၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် လက်နက်ကိုင် ခုခံတော်လှန်ရေး စတင်ပြီးနောက် စစ်ကောင်စီသည် တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ထက်ဝက်နီးပါးဖြစ်သည့် စစ်သား ၃၀,၀၀၀ ဆုံးရှုံးသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောကြားလိုက်သည်။
စစ်ကောင်စီကို ပြည်သူ့ခုခံရေးစစ် ကြေညာသည့် ဒုတိယ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကြာသပတေးနေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် စစ်ကောင်စီသည် စစ်ပွဲစတင်ချိန်က စစ်ကောင်စီ၏ မြေပြင်တိုက်ခိုက်ရေးတပ်သည် ခြေမြန်တပ် ၂၁၄ ခုနှင့် ခြေလျင်တပ် ၃၀၇ ခု အပါအဝင် ထိုးစစ်တပ်ရင်း ၅၂၁ ခုတွင် တပ်သား ၆၅,၀၀၀ ခန့်သာရှိကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ခန့်မှန်းသည်။
လေတပ်၊ ရေတပ်နှင့် အရန်တပ်များ ပါဝင်ပါက စစ်ကောင်စီတွင် စစ်သား ၂၂၅,၀၀၀ မှ ၂၄၀,၀၀၀ သာ ရှိသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၉,၉၀၀ ဖြစ်ပွားပြီး စစ်သား ၃၀,၀၀၀ သေဆုံးသောကြောင့် စစ်ကောင်စီတပ်၏ စုစုပေါင်းအင်အား ၁၂ ဒသမ ၅ ရာခိုင်နှုန်း ဆုံးရှုံးသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြသည်။
စစ်စခန်းများ၊ ရဲစခန်းများ၊ နယ်ခြားစောင့် တပ်စခန်းများနှင့် စစ်ကောင်စီ လိုလားသော ပျူစောထီး ခါးပိုက်ဆောင် တပ်စခန်းများ စုစုပေါင်း ၂၈ ခုကို ခုခံတော်လှန်ရေးစစ် ပထမနှစ်အတွင်း သိမ်းပိုက်ပြီး လက်နက်ကိုင် တော်လှန်ရေး ဒုတိယနှစ်တွင် ရန်သူစခန်းပေါင်း ၁၀၇ ခုကို သိမ်းပိုက်ကြောင်း NUG က ကြေညာသည်။
သို့သော် NUG ၏ ပြောကြားချက်များကို ဧရာဝတီ သတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
NUG သည် တနိုင်ငံလုံးမှ စစ်ကောင်စီတပ်များကို စစ်ဆင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (PDF) ၂၉၃ ရင်းနှင့် မြို့နယ်ကာကွယ်ရေးအဖွဲ့ ၂၅၀ ကို ဖွဲ့စည်းထားပြီး အထူးသဖြင့် စစ်ကိုင်းနှင့် မကွေးတိုင်း၊ ချင်း၊ ကရင်၊ ကချင်နှင့် ကယားပြည်နယ်တွင် ဖွဲ့စည်းထားသည်။
PDF များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) အပါအဝင် နိုင်ငံမှ အခြေကျပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက လေ့ကျင့် လက်နက် တပ်ဆင်ပေးထားပြီး ၎င်းတို့နှင့်အတူ တိုက်ပွဲဝင်နေသည်။
တိုင်းရင်းသား ကာကွယ်ရေးအဖွဲ့ ၂၂ ခုသည်လည်း ပြည်နယ် ၅ ခုတွင် PDF နှင့် EAO များနှင့်အတူ တိုက်ပွဲဝင်နေသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ရခိုင်ပြည်နယ်မှအပ တနိုင်ငံလုံးတွင် ဖြစ်ပွားနေသည်။ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) သည် စစ်ကောင်စီနှင့် လွန်ခဲ့သောနှစ် နိုဝင်ဘာလမှ စတင်ပြီး ယာယီအပစ်အခတ် ရပ်စဲထားသည်။
စစ်ကောင်စီသည် နိုင်ငံမှ ကျေးလက်ဒေသအများအပြားကို ထိန်းချုပ်မှု ဆုံးရှုံးပြီး မြို့ပြခုခံတော်လှန်ရေး တိုက်ခိုက်မှုများသည် စစ်ကောင်စီတပ်များ၊ စခန်းများနှင့် စစ်ကောင်စီရုံများကို မြို့ကြီး မြို့ငယ်များတွင် ပစ်မှတ်ထားနေသည်။
မြို့ကြီး မြို့ငယ် ၁၀၀ ကျော်တွင် ၎င်းတို့၏ ခုခံတော်လှန်ရေးတပ်များက တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။
ခုခံတော်လှန်ရေး အရှိန်မြင့်လာသောကြောင့် စစ်ကောင်စီသည် ထိုးစစ်မှ ခံစစ်ဗျူဟာသို့ ပြောင်းလာကြောင်း သုတေသီများနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ခေါင်းဆောင်များက ပြောလာနေကြသည်။
You may also like these stories:
စစ်ကောင်စီ၏ တွေ့ဆုံဆွေးနွေးရေးပြောဆိုချက် လိမ်ညာမှုသာဖြစ်ဟု NUG ပြော
စစ်ကောင်စီကို ဖြုတ်ချရန် NUG ဒေါ်လာသန်း ၁၀၀ ကျော် ရန်ပုံငွေရှာထား
လူသားချင်းစာနာမှု အကူအညီများ စစ်ကောင်စီသို့ မပေးရန် NUG နှင့် မဟာမိတ်များ ကန့်ကွက်