် ကတော့ အင်းတော်မြို့အဝင်က စစ်တပ်ကုန်း မှာပဲ ရှိသေးတယ်လို့ သိရတယ်၊ ကျန်တဲ့ ၂ ယောက်ကတော့ ဘယ်မှာရှိနေတယ်ဆိုတာ မသိရသေးဘူးဗျ၊ စုံစမ်းနေကြ တုန်းပါပဲ”ဟု ပြောသည်။
ယခင် အင်းတော်ရဲစခန်း အချုပ်တွင် ရှိစဉ် မိသားစုဝင်များမှာ လူတွေ့မရသော်လည်း လိုအပ်သည့် အစားအသောက် အသုံးဆောင်များ ပို့ခွင့်ရခဲ့ကြောင်း၊ ဇူလိုင်လမှစ၍ ပို့ခွင့်မရတော့သဖြင့် မိသားစုဝင်များက စုံစမ်းရာ အချုပ်၌ မရှိတော့ ကြောင်းသာ သိရပြီး သတင်းမရဘဲရှိစဉ် သြဂုတ် ၁၈ ရက်က စစ်ခုံရုံးမှ သေဒဏ်ချလိုက်ကြောင်း စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွင် ဓာတ်ပုံများနှင့် ပါလာမှသာ သိရသည်ဟု ၎င်းတို့၏ မိသားစုဝင်နှင့် နီးစပ်သူတဦးက ပြောသည်။
အင်းတော် ပအဖမှ တာဝန်ရှိသူတဦးက “အင်းတော်နဲ့ ကသာက ၁၈ မိုင်ပဲ ကွာဝေးပါတယ်၊ လမ်းကောင်းတာကြောင့် ဆိုင်ကယ်နဲ့ သွားမယ်ဆိုရင်တောင် နာရီဝက်လောက်ပဲ ကြာပါတယ်၊ အခုက အင်းတော်-ကသာလမ်းပိုင်းမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာရှိတော့ လမ်းပိုင်းလုံခြုံရေးအရ ထောင်ကို မပို့ရသေးတာလို့ သုံးသပ်ပါတယ်”ဟု ပြောသည်။
သေဒဏ်ချမှတ်ခံရသူများအနက် ကိုအောင်ကျော်ကျော်မိုး(ခ) လားလား တဦးတည်းသာ အင်းတော်မြို့ ရေတွင်းကုန်း ရပ်ကွက်နေသူ ဒေသခံဖြစ်ပြီး ကိုကျော်စွာဝင်း (ခ) ကိုကျော်စွာ၊ မမြင့်မြင့်အေး (ခ) အေးအေးတို့မှာ ထီးချိုင့်မြို့မှဖြစ်ကာ အင်းတော်သို့ အလုပ်ကိစ္စဖြင့်လာစဉ် မြို့တွင်းစစ်ဆေးရေးအဖွဲ့များ၏ အဖမ်းခံရခြင်းဖြစ်ကြောင်း၊ ကိုဇော်မျိုးထွန်း(ခ)တိုနီမှာ မုံရွာဇာတိ ဖြစ်ပြီး မုံရွာ- မြစ်ကြီးနားခရီးသည်တင် စံရတီယာဉ်လိုင်းမှ ယာဉ်မောင်းတဦးဖြစ်ကာ ပြီးခဲ့သည့် ဧပြီလအတွင်းက မြစ်ကြီးနားမှ ပြန်အဆင်း အင်းတော်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဟု သိရသည်။
ကိုလားလားနှင့် နီးစပ်သူတဦးက “စုံစမ်းရသလောက်ကတော့ စစ်တပ်အထိုင်ကုန်းမှာ ထီးချိုင့်က ကိုကျော်စွာနဲ့ မမြင့်မြင့်အေးပဲ ရှိပါတယ်၊ ကျန်တဲ့ ကိုလားလားနဲ့ ဦးတိုနီတို့ ဘယ်မှာ ရှိနေတာလဲဆိုတာ စုံစမ်းလို့ မရသေးပါဘူး၊ သေဒဏ်ပေးခံထားရတာမို့ သူတို့ အသက်အန္တရာယ် အတွက် စိုးရိမ်နေရပါတယ်၊ အခုက တခုခုဆိုရင် စုံစမ်းရတာ အရမ်းခက်ခဲတဲ့အခြေအနေမို့ အမိန့်ချပြီးသားဆိုတော့ ထောင်ကိုပဲ ပို့စေချင်တာပေါ့” ဟုပြောသည်။
ကိုလားလားသည် ပန်းရံလုပ်ကိုင်သူတဦးဖြစ်ကာ တော်လှန်ရေး အဆက်အစပ်မရှိသူ ဖြစ်ကြောင်း၊ မြို့ထဲတွင် ဖုန်းစစ်ခံရချိန်၌ အောင်ကုန်းနံ့သာဘက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့၍ မီးလောင်ထားသောရွာများကို မှတ်တမ်းသဘောမျိုး ရိုက်ထားသည့်ပုံများကို ဖုန်းထဲတွင် တွေ့ရှိရသည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပြောသည်။
၎င်းက ဆက်လက်၍ “ဒီလိုရိုက်ခဲ့တဲ့ဓာတ်ပုံတွေကို မြို့ထဲမှာပဲ ဖုန်းတွေစစ်တဲ့အချိန် တွေ့တာကြောင့် စစ်တပ်က ဖမ်းပြီးတော့ အခုလို သေဒဏ်ချခံခဲ့ရတာ၊ ဦးတိုနီက မြစ်ကြီးနားကနေ ပြန်အဆင်း အင်းတော်ဂိတ်မှာ အဖမ်းခံခဲ့ရတာ၊ သူမောင်းတဲ့ကားနဲ့ လက်နက်ခဲယမ်းတွေ သယ်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ပေါ့၊ သူ့ကို မိတော့ လက်နက်ခဲယမ်းတွေနဲ့ မိခဲ့တာမျိုး မဟုတ်ဘူးဗျ၊ တယောက်ယောက်က ကားနံပါတ်အတိအကျနဲ့ ချောက်တွန်းပြီး ဖမ်းခိုင်းတာမျိုးကြောင့် အဖမ်းခံခဲ့ရတာ”ဟုပြောသည်။
ယခုအခါ အင်းတော်မြို့နယ်တွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်ဆေးရေးများ ပိုမိုတင်းကျပ်စွာ လုပ် ဆောင်နေလျက်ရှိသလို အင်းတော်မြို့ပေါ်နှင့် မြို့အဝင်အထွက်များ၌ နေ့စဉ် စစ်ဆေးမှုများပြုလုပ်ရာတွင်လည်း ဖုန်း အဓိကထား စစ်ဆေးနေရာ ဖုန်းများအတွင်းမှ တော်လှန်ရေးနှင့်ပတ်သက်၍ တစုံတရာတွေ့ရှိပါက ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုး တပ်ကာ ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်ခြင်း၊ ဖမ်းဆီးရိုက်နှက်ကာ ငွေဖြင် ပြန်ရွေးခိုင်းခြင်းများကို ပြုလုပ်နေကြောင်း ၊ ထို့သို့ ဖမ်းဆီးခံရသူများအနက်မှ ဒေသခံ ၁၀ ဦးထက်မနည်းကိုလည်း ထောင်ဒဏ်တသက်ထိ ချမှတ်ထားကြောင်း သိရသည်။
စစ်ကိုင်းတိုင်းအတွင်း၌ စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာခံထားရသည့် မြို့နယ် ၁၄ ထိရှိရာ အင်းတော်မြို့နယ်သည် လည်းပါဝင်နေပြီး အင်းတော်မြို့အဝင်၌ စစ်ကောင်စီ၏ တပ်မ ၇၇ လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြင့် တပ်စွဲကာ အထိုင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားကြောင်း၊ စစ်အုပ်ချုပ်ရေး ကြေညာပြီးကတည်းက မြို့နယ်တရားရုံးအား ပိတ်ထား ပြီး အထိုင်ချ တပ်စွဲထားသောကုန်းမှာပင် စစ်ဖက်ဆိုင်ရာတရားရုံးဖွင့်လှစ်၍ တရားစီရင်ရေးများ လုပ်ဆောင်နေခြင်းဟု ဒေသခံများထံက သိရသည်။
အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက “ဖုန်းထဲကနေ နိုင်ငံရေး၊ စစ်ရေးနဲ့ ပတ်သက်တာမျိုးတွေကို တွေ့ရင်ပဲဖြစ်ဖြစ်၊ ငွေလွှဲငွေထုတ်တာတွေမှာ တိကျတဲ့ အဖြေမပေးနိုင်ရင် PDF ထောက်ပံတယ်ဆိုတာမျိုးနဲ့ ဖမ်းတာ ဆီးတာမျိုးတွေ လုပ်နေကြတာ၊ နောက် CDM တွေဆိုရင်လည်း အကြောင်းမရှိ အကြောင်းရှာပြီး ဖမ်းခံနေကြရတယ်၊ စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်ခုံရုံးနဲ့အမှုတွေကို စစ်ကကည်းက တခါမှမကြားဘူးတဲ့ ပြစ်ဒဏ်မျိုးတွေ ချမှတ် ခံနေကြ ရတယ်၊ CDM ကျောင်းဆရာမ တယောက်ဆိုရင် သူ့တပည့်လေးကို မုန့်ဖိုးတသောင်းလွှဲပေးတာမှာ တဖက်က ကလေးက တောထဲရောက်နေတဲ့သူမို့ဆိုပြီး ထောင်ဒဏ်တသက် ချခံရတာမျိုး ရှိတယ်”ဟု ပြောသည်။
လက်ရှိတွင် အင်းတော်မြို့နယ်အတွင်း၌ တော်လှန်ရေးလှုပ်ရှားမှုများ အရှိန်မြင့်တက်နေပြီး တိုက်ပွဲများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်းအားစုများထံက သိရသည်။
You may also like these stories:
ထီးချိုင့်၌ စစ်တပ်က ဒေသခံ ၄ ဦးကို PDF ဟု စွပ်စွဲ အမှုဖွင့်
ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ
အင်းတော်ဒေသခံ ၂၀ ကျော်အား စစ်ကောင်စီ ဖမ်းဆီး