ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များအတွင်း ရာသီတုပ်ကွေးအပြင် ကလေးများ၌ သွေးလွန် တုပ်ကွေး ဖြစ်ပွားမှုများနေကာ ဆေးဝါးအခက်အခဲ ကြုံနေရကြောင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများထံမှ သိရသည်။
အသက် ၁၅ နှစ်အောက် ကလေးငယ်များတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုသည် ဇူလိုင်လမှစတင်၍ များပြားလာခြင်း ဖြစ်ပြီး ကိုယ်ပူခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာများ တွေ့ရှိရကြောင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “စစ်ရှောင်စခန်းတော်တော်များများမှာ ဖြစ်နေတယ်။ စစ်ရှောင်မဟုတ်တဲ့ ပြည်သူတွေမှာလည်း ဖြစ်တယ်။ သွေးလွန်တုပ်ကွေးက ကိုယ်ပူတယ်၊ ချမ်းတုန်တယ်၊ ချောင်းဆိုးတယ်။ ၁၀ ယောက်မှာ ၇ ယောက်လောက် တွေ့ရ တယ်။ ဇူလိုင်၊ ဩဂုတ်မှာ သွေးလွန်တုပ်ကွေးအဖြစ်များတယ်” ဟု ဖရူဆိုမြို့နယ်အရှေ့ခြမ်းရှိ အခြေအနေများကို ရှင်းပြသည်။
ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ပြည်သူများတွင် သွေးလွန်တုပ်ကွေးအပြင် သုံးစွဲရသည့်ရေ မသန့်ရှင်းမှုကြောင့် အရေပြားယားနာရောဂါများလည်း ဖြစ်ပွားနေကြောင်း သိရသည်။
ထို့ပြင် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသာ မူကယန်းလူမှုကူညီရေးအသင်း၏ ဆေးခန်း၌ ၁ ရက်လျှင် လူ ၆၀ ဦးခန့် လာရောက်ပြသည့်အထဲ ထက်ဝက်ခန့်မှာ ရာသီတုပ်ကွေးလက္ခဏာများဖြင့် ဖျားနာသူများဖြစ်ကြောင်း ယင်းဆေးခန်းမှ ကျန်းမာရေးဝန်ထမ်းတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “သွေးလွန်တုပ်ကွေးက ၆ လကနေ ၁၅ နှစ်အောက်မှာ ပိုတွေ့ရတယ်။ ကိုယ်ပူ၊ အန်၊ ချောင်းဆိုးတယ်။ ၃ ရက် လောက်ဆိုရင် အနီစက်တွေ ထွက်တယ်။ သွေးလွန်တုပ်ကွေးအဖြစ်များတာက ဇူလိုင်၊ ဩဂုတ်ပေါ့။ အခု စက်တင်ဘာ မှာလည်း ဖြစ်တယ်။ ၅ ရက်အတွင်း ၄ ယောက်လောက်ရှိပြီ။ ကျန်တဲ့လူတွေကတော့ ရာသီတုပ်ကွေးပေါ့” ဟု ဆိုသည်။
မူကယန်းလူမှုကူညီရေးအသင်းက ဖွင့်လှစ်ထားသည့် ဆေးခန်းသို့လာသော လူနာသည် ၁ လလျှင် ၁,၀၀၀ ခန့် အနည်းဆုံးရှိပြီး ရာသီတုပ်ကွေးဖြစ်ပွားမှုမှာ ကူးစက်ပျံ့နှံ့တတ်သည့်အတွက် ဆေးခန်းပြသူ ပိုမိုများပြားနေခြင်းဖြစ် ကြောင်း သိရသည်။
ကျန်းမာရေးဝန်ထမ်းတဦးက “ရာသီတုပ်ကွေးက အရမ်းအဖြစ်များနေတယ်ပေါ့။ တရက်ဖြစ်ပြီဆိုရင် နောက်ရက်ကို တမိသားစုလုံးဖြစ်ပြီ။ ဆေးခန်းလာပြီဆိုရင် မိသားစုလိုက်တွေ လာကြတာပေါ့။ လူကြီးရော၊ ကလေးရော လာပြကြ တာ။ ဒီတပတ်ထဲမှာကို ဆေးခန်းလာပြတာ အရမ်းများနေတယ်” ဟု ပြောသည်။
ယင်းဒေသများတွင် ပြည်သူအများစုသည် တောတောင်ထဲ၌ စစ်ဘေးရှောင်နေရသည့်အတွက် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းများဖြစ်သော ကူးစက်စေသည့် ခြင်ကျားများ မပေါက်ဖွားအောင် ပိုး လောက်လန်းနှိမ်နင်းခြင်း၊ ခြင်ဆေးဖြန်းခြင်း၊ ခြင်ထောင်ဖြင့် လုံခြုံစွာအိပ်စက်ခြင်းများကို လုပ်ဆောင်နိုင်ခြင်း မရှိ ကြောင်း သိရသည်။
ထို့ပြင် သွေးလွန်တုပ်ကွေးနှင့် ရာသီတုပ်ကွေးရောဂါများကို ကုသရာတွင် အခြေခံလိုအပ်သည့် ဆေးဝါးများမှအစ ခြင်ထောင်၊ ကလိုရင်းဆေးမှုန့်၊ ခြင်ဖြန်းဆေး စသည်ဖြင့် လိုအပ်ချက်များစွာလည်း ရှိနေကြောင်း ယင်းဒေသများ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများက ဆိုသည်။
ဈေးဝါးဆေးနှုန်းများ မြင့်တက်လာမှုကလည်း ဆေးဝယ်ယူနိုင်ရေးအတွက် အကန့်အသတ်ရှိနေသောကြောင့် ယခင်က နေ့တိုင်းနီးပါး ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် မူကယန်းလူမှုကူညီရေးအသင်းက ဖွင့်လှစ်ထားသော ဆေးခန်း ကိုပင် တပတ် ၁ ရက် ပိတ်ရကြောင်း သိရသည်။
ဆေးခန်းမှ ဆရာမတဦးက “အရင်ကတုန်းကဆိုရင် ရက်တိုင်းလိုလို ဆေးခန်းဖွင့်တယ်။ အခုကတော့ ဆေးခန်းကို တပတ်မှာ တနင်္ဂနွေတရက်ကို ပိတ်လိုက်ရတယ်။ ကုန်ဈေးနှုန်းတွေတက်တော့ ဆေးဝါးတွေ မဝယ်နိုင်ဘူး။ အကယ်၍ ဆေးဝါး လုံလုံလောက်လောက်ရှိမယ်ဆိုရင် ဆေးခန်းကတော့ ဖွင့်လို့ရတယ်” ဟု ပြောသည်။
ထိုကဲ့သို့ ဆေးဝါးရှားပါးမှုသည် ဒီးမော့ဆိုတခုတည်းတင်မဟုတ်ဘဲ ဖရူဆိုမြို့နယ်တွင်လည်း ကြုံနေရကြောင်း၊ ကျန်းမာ ရေးစောင့်ရှောက်ပေးသည့်အဖွဲ့များထံ ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ လှူဒါန်းမှု လျော့ကျလာသည့်အတွက် ဆေး ခန်းလာသည့် လူနာများကိုယ်တိုင် ထည့်ဝင်သော အလှူငွေအပေါ်သာ အားကိုးရတော့မည့်ကျေးရွာများ ရှိနေကြောင်း သိရသည်။
ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ရွာတရွာတွင် ဖြစ်နေသည့် အခြေအနေနှင့် ပတ်သက်၍ ကျန်မာရေးဝန်ထမ်းတဦးက “အလှူရှင်က ပေးတာလည်းရှိတယ်။ စစ်ရှောင်တွေက သူတို့ဘာသာ စုဝယ်တာလည်းရှိပေမယ့် မလောက်ဘူးပေါ့။ ကျမနေတဲ့ရွာမှာဆိုရင် သော့ခတ်ထားတဲ့ ပုံးလေးတပုံးထားပေးတယ်။ အဲဒီသော့ကို ရွာလူကြီးက ကိုင်ထားတယ်။ စေတနာရှိသလောက် ၁,၀၀၀ ဖြစ်ဖြစ်၊ ၅၀၀ ဖြစ်ဖြစ် ထည့်သွားတယ်။ ဆေးလိုပြီဆိုရင် အဲဒါကို ရွာလူကြီးက လာဖောက်ပြီးတော့ ဆေးဝယ်ပေးတယ်” ဟု ပြောသည်။
လက်ရှိ ဆေးဝါးခက်ခဲသည့်နေရာများတွင် ရှိရင်းစွဲဒေသခံများအပြင် ကရင်နီဒေသတွင်း နီးစပ်ရာကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသော စစ်ရှောင်များလည်းရှိနေရာ ဆေးဝါးနှင့် ရိက္ခာသုံးစွဲမှုများ ပိုမိုလိုအပ်နေခြင်းဖြစ် ကြောင်း၊ စစ်ရှောင်ပြည်သူများအနေဖြင့် နေထိုင်စားသောက်ရေးအပြင် ကျန်းမာရေးပြဿနာကိုပါ ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း စစ်ရှောင်များအားကူညီပေးနေသည့် Job For Kayah အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “စားဝတ်နေရေးအတွက်ရော၊ ကိုယ့်အသက်အန္တရာယ်ရော ဒုက္ခဖြစ်နေတဲ့အပြင် ဒီလို ကျန်းမာရေးပြဿာနာ ကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ အကုန်ဒုက္ခရောက်တာပေါ့” ဟု ဆိုသည်။
You may also like these stories :
ကရင်နီစစ်ရှောင်များ စားနပ်ရိက္ခာ အကျပ်အတည်း ဆိုက်နေ
ကရင်နီ နယ်စပ်တိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ရှောင် ၃ထောင်ကျော် ထွက်ပြေး
ကရင်နီစစ်ရှောင်များ ရေရှားမှုကြောင့် ကျန်းမာရေးပြဿနာများ ကြုံနေရ