ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုများအနေဖြင့် သက်ဆိုင်ရာရုံး အဆောက်အဦ၊ အိမ်ရာများမှ စွန့်ခွာရန် Federal Wings ဒရုန်းတပ်ဖွဲ့က ယမန်နေ့က သတိပေး ကြေညာသဖြင့် မြဝတီမြို့ခံများအကြား စိုးရိမ်ထိပ်လန့်မှုများ ရှိနေသည်။
စက်တင်ဘာ ၃ရက်နေ့ ညနေပိုင်းက မြဝတီမြို့ ရဲစခန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ခလရ ၂၇၅ ယာယီတပ်ရင်းမှူး ဗိုလ်မှူးအောင်ကျော်မင်း၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ရဲအုပ်နေလင်းစိုး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီး အရာရှိ ဦးထွန်းထွန်းညိမ်းနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အကြီးတန်းစာရေး ဦးပြည်ဖြိုးအောင်တို့ သေဆုံးကာ၊ ဒုရဲမှူးကြီးအောင်ထက်ဝင်း အပါအဝင် ၅ ဦး ဒဏ်ရာပြင်းထန်ပြီး အခြားအဆင့်ရဲတပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ခဲ့သည်။
မြဝတီမြို့ခံတဦးက “အရင်က လက်ခတ်တောင်မှာ လက်နက်ကြီးသံတွေ နေ့ ညကြားနေရတော့ သိပ်မဆန်းတော့ဘူး၊ အခုက မြို့ထဲမှာ ဒီလိုဖြစ်တယ်ဆိုတော့ စိုးရိမ်စိတ်တွေ တော်တော်များများ ဝင်သွားကြတာပေါ့။ ဌာနဆိုင်ရာ ရုံးတွေ အားလုံးက မြို့လယ် ခေါင်မှာလေ၊ အဲဒီကနေမှ ဖြတ်ပြီး ကိုယ်သွားချင်တဲ့နေရာကို သွားရတာကိုး၊ အဲဒီအရှေ့က ဖြတ်သွား နေရတော့ နောက်ထပ် ဖြစ်လာရင်ဆိုပြီး စိုးရိမ်ကြတာပေါ့၊ မသွားလို့လည်း မရဘူး၊ ထမင်းစားဖို့လည်း ပိုက်ဆံရှာရဦးမှာ လေ” ဟု ပြောသည်။
Federal Wings အဖွဲ့၏ ထုတ်ပြန်ချက်တွင် ၎င်းတို့အနေဖြင့် စစ်ကောင်စီအား တိုက်ခိုက်ရာတွင် လက်နက်ကိုင်ထားသူ များကိုသာ ထိခိုက်စေရန် ရည်ရွယ်သဖြင့် လက်နက်မကိုင်ဆောင်သည့် ဌာနဆိုင်ရာဝန်ထမ်းများအား အထူးသတိပေးခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် မြဝတီမြို့ရှိ ပြည်သူများအနေဖြင့် မလိုလားအပ်သည့် ထိခိုက်မှုများကို ရှောင်နိုင်ရန် စစ်ကောင်စီတပ်စွဲရာ ရုံးများ၊ တပ်စခန်းများနှင့် ဝေးရာတွင် ပြောင်းရွှေ့ နေထိုင်ပေး ကြရန်လည်း မေတ္တာရပ်ခံ သတိပေးထားသည်။
ယနေ့တွင်လည်း မြဝတီမြို့ရဲစခန်းအပေါ်ဘက်တွင် ဒရုန်းပျံသန်းသည်ကို တွေ့ရှိရသည်ဟုဆိုကာ အနီးအနားရှိ ပြည်သူများ ထိတ်လန့်မှုဖြစ်ပေါ်ခဲ့ကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။
ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည့် မြဝတီခရိုင်ရဲစခန်းသည် မြဝတီမြို့ပြည်သူ့ဆေးရုံကြီးနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး အနီးအနားပတ်ဝန်းကျင်တွင် ဌာနဆိုင်ရာရုံးပေါင်းစုံ အခြေစိုက်တည်ရှိသည်။
တိုက်ခိုက်မှုကြောင့် မြဝတီမြို့ခံများမှာ စိုးရိမ်မှုရှိသော်လည်း ယနေ့တွင် အသွားအလာများ ပြန်လည်တွေ့မြင်ရသလို စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်များကလည်း စစ်ယူနီဖောင်း အပြည့်အစုံ ဝတ်ဆင်ကာ ကားများဖြင့် မြို့အတွင်း လှည့်ပတ်နေသည်ကို တွေ့ရကြောင်း မြဝတီမြို့ခံ အမျိုးသမီးတဦးက ပြောသည်။
၎င်းက “ခရိုင်ရဲစခန်းတိုက်ခိုက်မှု ဖြစ်ဖြစ်ချင်းမှာတော့ ပိတ်ဆို့စစ်ဆေးမှုတွေရှိခဲ့တယ်၊ ဖြစ်သွားတဲ့နေရာကလည်း အစက တည်းက အတားအဆီးတွေနဲ့ ပိတ်ထားတာ။ အနီးအနားလမ်းတွေကို ပိတ်ဆို့ထားတာတွေရှိတယ်။ တဖက်က သတိပေး သလို ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်ကောင်စီ ဘယ်ရွှေ့ပေးမတုန်း၊ သူ့ဟာသူတောင် ဖြစ်နေတဲ့ကိစ္စတွေတောင် ရှင်းမပြီး တာ၊ ရွှေ့ပေးဖို့ ဘယ်အားစိုက်လောက်ပါ့မလား၊ ကိုယ်ဖြစ်ကိုယ်ခံပဲ အကုန်လုံးက” ဟု ပြောသည်။
သို့သော် မြဝတီမြို့မှ အရပ်ဖက်ဝန်ထမ်းတချို့လည်း ပြန်လည်ပြောင်းရွှေ့ရန် ကြိုးစားမှုများ ရှိနေကြောင်း ဒေသခံဝန်ထမ်း တချို့၏ ပြောဆိုချက်အရ သိရသည်။
စစ်ကောင်စီကလည်း ရဲစခန်း တိုက်ခိုက်ခံရပြီး နောက်တနေ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်း စစ်ကြောင်းများ သိမ်းပိုက်တပ်စွဲထားသည့် မြဝတီမြို့တောင်ဘက်ရှိ လက်ခတ်တောင်ဘုရားကုန်းစခန်းအား Yak 130 တိုက်လေယာဉ်ဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
ကျားသစ်နက်စစ်ကြောင်း တာဝန်ရှိသူတဦးက “မနေ့က လေယာဉ်နဲ့သုံးခေါက် ဗုံးကြဲသွားတာ၊ လက်ခတ်တောင် ဧရိယာ ထဲမှာရှိတဲ့ သုံးနေရာလောက်ကို ကျတာပါ၊ မြေပြင်က စစ်ကြောင်းထိုးတာတော့ မရှိသေးဘူး၊ လက်နက်ကြီး ပစ်တာက တော့ ရက်ဆက် ပိုပစ်နေတာပါ၊ ဒီနေ့ကတော့ ထိတွေ့တိုက်ခိုက်တာ၊ လေယာဉ်နဲ့ဗုံးကြဲတာမျိုး မရှိသေးဘူး၊ လက်နက်ကြီး ကတော့ ညဘက်ဆိုပုံမှန်ပစ်လေ့ရှိတယ်”ဟု ပြောသည်။
စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် သာသနိကအဆောက်အဦတချို့ ထိမှန်ပျက်စီးခဲ့ပြီး KNLA ပူးပေါင်းတပ်များ ထိခိုက်မှု မရှိခဲ့ကြောင်းလည်း ၎င်းတို့ကပြောသည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် လက်ခတ်တောင်စခန်းကုန်း ပြန်ရရေး အတွက် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူများဖြင့် အကြိမ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသော်လည်း ယနေ့အထိ ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
You may also like these stories:
လက်ခတ်တောင်ပြန်ရရေး စစ်ကောင်စီ စစ်ရှိန်မြှင့်၍ တိုက်ခိုက်နေ
ကရင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်ဖြစ်လာ
မြဝတီ-ဝေါလေလမ်းပိုင်း စစ်ကောင်စီ ထိန်းချုပ်နိုင်ပြီလား
မြဝတီ-ဝေါလေ၌ အထိနာသည့် စစ်တပ်အတွင်း အမိန့်မနာခံမှုများ ဖြစ်နေဟုဆို