နေပြည်တော်အချုပ်ထောင်၌ ဖမ်းဆီးခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သွားကိုက်ဝေဒနာကြောင့် ဆေးကုသမှုခံယူခဲ့ရပြီး စက်တင်ဘာ ၄ ရက်က ပြန်လည်ကျန်းမာလာကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သိရသည်။
ထောင်တွင်း၌သာ ဆေးကုသခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၄ ရက်နေ့မှစ၍ ပြန်လည်သက်သာ လာပြီး လမ်းပြန်လျှောက်နိုင်နေပြီဖြစ်ကြောင်း၊ သြဂုတ်လကုန်ပိုင်းက သွားဖုံးရောင်သည့်အတွက် အစားအသောက် မစား နိုင်ဖြစ်ကာ အကျဉ်းဦးစီးဌာန ကျန်းမာရေးတာဝန်ခံက သွားရောက်ကြည့်ရှုခဲ့ပြီး ပိုးသတ်ဆေး အပါအဝင် ဆေး ၉ မျိုးပေး ခဲ့ကြောင်း၊ ပိုးသတ်ဆေးဒဏ်ကြောင့် အားနည်းပြီး လမ်းမလျှောက်နိုင်တော့ သည့်အခြေအနေထိ ဖြစ်ခဲ့ရကြောင်း သိရ သည်။
အသက် ၈၀ အရွယ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သွားဖုံးရောင်ရောဂါ ခံစားရချိန်တွင် ပြင်ပ ထူးကုဆရာဝန်နှင့် ပြသ ခွင့်ပေးရန် နေပြည်တော်အကျဉ်းထောင်မှူးက သက်ဆိုင်ရာအာဏာပိုင်များထံ ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း သက်ဆိုင်ရာက ခွင့်မပြုခဲ့ကြောင်း ဧရာဝတီသတင်းရင်းမြစ်များက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သွားဖုံးရောင်ဝေဒနာ ခံစားနေရပြီးနောက် အစားကောင်းကောင်း မစားနိုင်ဘဲ ခန္ဓာကိုယ် မအီမသာဖြစ်ကာ မကြာခဏ အန်နေကြောင်းလည်း သတင်းရင်းမြစ်တဦး၏ ပြောဆိုချက်ကို ကိုးကား၍ ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၈ရက်က ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် နေပြည်တော် အကျဉ်းထောင်အား စစ်ဆေးရန် လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံခဲ့သည်ဟု နေပြည်တော်သတင်းရင်းမြစ်အချို့က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထဲရေးဝန်ကြီးတို့ တနာရီနီးပါး တွေ့ဆုံစကားပြောခဲ့ပြီး ကျန်းမာရေးကောင်းမွန်သည် ဆိုသည့် သတင်းစကားသာ ပြန်လည်ကြားသိရကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသူတဦးက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လမှစ၍ ပြည်ထဲရေးဝန်ကြီးဖြစ်လာသူ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိတွေ့ဆက်ဆံခဲ့ရသူ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက အမှုပေါင်း ၁၉ မှုဖြင့် စွဲဆို၍ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ထားပြီး ဩဂုတ် ၁ ရက်တွင် ယင်းအထဲမှ ၆နှစ်ကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် လျော့ထား၍ ထောင်ဒဏ် ၂၇ နှစ်ဖြင့် နေပြည်တော် အချုပ် ထောင်အတွင်း၌ ယမန်နှစ် ဇွန် ၂၂ ရက်က စတင်ကာ အကျဉ်းချခံထားရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် ၏ အထူးအယူခံ ပယ်ချခံရ
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ပြန်ထားရန် စစ်ကောင်စီ အစီအစဉ်ရှိ
ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်
စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့
ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ