လူမှုကွန်ရက် စာမျက်နှာပေါ်တွင် အမေရိကန်ဒေါ်လာ၊ ယူရိုငွေရောင်းဝယ်မှု ပြုလုပ်နေသူများကို စစ်ကောင်စီ၏ ဗဟိုဘဏ်က အသွင်ယူ ဖမ်းဆီးနေသဖြင့် ပြင်ပဒေါ်လာဈေးကွက်တွင် အရောင်းအဝယ်ရပ်ဆိုင်းသွားကြောင်း သိရ သည်။
Dollar Buy/Sell Market and News နှင့် ယူရို၊ ဒေါ်လာ ရောင်းဝယ်ပို့ဆောင်လိုသူများ ဆုံစည်းရာ Euro Dollar Trading Group စသည့် နာမည်များဖြင့် Facebook ပေါ်တွင် ငွေကြေးအရောင်းအဝယ်လုပ်နေသူများကို သတ်မှတ် ပေါက်ဈေး ၁ ဒေါ်လာလျှင် ၂,၁၀၀ ကျပ်၊ ပြင်ပဈေး ၂,၉၀၀ ကျပ်ကျော်နှင့် ကျော်လွန်၍ ရောင်းဝယ်နေသည်ဟုဆိုကာ ဩဂုတ် ၂၈ ရက်၌ အသွင်ယူဖမ်းဆီးခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုလို ရောင်းဝယ်ခြင်းသည် တရားမဝင် ရောင်းဝယ်ခြင်းဖြစ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် မညီညွတ်သဖြင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဥပဒေ ပုဒ်မ ၉ အရ လုပ်ငန်းလိုင်စင်ရရှိသူများကသာ နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်၊ နိုင်ငံခြားငွေ ငွေသားနှင့် ခရီးသွားချက်လက်မှတ်များ ရောင်းဝယ်ခွင့်ရှိကြောင်း ဗဟိုဘဏ်က ဆိုထား သည်။
လက်ရှိဈေးကွက်အခြေအနေနှင့် ပတ်သက်၍ ပြည်တွင်းရှိ ဒေါ်လာငွေကြေးလဲလှယ်ရေး လုပ်ကိုင်သူတဦးက “အဲဒီလို ဆိုတော့ အလုပ်တွေတော်တော်များများက ရပ်ထားရတာပေါ့။ အကြီးတန်းတွေက ဘာမှမလုပ်ကြဘူး။ မလွှဲသာ မရှောင်သာတဲ့သူလောက်ပဲ လက်သိပ်ထိုးလုပ်တာရှိတယ်။ ဗဟိုဘဏ်က ပုံစံမျိုးစုံနဲ့ပြောနေကြတော့ ဒီဘက်ကလည်း တတ်နိုင်သလောက် ထိပ်တိုက်မတိုးအောင် လောလောဆယ် ရှောင်နေကြတယ်” ဟု ဧရာဝတီ ကို ပြောသည်။
ဗဟိုဘဏ်၏ အဆိုပါထုတ်ပြန်ချက် ထွက်လာပြီးနောက် ယနေ့တွင် ဈေးကွက်ဖွင့်နိုင်ခြင်းမရှိဘဲ ရင်းနှီးသူအချင်းချင်း သာ ပြင်ပဈေးကွက်၌ အရောင်းအဝယ်လုပ်သည့် အနေအထား ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
စစ်ကောင်စီ၏ ဒေါ်လာသတ်မှတ်ဈေးမှာ အမေရိကန် ၁ ဒေါ်လာလျှင် ၂,၁၀၀ ကျပ်၊ လိုင်စင်ရ ငွေလဲကောင်တာများ တွင် ၁ ဒေါ်လာ ၂,၉၂၀ ကျပ် သတ်မှတ်ထားပြီး ယင်းထက်ပိုရောင်းချခြင်းမပြုရန်လည်း ဗဟိုဘဏ်က သတ်မှတ်ထား သည်။
သို့သော် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးဈေးကွက်တွင် ကျပ်ငွေတန်ဖိုးအပေါ် ယုံကြည်မှုကျဆင်းခြင်း၊ အမေရိကန်အစိုးရက စစ်ကောင်စီ၏ MFTB နှင့် MICB ဘဏ်တို့ကို ဒဏ်ခတ်ပိတ်ဆို့မှုများအပြင် ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ထုတ်ဝေခြင်း စသည့် အကြောင်းရင်းများကြောင့် မြန်မာကျပ်ငွေတန်ဖိုးမှာ ဆက်တိုက်ကျဆင်းလာကာ ပြင်ပဈေးကွက်၌ ၁ ဒေါ်လာ ၃,၇၀၀ ကျပ်ကျော်ထိ မြင့်တက်လျက် ရှိသည်။
စစ်ကောင်စီအနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းရန်အတွက် ဈေးနှုန်းသတ်မှတ်ခြင်း၊ ဒေါ်လာငွေကိုင်ဆောင်သူ များကို ၆ လထက် လက်ဝယ်ကိုင်ဆောင်ခွင့်မပြုခြင်း၊ လိုင်စင်ရငွေလဲကောင်တာများတွင်သာ အရောင်းအဝယ်ပြုလုပ် ရန်တို့အပြင် လုပ်ငန်းရှင်များအား ခေါ်ယူသတိပေးခြင်း၊ ဒေါ်လာငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် ရွှေလုပ် ငန်းရှင်များကို ဖမ်းဆီးခြင်းများလည်း ဆက်တိုက်ပြုလုပ်နေသည်။
ထို့ပြင် နိုင်ငံရပ်ခြား ပညာသင်၊ အလုပ်အကိုင်သွားရောက်ရန်နှင့် ပြည်ပတွင်ကျန်းမာရေးကုသမည့်သူများ၊ ဒေါ်လာငွေ လိုအပ်သူများအနေဖြင့် လိုင်စင်ရငွေလဲကောင်တာများတွင် သွားရောက်ဝယ်ယူရာ၌ အရောင်းရပ်ထားသော်လည်း အဝယ်ကို ပြင်ပဈေးနှင့်အနည်းငယ်ခွာ၍ လက်ခံကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ဒေါ်လာ ဝယ်ယူခဲ့သူတဦးက “ဒီရက်ထဲ ငွေလဲကောင်တာ တော်တော်များများ ပိတ်ထားကြတယ်။ ဟိုနေ့ကဆို ဆိုင်ပါ ပိတ်ထားတာ။ တချို့ဖွင့်တဲ့ဆိုင်ကျ အရောင်းတော့လက်ခံတယ်။ ပြင်ပဈေးနဲ့နည်းနည်းခွာပြီး ပေါက်ဈေးပေးတယ်။ အွန် လိုင်းကဈေးထက် နည်းနည်းတော့ကွာတယ်။ မနေ့ကဆို ၃,၇၀၀ ကျပ် ပေးတယ်။ အဓိက လာဝယ်တဲ့သူက စုံစမ်းရေး လားဘာညာကြောက်ပြီး ဆိုင်တွေကမဖွင့်ရဲ၊ ပြန်မရောင်းရဲကြတာ” ဟု ဧရာဝတီကို ပြောသည်။
ယခုအချိန်တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ရွှေဈေးနှုန်းများမှာ ဆက်တိုက်မြင့်တက်နေပြီး လက်ရှိဈေးကွက်၌ အမေရိကန် ၁ ဒေါ်လာ ၃,၇၀၀ ကျပ်ကျော်နှင့် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ၃၈ သိန်း ဝန်းကျင်ထိ မြင့်တက် နေသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြင့်တက်လာသော ကုန်ဈေးနှုန်းနှင့် ဒေါ်လာငွေလဲလှယ်နှုန်းများကိုထိန်းရန် အတွက် ၎င်း၏လက်အောက်ခံ ဗဟိုဘဏ်က မူဝါဒအမျိုးမျိုးထုတ်ပြန်ခြင်း၊ ဘဏ်များမှတဆင့် ဒေါ်လာငွေရောင်းချ ခြင်း၊ ကုန်သည်လုပ်ငန်းရှင်များကို အာဏာနှင့်ထိန်းခြင်းများ ပြုလုပ်ခဲ့သော်လည်း လက်ရှိ အာဏာသိမ်းမှုနှစ်ကျော်ထိ နည်းလမ်းမမှန်သဖြင့် ထိန်းနိုင်ခြင်းမရှိကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ပြောဆိုထားသည်။
လက်ရှိတွင်လည်း ဒေါ်လာနှင့်ရွှေလုပ်ငန်းရှင်တချို့ ဖမ်းဆီးထိန်းသိမ်းခံထားရသည်များရှိနေပြီး အသေးစိတ်အခြေအနေ များကိုမူ လုပ်ငန်းရှင်များကြား မေးမြန်း၍ပင်မရသည့်အခြေအနေ ဖြစ်နေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
မြန်မာနိုင်ငံသည် စားသုံးဆီ၊ စက်သုံးဆီ အပါအဝင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းများ စသည်တို့ကို ပြည်ပနိုင်ငံအသီးသီးမှ တင်သွင်းနေရပြီး သွင်းကုန်ကို အဓိကအားထားနေရသည့်အတွက် ကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်လာသည်နှင့်အမျှ အခြားကုန်ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိ သည်။
You may also like these stories:
ဘဏ်နှစ်ခု ဒဏ်ခတ်ခံရမည့်သတင်းကြောင့် ဒေါ်လာဈေး ၃၀၀၀ ကျော်ထိ မြင့်တက်
ဒေါ်လာဈေးတက်နေချိန် အရောင်းအဝယ်သမားအချို့ စစ်ကောင်စီ ဖမ်းဆီး
မြန်မာပြည်တွင် ဒေါ်လာဈေး ၃ မျိုးဖြစ်လာပြီ
အမေရိကန်ဒေါ်လာနှင့် ရွှေဈေး တဟုန်ထိုးတက်
ဒေါ်လာနှင့် ရွှေဈေးကို ထိန်းချုပ်ရန် စစ်ကောင်စီ အထူးအဖွဲ့ ဖွဲ့စည်းမည်