တရုတ်- မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်များနှင့် ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ပိုမိုပြင်းထန် လာနိုင်ကြောင်း TNLA နှင့် နိုင်ငံရေး သုတေသီအချို့က ပြောသည်။
မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ တပ်စခန်း ၂ ခုအား စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်များက ဩဂုတ်လ ၂၈ ရက်နေ့မှ စ၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေလျှက်ရှိသည်။
TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က “ဒီနေ့ (ဩဂုတ် ၃၁) တော့ တိုက်ပွဲမရှိဘူး။ ဒီနေ့ ၂ နာရီလောက်မှာတော့ ဂျက်ဖိုက်တာ ၁ စီးနဲ့ တိုက်ပွဲဖြစ်တဲ့နားမှာ ဗုံးလာကြဲတာတော့ရှိတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်နိုင်တဲ့အနေအထားတော့ ရှိတယ်” ဟု ဆိုသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားလျှက်ရှိသည့် နေရာများမှာ ကွတ်ခိုင်မြို့နယ် အတွင်းရှိ TNLA တပ်မဟာ (၅) စစ်ဒေသ လက်အောက်ခံ တပ်စခန်းတည်ရှိရာနေရာနှင့် မူဆယ်မြို့နယ် အတွင်းရှိ TNLA တပ်မဟာ (၁) စစ်ဒေသ လက်အောက်ခံ တပ်စခန်း တည်နေရာများ ဖြစ်ကြောင်း TNLA ဘက်မှ တရားဝင်ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ဩဂုတ်လ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် TNLA တပ်ဖွဲ့ဝင်များရှိရာ မူဆယ်မြို့နယ် နှင့် ကွတ်ခိုင်မြို့နယ် အစပ်ရှိ လွယ်နောဖောင်တောင်ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး လက်ရှိတွင် ၂ ဖက်စစ်ရေးတင်းမာနေကြောင်း TNLA ဘက်က ပြောသည်။
လွယ်နောဖောင်တောင်သည် ကွတ်ခိုင်မြို့မြောက်ဘက် ၂၈ မိုင်ကျော်အကွာတွင်ရှိပြီး လားရှိုး-မူဆယ်အဝေးပြေးလမ်းကို စိုးမိုးထားသည့် တောင်ကုန်းဖြစ်သည်။
ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က “တိုက်ပွဲကတော့ သူတို့က ကျနော်တို့ရှိတဲ့နေရာကို နမ့်ဖက်ကာဘက်ကနေ တက်ဖို့ကြိုးစားတယ်။ ကျနော်တို့က ပြန်ခံပစ်တယ်။ အဲဒီမှာပဲ တနေကုန်ပဲ ပစ်လိုက်နားလိုက်ပေါ့။ ၂၈ ၊ ၂၉ ရက်မှာတော့ တနေကုန်နီးပါးဖြစ်တာပေါ့။ ထိခိုက်မှုကတော့ စကစဘက်မှာရှိတယ်။ အတိအကျတော့ မသိရဘူး” ဟုဆိုသည်။
မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်အစပ်က လွယ်နောဖောင်တောင်အား စစ်ကောင်စီက တိုက်ခိုက်နေစဉ်တွင် TNLA တပ်မဟာ (၁) သည် မူဆယ်မြို့အနောက်ဘက်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်း ၂ ခုကို တန်ပြန် တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။
တိုက်ခိုက်ခံရသည့် ပြည်သူ့စစ်စခန်း ၂ ခုသည် မူဆယ်မြို့နယ် စယ်လန့်ရွာအထက်ဘက်က မန်မိုင်တပ်စခန်းနှင့် လွယ်ကျလော့တပ်စခန်းတို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ အဆိုပါစခန်း ၂ ခုကို TNLA ဘက်က ရလိုက်ခြင်းရှိမရှိကို လတ်တလောတွင် မသိရသေးပေ။
စစ်ရေးလေ့လာသူတဦးကမူ ကွတ်ခိုင် – မူဆယ် ကားလမ်းနှင့် နမ့်ခမ်း- မူဆယ်ကားလမ်းတွင် TNLA က နယ်မြေချဲ့ထွင် စိုးမိုးလာသဖြင့် စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေး လုပ်ဆောင်လာခြင်းဖြစ်ကြောင်းဆိုသည်။
ကွတ်ခိုင် – မူဆယ် ကားလမ်းသည် တရုတ်-မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသည့် ကားလမ်း တခုလည်းဖြစ်ပြီး ယင်းလမ်းကြောင်းပေါ်တွင် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပြင် ပြည်သူ့ ကာကွယ်ရေးတပ်များလည်း ရှိသဖြင့် စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ကုန်သွယ်ရေးလမ်း တလျှောက် တိုက်ပွဲများ ကူးစက်သွားဖွယ်ရှိကြောင်း သုံးသပ်နေမှုများရှိနေသည်။
စစ်ရေးလေ့လာသူတဦးက “လောလောဆယ်ကတော့ အဲဒီဒေသမှာ TNLA နဲ့ KIA ကို ထိုးဖို့အတွက် အဲဒီမှာရှိတဲ့ စကခတွေ တပ်ရင်း ၁၀ ရင်းလောက်ထုတ်ပြီး စုထိုးနေတာပေါ့။ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူလည်းပါတဲ့အခါကျတော့ ထိုးမယ်ဆိုရင် အချိန်အတိုင်းအတာတခုအထိ ထိုးနိုင်တဲ့ အခြေအနေရှိတယ်။ ဘယ်ဘက်က သာမလဲ၊ မသာဘူးလဲကတော့ စစ်မြေပြင်မှာ အဖြေပေါ်မှာပေါ့။ KIA ရဲ့ တပ်မဟာတွေလည်းရှိတော့ TNLA ချည်းပဲ သက်သက်တိုက်ရုံနဲ့ ရမှာမဟုတ်ဘူး။ KIA နဲ့လည်း တိုက်ပွဲဖြစ်နိုင်တယ်။ အခြေအနေက နဲနဲရှုပ်ထွေးလိမ့်မယ်” ဟုဆိုသည်။