မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များနှင့် ဆီကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်း အပါအဝင် ပြည်ပမှ စားအုန်းဆီ တင်သွင်းခွင့် ရထားသည့် ကုန်သည်များကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည့်လုပ်ရပ်အား လုပ်ငန်းရှင်များက ဝေဖန်နေကြသည်။
ယမန်နေ့က နေပြည်တော်တွင် စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက စားဆီ လုပ်ငန်းရှင်များအားခေါ်ယူကာ စားသုံးဆီဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့အပြီး ဥက္ကဋ္ဌ ဦးဆန်းလင်း အပါအဝင် အသင်းဝင် ဆီတင်သွင်းခွင့်ပါမစ်ရကုန်သည်များဖြစ်သော ဦးစိန်အေး၊ ဦးမြင့်ကြူ၊ ဦးဝမ်ထိုက် နှင့် ဦးထွန်းထွန်းဝင်းတို့ကို ပြန်မလွှတ်ဘဲ ခေါ်ယူစစ်ဆေးနေကြောင်း ကုန်သည်များထံမှ သိရသည်။
ကုန်ဈေးနှုန်းတက်လာတိုင်း ကုန်သည်များအား ခေါ်ယူသတိပေးခြင်း၊ ဖမ်းဆီးခြင်းတို့မှာ ရှေးရိုးနည်းဟောင်းကြီးများ ဖြစ်ပြီး တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရလက်ထက်တွင် စားဆီဈေးကို မထိန်းချုပ် နိုင်ပါက ဇူဇကာ စစ်ဆင်ရေး အမည်တပ်ကာ ဆီဘုရင် ဦးစစ်ရုံအပါအဝင် ကုန်သည်ကြီးများအား ထောင်သွင်းအကျဉ်း ချခြင်းများ ပြုလုပ်လေ့ ရှိသည်။
လက်ရှိ ထိန်းသိမ်းခံထားရသည့် ဆီကုန်သည်များနှင့် နီးစပ်သည့် လုပ်ငန်းရှင်တဦးက “အဖမ်းခံရတယ်ဆိုပေမယ့် ခေါ်ပြီးမေးတာ စစ်ဆေးတာလောက်ပဲလည်း ဖြစ်လောက်တယ်။ အခုလို ဖမ်းဆီးတာတော့ နည်းမမှန်ပါဘူး။ မနေ့က အစည်းဝေးအပြီးမှာ ပြန်မလွှတ်တာ” ဟု ဧရာဝတီကို ပြောသည်။
ဆန်နှင့် ဆီဈေးကျဆင်းရန် စစ်ကောင်စီသည် ဆန်ပြည်ပတင်ပို့ခွင့်ပိတ်ထားကာ ဆန်ဈေးနှုန်းများ သတ်မှတ်ခြင်းဖြင့် လုပ်ဆောင်နေသလို စားအုန်းဆီ ဈေးကျရေးအတွက် ဆီကုန်သည်များအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ် သည်။
ဆက်လက်၍ ၎င်းက “ဆန်ကျတော့လည်း ပိတ်တယ်။ ဆီကျတော့လည်း ဒီလိုလုပ်တယ်။ ဒါက နည်းလမ်းမမှန်ဘူး။ ဆန်ဆိုလည်း သူတို့ ထိန်းချုပ်ဖို့ အရမ်းခက်တယ်။ နေရာပေါင်းစုံကလာတာ။ စားဆီကတော့ နိုင်ငံခြားကလာတယ်။ သင်္ဘောကထွက်တယ်၊ ဒီစရိတ်နဲ့ဒီဟာဆိုတော့ တွက်လို့လွယ်ပေမယ့် အခုလိုဖမ်းတာတော့ နည်းလမ်းမကျဘူး” ဟု ဆိုသည်။
သြဂုတ်လ ၃၀ရက် နေပြည်တော် အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးအောင်နိုင်ဦးက ပြည်ပမှ စာအုန်းဆီတင်သွင်းရာတွင် ပြည်သူများ သက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ကုန်ကျမည့် နိုင်ငံခြားငွေ၏ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းဖြင့် လည်းကောင်း၊ ကျန် ၅၀ရာခိုင်နှုန်းကို ပြင်ပပေါက် ဈေးထက် သက်သာသည့် ငွေလဲနှုန်းဖြင့် လည်ကောင်း ပံ့ပိုးထားသော်လည်း စားအုန်းဆီဈေး မြင့်နေသဖြင့် လုပ်ငန်းရှင်များအား ခေါ် ယူ သတိပေးခြင်းဖြစ်ကြောင်း၊ အကျိုးအမြတ်တခုတည်းကိုသာ ဦးမတည်ဘဲ စားသုံးသူ သက်သာချောင်ချိဖို့ ဦးစားပေးရန် လိုကြောင်း၊ စားအုန်းဆီဈေး ကျဆင်းရေး လက်တွေ့ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပြောသည်။
စားအုန်းဆီ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်တဦးက “ဆီကုန်သည်တွေဖမ်းလို့ ဆီဈေးကျမယ် ထင်နေသလား။ ကုန်သည်တွေ နားကုန်မှ ရှားပါးပြီးပိုဆိုးသွားမယ်” ဟု မှတ်ချက်ပြုသည်။
အဆိုပါ ဆီကုန်သည်များ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး အသေးစိတ်မေးမြန်းနိုင်ရန် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များ အသင်းကို ဧရာဝတီက ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုပေးခြင်း မရှိပေ။
ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးမြင့်တက်မှုကြောင့် ရန်ကုန်မြို့တွင် စားအုန်းဆီ ၁ ပိဿာလျှင် ၁၂,၀၀၀ ကျပ်ထိ မြင့် တက်မှုများရှိလာပြီးနောက် စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ဥက္ကဋ္ဌ အဖြစ် ဦးဆောင်၍ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ဇူလိုင် ၂၇ ရက်တွင် ဖွဲ့စည်းကြောင်း သြဂုတ် ၁ ရက်၌ ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ ရင်းနှီးမြှုပ် နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) ဒုဝန်ကြီး ဒေါက်တာဝါဝါမောင် က စားအုန်းဆီတင်သွင်း သည့် လုပ်ငန်းရှင်များကို နှစ်ဆအမြတ်တင်ခြင်းမျိုး မပြုလုပ်ရန် ယခင်သတင်းစာရှင်းလင်းပွဲ သတိပေးပြောဆိုခဲ့ဖူးသည်။
ထို့နောက်ပိုင်း စားအုန်းဆီဈေးကျဆင်းရေးအတွက် ခွဲတမ်းရကုမ္ပဏီများကို သတ်မှတ်ဈေးဖြင့် ရောင်းချခြင်းအပြင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ရန်ကုန်မြို့ အပါအဝင် တိုင်းနှင့်ပြည်နယ်များရှိ စားသုံးဆီ လက်လီလက်ကားကုန်သည်များ၊ ဆီအရောင်းဆိုင်များ လက်ကားရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိနိုင်ရန်၊ ဈေးကွက် အတွင်း တိုက်ရိုက်ဖြန့်ဖြူးရောင်းချနိုင်ရန် စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်မည်ဖြစ် ကြောင်း ဩဂုတ် ၂၈ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေအပေါ် ယုံကြည်မှုကျဆင်းရာမှစ၍ နိုင်ငံခြားငွေဈေးမြင့်တက်ခြင်းတို့ ကြောင့် သွင်းကုန်ပစ္စည်းများဈေးတက်ခြင်း၊ အထွေထွေစရိတ်များ မြင့်တက်နေချိန်တွင် စစ်ကောင်စီ၏ ကျပ်နှစ် သောင်းတန် ငွေစက္ကူဂယက်ကြောင့် ဆန်၊ ဆီ၊ ကြက်သွန်မှစ၍ ကုန်ဈေးနှုန်းများမှာ အဆမတန် မြင့်တက်လျက် ရှိသည်။
ယနေ့တွင် ဈေးကွက်စီးပွားရေးစနစ်ဆိုထားရာ ဈေးကွက်ကို ထိန်းချုပ်ခြင်းထက် ဖြစ်သင့်ဖြစ်ထိုက်သည့် အခြေအနေ ကို ဖန်တီးပေးမှသာ ဈေးကွက်အတွင်း ပြဿာနာနည်းနိုင်မည်ဖြစ်ကြောင်း၊ အားလုံးစုံ ခြုံငုံသုံးသပ်ပါက နိုင်ငံရေးမတည် ငြိမ်မှုကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးဂယက်ဖြစ်ကြောင်း ကုန်သည်လုပ်ငန်းရှင်များက သုံးသပ်ထားသည်။
စားသုံးဆီနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သည့် စီးပွားရေးရာကော်မတီအစည်းအဝေးတွင် စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်းလိုအပ်သော စားသုံးဆီများကို ပြည်ပမှ နှစ်စဉ် အမေရိကန်ဒေါ် လာ သန်း ၆၀၀ ကျော်ဖိုး တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှု များပြားလျက်ရှိကြောင်း၊ ခေတ်အဆက်ဆက် ပြည် တွင်းစားဆီ လုံလောက်အောင် ဆောင်ရွက်နိုင်သော်လည်း ထိရောက်မှုမရှိသည့်အတွက် မိမိတို့အနေဖြင့် စားဆီထုတ် လုပ်မှုများ မြင့်မားလာစေရေး နိုင်ငံ့စီးပွားရန်ပုံငွေများထုတ်ပေး၍ ပြည်တွင်းဆီထုတ်လုပ်မှုကို မြှင့်တင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။
ယခုဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၃ ရက်ထိ ရန်ကုန်တွင် စစ်ကောင်စီ၏ သတ်မှတ်ဈေးမှာ ၁ ပိဿာ ၄,၁၅၅ ကျပ် ဖြစ်ပြီး ခွဲတမ်းရကုမ္ပဏီများမှတဆင့် လက်လီဆိုင်တချို့၌ ရောင်းချပေးသောဈေးမှာ ၁ ပိဿာ ၄,၄၀၀ ကျပ် ဖြစ်သည်။
သို့သော် လက်ရှိတွင် ပြင်ပဈေးကွက်၌ စားအုန်းဆီ တပိဿာ ၈,၀၀၀ ကျပ်ကျော်မှ ၁၀,၀၀၀ ကျပ်ဝန်းကျင်ထိ ပေါက် ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
You may also like these stories:
ဒေါ်လာနှင့် ရွှေဈေးကို ထိန်းချုပ်ရန် စစ်ကောင်စီ အထူးအဖွဲ့ ဖွဲ့စည်းမည်
မူဆယ်မှာ စက်သုံးဆီပြတ်လပ်မှုဖြစ်
ငွေဈေးမငြိမ်၍ ထိုင်းကုန်ပစ္စည်း အဝယ်ဒိုင်တချို့ လုပ်ငန်းယာယီရပ်
စစ်ကောင်စီ ဆန်စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို