အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုပြီးနောက် အရှေ့တီမော သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာက မြန်မာ စစ်ကောင်စီသည် စစ်ပွဲကို အောင်နိုင်မှု မရကြောင်း ပြောကြားလိုက်သည်။
“မြန်မာစစ်တပ်က ဒီစစ်ပွဲမှာ စစ်နိုင်နေတာ မဟုတ်ဘူး။ သူတို့က နိုင်ငံရဲ့ ၃၀ ရာခိုင်နှုန်းပဲ ထိန်းချုပ်နိုင်တော့တာ။ အခု အဲဒီစစ်က ပြည်သူနဲ့စစ်တပ်ကြားမှာ ဖြစ်နေတာ။ စစ်တပ်က အဲဒီစစ်ကို နိုင်မှာမဟုတ်ဘူး” ဟု မစ္စတာ ရာမို့စ် ဟော်တာက အယ်လ်ဂျာဇီးရား သတင်းဌာနသို့ ပြောသည်။
မစ္စတာ ရာမို့စ် ဟော်တာက NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မြို့တော် ဒီလီတွင် တွေ့ဆုံမှုအပြီး စစ်ကောင်စီသည် လွန်ခဲ့သောလက မြန်မာနိုင်ငံဆိုင်ရာ အရှေ့တီမောသံတမန်သည် မြန်မာမှ အကြမ်းဖက်မှု နောက်ထပ် ကျူးလွန်ရန် အားပေးသည်ဟုဆိုကာ နိုင်ငံမှ နှင်ထုတ်သည်။
အရှေ့တီမောသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သို့ ဝင်ရောက်ရန် လွန်ခဲ့သောနှစ်က မူအားဖြင့် သဘောတူညီထားပြီး ထိုအဖွဲ့မှ ကျန်အဖွဲ့ဝင် ကိုးနိုင်ငံအနက် မည်သူမှ NUG အစိုးရကို အသိအမှတ်မပြုပေ။
ဝန်ကြီးချုပ် မစ္စတာ ရှာနာနာ ဂတ်စ်မော်က အာဆီယံသည် မြန်မာပဋိပက္ခ အဆုံးသတ်ရန် အားထုတ်မှုအသစ် မလုပ်နိုင်လျှင် အဖွဲ့သို့ ဝင်ရောက်ရေးကို ပြန်လည် စဉ်းစားမည်ဖြစ်ကြောင်း ပြောခဲ့သည်။
မစ္စတာ ရာမို့စ် ဟော်တာက ဝန်ကြီးချုပ်သည် မြန်မာစစ်ကောင်စီအနေဖြင့် အဖွဲ့အစည်း၏ ငြိမ်းချမ်းရေး အစီအစဉ်ဖြစ်သည့် ဘုံသဘောတူညီချက် ၅ ချက်ပါ ကတိကဝတ်များကို လိုက်နာရန် ပျက်ကွက်ခြင်းနှင့် ပတ်သက်သည့် မိမိတို့ အာဆီယံနှင့် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာ အသိုက်အဝန်း၏ စိတ်ပျက်မှုကို ဖော်ပြခြင်း ဖြစ်ကြောင်း ပြောသည်။
“မြန်မာစစ်တပ်က သူ့တို့နိုင်ငံကို၊ သူတို့ပြည်သူကိုနဲ့ အာဆီယံအပေါ် သူတို့ ကျူးလွန်နေတဲ့ အန္တရာယ်ကို သူတို့ သိပုံမရဘူး” ဟု ကာတာအခြေစိုက် အယ်လ်ဂျာဇီးယားသို့ အရှေ့တီမော သမ္မတက ပြောသည်။
မြန်မာ၏ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းအတွက် အဖွဲ့အစည်းကို ကူညီရန် အရှေ့တီမောသည် အာဆီယံနှင့်အတူ လုပ်ကိုင်မည်ဖြစ်ကြောင်းနှင့် အာဆီယံသည် ယခင်က ဒေသတွင် ချမ်းသာကြွယ်ဝမှုနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေး လုပ်ဆောင်နိုင်သောကြောင့် အဖွဲ့အတွင်းမှသာ လုပ်ကိုင်မည်ဖြစ်ပြီး ပြင်ပမှ လုပ်ကိုင်မည် မဟုတ်ကြောင်း အရှေ့တီမော သမ္မတက ပြောသည်။
“နောက်ဆုံးမှာ မြန်မာအခြေအနေ တည်ငြိမ်အောင် လုပ်နိုင်မယ်လို့ ကျနော်ယုံကြည်တယ်” ဟု သမ္မတက ပြောသည်။
You may also like these stories:
မြန်မာ့အရေး မဖြေရှင်းနိုင်ရင် အာဆီယံမှာ မပါသေးဟု တီမော ပြော
သက်တမ်း ၅၆ နှစ်ပြည့် အာဆီယံတွင် မြန်မာ့အကြမ်းဖက်ပဋိပက္ခ အရိပ်မိုးနေ
အာဆီယံအက်ကြောင်းနှင့် ဗြဟ္မာကြီးဦးခေါင်း မြန်မာ
မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း
မြန်မာ့အရေး အဖွဲ့ကွဲခြင်းကို ရှောင်ရှားရန် အာဆီယံက တိုက်တွန်း