ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ အာဏာသိမ်း စစ်တပ် တပ်မ ၉၉ လက်အောက်ခံ တပ်တွေကြားမှာ ဩဂုတ်လ ၂၈ ရက်နေ့က တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ကွတ်ခိုင်မြို့နယ် အကြားမှာရှိတဲ့ KIA နဲ့ TNLA တပ်စခန်းတွေကို စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဖြစ်တဲ့ ရှောင်ဟော်၊ လုံထန်၊ မူဆယ်မြို့မ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကြိုးပမ်းရာက တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်တယ်လို့ မြေပြင်တိုက်ခိုက်ရေး သတင်းရင်းမြစ်တွေကပြောပါတယ်။
မြေပြင်မှာ တိုက်ခိုက်နေတဲ့ TNLA တပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ တပ်ဖွဲ့က အဲ့ဒီအနီးတဝိုက်မှာ လှုပ်ရှားတာ ၃ ရက်လောက် ရှိပြီ။ ရွာဟောင်းမှာ ယာယီထိုင်နေတာပေါ့။ သူတို့ဘက်က ပြည်သူ့စစ်နဲ့ လူအင်အားသုံးတယ်။ တိုက်ပွဲကတော့ တနေကုန် နီးနီးကို ကြမ်းခဲ့တယ်” လို့ ဧရာဝတီကို ပြောပါတယ်။
တပ်မ ၉၉ လက်အောက်ခံတပ်တွေနဲ့ ပြည်သူ့စစ်အင်အား ၂၀၀ ကျော်အင်အားသုံးတိုက်ခိုက်ခဲ့သလို ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာ ကျေးရွာအခြေစိုက် ခလရ (၁၂၃) တပ်ကလည်း လက်နက်ကြီးတွေနဲ့ ညနေ ၅ နာရီထိ တနေကုန်နီးပါး ပစ်ကူတိုက်ခိုက်ခဲ့ပြီးတဲ့နောက် TNLA ဘက်က တပ်ဆုတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
မူဆယ်မြို့နယ် လွယ်ဖောင်းတောင်ကုန်းမှာလည်း KIA နဲ့ အာဏာသိမ်း စစ်တပ်အကြား ညနေ ၃ နာရီထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီက အင်အား ၁၀၀ ကျော် သုံးပြီး တိုက်ခိုက်တဲ့အပြင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာတပ်စွဲထားတဲ့ အမြောက်တပ် ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်တွေ နမ့်အွမ်ကျေးရွာထဲ ကျမှန်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တချို့ ပျက်ဆီးခဲ့ကြောင်းသိရပါတယ်။
နမ့်အွမ်ရွာခံတဦးက “တောင်ပေါ်မှာတော့ သေနတ်သံတွေ လက်နက်ကြီးသံတွေ ကြားရတယ်။ တလုံးက အုတ်တံတိုင်းမှာ ကျတော့ ရေချိုးခန်း အိမ်ခေါင်မိုးတွေ ပျက်စီးကုန်တယ်။ လူမထိလို့ဘဲ တော်သေးတယ်” လို့ ရှင်းပြပါတယ်။
တိုက်ပွဲမှာ KIA က အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တွေအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အရာရှိ ၁ ဦးနဲ့ တပ်သား ၆ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်တွေ ဘက်က ဖော်ပြထားပေမယ့် ဒီသေဆုံး အရေအတွက်နဲ့ ပတ်သက်လို့ ဧရာဝတီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
ဒီကနေ့ မနက်ပိုင်းကလည်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်မှာ စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြားမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါသေးတယ်။
ဒီလ ၂၇ ရက်နေ့ကလည်း မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ က နမ့်တောင်း-ပန်ကြုံရွာလမ်းမကို ဖြိုဖျက်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေကို TNLA က မိုင်းဆွဲတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။