ကမ္ဘာ့ အမျိုးသမီး ဖလား ချန်ပီယံ စပိန် ဘောလုံးသမား ဂျန်နီ ဟာမိုဆိုအား ပွေ့ဖက်နမ်းရှိုက်ခဲ့သော အသင်းအုပ်ချုပ်ရေးမှူး လူးဝစ် ရူဘီယားလေ့စ်၏ အပြုအမူသည် လိင်ပိုင်းဆိုင်ရာ စော်ကားမှု မြောက် မမြောက် စပိန်ထိပ်တန်း ရာဇဝတ်တရားရုံးမှ အစိုးရရှေ့နေများက ပဏာမ စုံစမ်းစစ်ဆေးမှု စတင်ခဲ့သည်။
စွပ်စွဲခံနေရသော ဘောလုံးအကြီးအကဲ၏ မိခင်ဖြစ်သူက ဘုရားကျောင်းတွင် မိမိကိုယ်ကို လှောင်ပိတ်ထားပြီး သားဖြစ်သူအား ပြောဆိုစွပ်စွဲခြင်းများမှာ “လူမဆန်ဘဲ သွေးဆာမှု” ဟု ပြောပြီး အစာငတ်ခံ ဆန္ဒပြနေချိန်တွင် ထိုသို့ စုံစမ်းစစ်ဆေးမှုက ဖြစ်ပေါ်လာခြင်းဖြစ်သည်။
စပိန်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲက ဟာမိုဆို ဦးခေါင်းကို ဖမ်းဆွဲ နှုတ်ခမ်းကို နမ်းပြီးနောက် တပတ်ကျော်အကြာ တနင်္လာနေ့တွင် ၎င်းတို့သည် လိင်ပိုင်းဆိုင်ရာ ကျူးလွန်နိုင်သည်ဟူသော စိုးရိမ်မှုများကြားတွင် ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေသည်ဟု အစိုးရရှေ့နေများက ပြောကြားခဲ့သည်။
တရားရုံး၏ ဆုံးဖြတ်ချက်သည် ဟာမိုဆို၏ ထွက်ဆိုချက်များက “တိကျပြတ်သားသော သဘောသဘာဝ” ရှိသည်ဟု ထုတ်ပြန်ကြေညာသည်။ “ဂျနီဖာ ဟာမိုဆို၏ ထွက်ဆိုချက်များအရ ရူဘီယားလေ့စ်၏ လိင်ပိုင်းဆိုင်ရာ အပြုအမူသည် နှစ်ဦး သဘောတူ မဟုတ်ပေ။”
တရားရေးဆိုင်ရာ စိန်ခေါ်မှု၏ တစိတ်တပိုင်းအနေဖြင့် ဟာမိုဆိုသည် ၁၅ ရက်အတွင်း တရားဝင် တိုင်ကြားချက် တင်ရန် အခွင့်အရေးပေးလိမ့်မည်ဟု တရားရုံးကပြောကြားခဲ့သည်။
အနမ်းဗီဒီယိုကြောင့် စပိန်နှင့် ကမ္ဘာတဝန်းတွင် ရုတ်ရုတ်သဲသဲဖြစ်နေစဉ် ရူဘီယားလေ့စ်သည် စပိန်ဘောလုံးအဖွဲ့ချုပ်၏ အကြီးအကဲအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု တုံ့ပြန်ခဲ့သည်။ စနေနေ့တွင်မူ ဖီဖာ FIFA က သူ့ကို ရက်ပေါင်း ၉၀ ယာယီဆိုင်းငံ့ထားကြောင်း ကြေငြာခဲ့ပြီး ဟာမိုဆိုအပြင် နီးစပ်သူများနှင့် ရူဘီယားလေ့စ် အဆက်အသွယ် မပြုလုပ်စေရန် စပိန်ဘောလုံးအဖွဲ့ချုပ်အား ညွှန်ကြားခဲ့သည်။
တနင်္လာနေ့တွင် ရူဘီယားလေ့စ်၏မိခင်သည် စပိန်တောင်ပိုင်း Motril မြို့ရှိ Divina Pastora ဘုရားကျောင်းတွင် စီရင်စုဘုန်းတော်ကြီးထွက်သွားပြီးနောက် မိမိကိုယ်ကို ပိတ်ထားခဲ့ပြီး သူမ၏ ညီမနှင့်အတူ ထိုနေရာတွင်နေရန် ဆုံးဖြတ်ခဲ့သည်။
အန်ဂျလက်စ်ဘီဂျာက သူမသည် ဘုရားကျောင်းတွင် “ရက်နှင့် ည အကန့်အသတ်မရှိ” နေရန် စီစဉ်ထားပြီး သားဖြစ်သူအပေါ် “မခိုင်လုံသော၊ လူမဆန်စွာနှင့် သွေးဆာသော အမဲလိုက်မှု” အား အဖြေရှာမတွေ့မချင်း အစာငတ်ခံ ဆန္ဒပြမည်ဟု ကြေညာထားသည်။
စပိန်အမျိုးသမီးအသင်း ကမ္ဘာ့ဖလားအနိုင်ရပြီးနောက် ရက်ပိုင်းအတွင်း ရူဘီယားလေ့စ်၏ အပြုအမူကို စပိန် ယာယီဝန်ကြီးချုပ် ပီဒရို စန်ချေးမှ ကွန်ဆာဗေးတစ်ပြည်သူ့ပါတီ ပြောရေးဆိုခွင့်ရှိသူထိ နိုင်ငံရေးသမားများက ရှုတ်ချခဲ့ပြီး အနမ်းကို “လက်မခံနိုင်သော အမူအရာ” ဟု ပြောကြားခဲ့ကြသည်။ ရီးယဲလ်မက်ဒရစ်မှ ဘာစီလိုနာအထိ နိုင်ငံ၏ အကြီးဆုံး ဘောလုံးကလပ်များကလည်း ရူဘီယားလေ့စ်၏ အပြုအမူကို ဝေဖန်ကြသည်။
သောကြာနေ့တွင် အသက် ၄၆ နှစ်ရှိ ရူဘီယားလေ့စ်သည် အနမ်းကို ကြည်ကြည်သာသာအဖြစ် ပုံဖော်ရန် ကြိုးစားခဲ့ပြီး ဟာမိုဆိုအား ပွေ့ဖက်ရမလားဟု မေးကာ “OK” ဟု ပြန်ဖြေခဲ့ကြောင်း ပြောသည်။
အနမ်းကို သဘောတူသည်ဟူသော အကြံပြုချက်ကို နောက်ပိုင်းတွင် ဟာမိုဆိုက ငြင်းဆိုခဲ့သည်။ သူမသည် ရူဘီယားလေ့စ်၏ စကားများကို ” လုံးဝ မှားယွင်းမှု” အဖြစ် ဖော်ပြခဲ့ပြီး ယင်းသို့ ပြုလုပ်ရန် “မပြောခဲ့ကြ” ကြောင်း ပြောသည်။
အဆိုပါ အခြေအနေသည် သူမအား “အားနည်းသွားစေပြီး အားကြီးသူ၏ သားကောင်” အဖြစ် ခံစားရကြောင်း ဟာမိုဆိုက ပြောသည်။ သူမ၏ ထုတ်ပြန်ချက်တွင် အနမ်းသည် “စိတ်မြန်ကိုယ်မြန် လုပ်ရပ်တခု၊ လိင်စိတ်မွှန်မှု၊ မစီစဉ်ထားမှုနှင့် ကျမဘက်မှ ခွင့်ပြုချက် မရှိသော အမျိုးအစား တခုဖြစ်ပါသည်။ တိုတိုပြောရရင် ကျမကို မလေးစားခဲ့ဘူး”ဟု ဆိုသည်။
ဟာမိုဆို၏ ထုတ်ပြန်ချက်သည် ရူဘီယားလေ့စ်က “မှားယွင်းသော အမျိုးသမီးဝါဒ” ကို ဆန့်ကျင်ပြီး “လူမှုရေးဆိုင်ရာ စီရင်လုပ်ကြံမှု” ဟုခေါ်သည့် အရာကို ရှုတ်ချပြီး နာရီပိုင်းအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဖွဲ့ချုပ်က နောက်ပိုင်းတွင် ရူဘီယားလေ့စ်အနေဖြင့် လုံးဝအပြစ်မရှိကြောင်း သက်သေပြရန် “တရားဝင် ခုခံကာကွယ်လိမ့်မည်”ဟု ထုတ်ပြန်ခဲ့သည်။
တနင်္လာနေ့တွင် ရူဘီယားလေ့စ် အမေက အခုလို မှတ်ချက်ချသည်။ “ဘာလို့ သူ့ကို ဖယ်ချင်နေကြတာလဲ။ ဒီလိုအခြေအနေမျိုး ဘယ်သူမဆိုဖြစ်သွားနိုင်တယ်” ဟု ပြောဆိုကာ သူမအား နားလည်ပေးရန် ပန်ကြားခဲ့သည်။
သူမက သူ့သားသည် “မည်သူ့ကိုမျှ မထိခိုက်စေနိုင်” ဟု ဖော်ပြခဲ့ပြီး အနမ်းပေးခြင်းကို ထောက်ခံခဲ့သည်။ “ရုပ်ပုံတွေက သက်သေပြထားသလို နှစ်ဖက်စလုံးက သဘောတူညီတာကြောင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှု မရှိပါဘူး” ဟု ဆိုသည်။
ပြီးခဲ့သည့်အပတ်က ရူဘီယားလေ့စ်အား Futbolistas ON ကစားသမားများ သမဂ္ဂ၏ ဒါရိုက်တာ တာမာရာ ရာမို့စ်က စပိန်ဘောလုံးသမားများအသင်းတွင် အတူတကွ အလုပ်လုပ်စဉ် “အတွင်းခံဘောင်းဘီ ဘာအရောင်ဝတ်လဲ” ဟူသော မေးမြန်းမှုအပါအဝင် ညစ်ညမ်းသော မှတ်ချက်များ ပေးခဲ့သည်ဟု စွပ်စွဲသောကြောင့် ရူဘီယားလေ့စ်သည် အမျိုးသမီးအရေးလှုပ်ရှားသူများ၏ ဝေဖန်ကန့်ကွက်မှုကို ကြီးစွာ ခံနေရသည်။
အဆိုပါစွပ်စွဲချက်များကို စပိန်ဘောလုံးအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ငြင်းဆိုထားသည်။
ကိုးကား။ ။ The Guardian ၏ Prosecutors investigating whether football chief’s kiss was sexual assault
You may also like these stories:
တရုတ်ခြံစည်းရိုးနှင့် လူကုန်ကူးမှု ဗဟိုချက်ဖြစ်လာသည့် မြန်မာနယ်စပ်
အီရန် အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှု တကမ္ဘာလုံး ကျယ်ပြန့်လာ
နောက်ဆုံးမှ ပန်းဝင်ပြီး အားလုံးကို စိတ်ခွန်အားပေးခဲ့သော ကမ္ဘောဒီးယား အပြေးမယ်
ဘောလုံးဘုရင်ကြီး ပီလီ ကွယ်လွန်ရှာပြီ