ထိုင်းနိုင်ငံ၌ MoU စနစ်ဖြင့် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားများ အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးပါက မြန်မာပြည်တွင်းသို့ ပြန်ရန်မလိုဘဲ ထိုင်း-မြန်မာနယ်စပ်၌ One Stop Service ဖြင့် သက်တမ်းတိုးနိုင်မည်ဖြစ်ကြောင်း ဘန်ကောက်-မြန်မာ သံရုံးမှ ဩဂုတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာသည်။
သက်တမ်းတိုးမည့် အစီအစဉ်အား ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီနှင့် ကော့သောင်းတို့၌ အမြန်စနစ်ဖြင့် လုပ်ပေးသွားမည်ဖြစ်ပြီး U-Turn စနစ်ဖြင့် မူလအလုပ်ကို ပြန်လည်လုပ်ခွင့်ရမည်ဖြစ်ကြောင်း၊ စတင်မည့်ရက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အသေးစိတ်များကို ထပ်မံ အသိပေးမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သက်တမ်းတိုးမည့် MoU အလုပ်သမားများအနေဖြင့် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့သက်တမ်း လက်ကျန် အနည်းဆုံး ၂ နှစ်ရှိရန်လိုအပ်ပြီး အလုပ်ရှင်ထံ အလုပ်ပြန်လည်ဝင်ရောက်မည့် အကြောင်းကို ကြိုတင်အသိပေးထားရန် လိုအပ်ကြောင်းလည်း ဆိုထားသည်။
AAC မဟာမိတ်အဖွဲ့မှ ဒါရိုက်တာ ဦးခိုင်ကြီးက “ဒီလိုလုပ်ခြင်းအားဖြင့် ၃၅ ရာခိုင်နှုန်းလောက်က ကောင်းသွားနိုင်တယ်။ ကျန်တာက နေရာအခက်အခဲဖြစ်မှုတွေ၊ Demand (အလုပ်ခေါ်စာ) လိမ်လည်မှုတွေ၊ လုပ်ငန်းရှင် မတူမှုတွေ အဲဒီပြဿနာက ၆၅ ရာခိုင်နှုန်းရှိတယ်။ သူတို့တွေကို ဘယ်လိုလုပ်မှာလဲဆိုတာ မေးခွန်းထုတ်ချင်တာပေါ့။ အလုပ်ရှင်မှန်တဲ့ အလုပ်သမားတွေအတွက် အခွင့်အရေးရသွားမယ်။ အလုပ်ရှင် အတည်တကျမရှိဘဲ ထိုင်းကို MoU နဲ့ လာကတည်းက ဖရိုဖရဲဖြစ်နေတဲ့ အလုပ်သမားတွေအတွက်ကတော့ အဆင်မပြေနိုင်ဘူး” ဟု ပြောသည်။
ယင်းကဲ့သို့ အလုပ်ရှင် အတည်တကျမရှိသည့် အလုပ်သမားများအနေဖြင့် သက်တမ်းတိုးနိုင်သော်လည်း အလုပ်ကို မိမိအစီအစဉ်ဖြင့် ပြန်လည်ရှာဖွေရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်ခြင်း၊ တိုင်းရင်းသားဒေသများအပါအဝင် နေရာအများစု၌ တိုက်ပွဲများ ပြင်းထန်နေခြင်း၊ MoU သက်တမ်းပြည့်ပြီး နေရပ်ပြန်သော်လည်း အေဂျင်စီများမှ စာချုပ်ဆက်လက်ချုပ်မပေးနိုင်ခြင်းစသည့် ပြဿနာများ ကြုံတွေ့နေရကြောင်း MoU အလုပ်သမားများထံမှ သိရသည်။
ယခင်က MoU အလုပ်သမားများအနေဖြင့် အလုပ်လုပ်ခွင့် သက်တမ်းကုန်ပါက ရန်ကုန်ပြန်၍ အလုပ်ပွဲစား အေးဂျင့် များမှတဆင့် သက်တမ်းပြန်တိုးရသည့်အတွက် ကုန်ကျစရိတ်များသည့်အပြင် အချိန်ကုန်ခြင်းကြောင့် အလုပ်သမား အများစုမှာ ထိုင်းနိုင်ငံအတွင်း အထောက်ထားမဲ့များအား ထုတ်ပေးသည့် ပန်းရောင်ကတ်ဟုခေါ်သည့် အလုပ်လုပ် ကိုင်ခွင့်ကတ်များ ပြောင်း၍လျှောက်ကြရကြောင်း အလုပ်သမားတချို့က ပြောသည်။
MoU ဖြင့် အလုပ်လုပ်နေသူတဦးက “ရန်ကုန်အထိဆို စောင့်ရတာကြာမှာနဲ့စာရင် မြဝတီ ၊ ကော့သောင်းမှာဆို စာအုပ်လုပ်ပြီး ပြန်လာရုံပဲ။ တခြားသူတွေတော့ ဒီအစီအစဉ်ကို မစောင့်နိုင်လို့ ပန်းရောင်ကတ်လုပ်ဖို့ စာရင်းပေးထားကြတယ်“ ဟု ပြောသည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများအနက် အလုပ်လုပ်ခွင့် သက်တမ်းကျော်လွန်နေသူများ ၊ အထောက်အထားမဲ့ တရားမဝင် အလုပ်လုပ်ကိုင်နေသူများကို ပန်းရောင်ကတ်ထုတ်ပေးမည်ဟု ဆိုကာ ဇူလိုင် ၁၅ ရက်မှ ၃၁ ရက်အတွင်း ထိုင်းအစိုးရက စာရင်းကောက်ခံထားသည်။
ပုံမှန်အားဖြင့် MoU စနစ်အရ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို ၃နိုင်ငံမှ အလုပ်သမားများအား ထိုင်းအစိုးရက နိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၂ နှစ် ခွင့်ပြုထားပြီး ကိုဗစ်ကာလအတွင်း ထပ်မံ ၂နှစ် သက်တမ်းတိုး ခွင့်ပြုသဖြင့် စုစုပေါင်း ၄ နှစ် နေထိုင် အလုပ်လုပ်ခွင့်ရရှိထားရာ ယင်းသက်တမ်းပြည့်ပါက မိမိတို့ နေရပ်နိုင်ငံသို့ပြန်၍ စာချုပ်အသစ် ထပ်မံချုပ်ဆိုရမည်ဖြစ်သည်။
အချို့သောနှစ်ပြည့် MoU အလုပ်သမားများသည် ဥပဒေကြောင်းအရ တရားဝင် ဆက်လက်လုပ်ကိုင်မရသောအခါ လက်ရှိစာအုပ်အား အသေခံပြီး အထောက်ထားမဲ့ အလုပ်သမားများအဖြစ် ပန်းရောင်ကတ်လျှောက်၍ အလုပ်နေရာ ပြောင်းလဲလုပ်ကိုင်ကြကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၄ သန်းခန့်ရှိပြီး ထိုထဲတွင် MoU လုပ်သား ၁၅ သိန်းခန့်ရှိကြောင်း ထိုင်းအစိုးရ၏ ဖော်ပြချက်များအရ သိရသည်။
You may also like these stories:
၄ နှစ်ပြည့် MoU လုပ်သားများ မြန်မာပြည် မပြန်လိုကြဟုဆို
ထိုင်းနိုင်ငံသို့ MoU ဖြင့် လာသည့် အလုပ်သမား ၇၀ ကျော် အလုပ်လက်မဲ့ဖြစ်နေ
ထိုင်းအစိုးရက အထောက်အထားမဲ့များအတွက် လက်မှတ်ထုတ်ပေးမည်