အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ကျင်းပသော အာဆီယံနှင့် အမေရိကန် ထိပ်သီးအစည်းအဝေး၌ မြန်မာနိုင်ငံ အလံပါ ကုလားထိုင်လွတ်တလုံး ရှေ့ အမေရိကန် ဒုသမ္မတ ကာမလာ ဟာရစ်က မြန်မာ့ဒီမိုကရေစီရေးကို ဆက်လက်ထောက်ခံသွားမည်ဟု ဗုဒ္ဓဟူးနေ့က ပြောကြားသွားသည်။
“မတရား ဖမ်းဆီးခံထားရသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ပြန်လည်ထူထောင်ဖို့ ကြောက်စရာကောင်းတဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ အမေရိကန်က စစ်ကောင်စီကို ဆက်လက် ဖိအားပေးသွားမှာပါ” ဟု ဟာရစ်က ဗုဒ္ဓဟူးနေ့ ထိပ်သီးအစည်းအဝေး အဖွင့်တွင် ပြောကြားခဲ့သည်။
“အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို ကျမတို့ ဆက်လက်ထောက်ခံသွားမှာပါ” ဟု အပြုသဘောဆောင် ဆွေးနွေးညှိနှိုင်းမှုများ ပါဝင်သော မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့်ပတ်သက်သည့် အာဆီယံ၏ တောင်းဆိုချက်များကို ရည်ညွှန်းပြီး ၎င်းက ပြောကြားခဲ့သည်။
အကျပ်အတည်းကို ဖြေရှင်းရန် ခြေလှမ်း စ မလှမ်းမချင်း မြန်မာနိုင်ငံမှ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးများမှ တားမြစ်ရန် အာဆီယံက ပြီးခဲ့သည့်နှစ်တွင် သဘောတူညီခဲ့သည်။ မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်သို့ ပြန်လည်ရောက်ရှိစေရန် တိုက်တွန်းသည့် သင်္ကေတအဖြစ် မြန်မာနိုင်ငံက ခုံဗလာဖြင့် ကျင်းပခဲ့သည်။
ကြာသပတေးနေ့တွင်လည်း ကုလသမဂ္ဂ အကြီးအကဲက မြန်မာနိုင်ငံ အခြေအနေအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး စစ်အာဏာပိုင်များက ၎င်း၏ ပြည်သူများ အသံကို နားထောင်ရန်၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်နှင့် ဒီမိုကရေစီသို့ ပြန်သွားရန် တိုက်တွန်းခဲ့သည်။
အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို တန်ဖိုးထားကာ မြန်မာအရေး အဖြေရှာရန် စုစည်းညီညွတ်သော မဟာဗျူဟာတရပ်ကို ဆက်လက်ရှာဖွေရန် နိုင်ငံအားလုံးကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရပ်စ်က တိုက်တွန်းခဲ့ကြောင်း ကုလသမဂ္ဂ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
“အာဆီယံဥက္ကဋ္ဌအနေနဲ့ အင်ဒိုနီးရှားရဲ့ သန္နိဋ္ဌာန်ချထားတဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဂူးတားရပ်စ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ အာဆီယံ ထိပ်သီးအစည်းအဝေး ပြင်ပ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ကလည်း ရိုဟင်ဂျာဒုက္ခသည် ထောင်ပေါင်းများစွာအား သူ့နိုင်ငံထဲ မောင်းထုတ်ခဲ့သည့် မြန်မာနိုင်ငံက ပဋိပက္ခအတွက် တာရှည်ခံသော အဖြေကို ရှာဖွေရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ကြာသပတေးနေ့တွင် တောင်းဆိုသည်။
ဂျကာတာတွင် ကျင်းပသည့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ သမ္မတ ရှာဟာဘူဒင် တက်ရောက် အမှာစကား ပြောကြားခဲ့ရာ ဒုက္ခသည်များ နေရပ်ပြန်ရေးနှောင့်နှေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ရပ်တံ့မှုတို့သည် ဒေသတခုလုံးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း ပြောသည်။
ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော အာဆီယံထိပ်သီးအစည်းအဝေး ကြေညာချက်ထဲတွင် အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားက ဒေသတွင်း ခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အစီအစဉ်မှာ သိသိသာသာ တိုးတက်မှု ကင်းမဲ့နေသောကြောင့် စိုးရိမ်ကြောင်း ရေးသားထားသည်။
“အထူးသဖြင့် မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံရှိ ဆက်စပ်အဖွဲ့အစည်းများအားလုံးကို အကြမ်းဖက်မှုများ အရှိန်လျော့ရန်နှင့် စာသင်ကျောင်း၊ ဆေးရုံ၊ ဈေးများကဲ့သို့သော အရပ်သားများ၊ အိမ်များနှင့် အများပြည်သူဆိုင်ရာ အဆောက်အဦများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို ရပ်တန့်ရန် တိုက်တွန်းပါသည်” ဟု ကြေညာချက်က ရေးသည်။ “မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်” ဟုလည်း ဆိုသည်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံထိပ်သီးအစည်းအဝေး၏ ကြေညာချက်သည် “တဖက်သတ်” ဆန်သည်ဟု ပြန်လည် ထုတ်ပြန်သည်။ “အပြုသဘော မဆောင်သည့် သုံးသပ်ချက်များနှင့် တဖက်သတ်ဆန်ပြီး မျှတမှု မရှိသော ဆုံးဖြတ်ချက်များ ပါရှိသည့် တူညီဆန္ဒ ၅ ချက် အကောင်အထည်ဖော်မှုဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်သည်” ဟု ဆိုသည်။
အာဆီယံ၏ ထုတ်ပြန်ချက်သည် လူအချို့ထင်သည်ထက် မြန်မာနိုင်ငံအပေါ် ပိုမိုစည်းလုံးညီညွတ်ကြောင်း ပြသသည်ဟု နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျု International Institute for Strategic Studies မှ သုတေသီ Aaron Connelly က ပြောသည်။
“အဖွဲ့ဟာ အကြမ်းဖက်မှုအတွက် စစ်တပ်ကို အပြစ်တင်တာ၊ အာဆီယံအစည်းအဝေးတွေကနေ စစ်ခေါင်းဆောင်ကို တရားဝင် ရပ်ဆိုင်းလိုက်တာနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်သွားတဲ့အထိ စစ်ကောင်စီက ဥက္ကဋ္ဌတာဝန်ကို စွန့်လွှတ်ဖို့ ဖိအားပေးတာ ထင်ရှားပါတယ်” ဟု ၎င်းက VOA သို့ ပြောကြားခဲ့သည်။
ပုံမှန်အားဖြင့်ဆိုပါက ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံအစား ဖိလစ်ပိုင်နိုင်ငံက ပြောင်းလဲတာဝန်ယူမည်ဖြစ်ပြီး ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက မြန်မာနိုင်ငံအစား ၂၀၂၆ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် အဆင်သင့်ဖြစ်နေပြီဟု အင်္ဂါနေ့တွင် ပြောကြားသည်။
ထို့ပြင် မြန်မာ့အရေးကို အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌ တနိုင်ငံတည်းက တာဝန်ယူဆောင်ရွက်နေရာက ယခုအခါ ဥက္ကဋ္ဌ ၃ နိုင်ငံက ပူးတွဲ ကိုင်တွယ်မည်ဖြစ်ကြောင်း လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောသည်။
အလှည့်ကျ ၃ နိုင်ငံဆိုရာ၌ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ၊ ယခင် ဥက္ကဋ္ဌနှင့် နောက်လာမည့် ဥက္ကဋ္ဌတို့က အဓိက ပူးတွဲ ကိုင်တွယ်ရန် အာဆီယံခေါင်းဆောင်များက စက်တင်ဘာ ၅ ရက်တွင် သဘောတူလိုက်ခြင်းဖြစ်သည်။
လာအိုနိုင်ငံသည် လာမည့်နှစ် ၂၀၂၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည် ဖြစ်ပြီး မလေးရှားနိုင်ငံက ၂၀၂၅ ခုနှစ်တွင် တာဝန်ယူမည်ဖြစ်သည်။
You may also like these stories:
မြန်မာ့အရေး အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ၃ နိုင်ငံ ပူးတွဲဖြေရှင်းမည်
ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ
မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း
မြန်မာ့အရေးကြောင့် အာဆီယံသို့ အရှေ့တီမော ဝင်ရောက်ရေး ဆုံးဖြတ်ရ ခက်နေ
အရှေ့တောင် အာရှ၊ အာဆီယံ ၅၆ နှစ်ကြာ ခရီးနှင့် မြန်မာ့အရေး
ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး