ကိုဗစ်ကာလ ပိတ်ထားခဲ့သည့် တရုတ်- မြန်မာ နယ်စပ်ဂိတ်ပေါက်ကို ယခုတပတ်အတွင်း ပြန်လည်ဖွင့်ခဲ့ရာ မူဆယ်မြို့ရှိ ဆင်ဖြူ၊ နန်းတော်ဂိတ်များမှတဆင့်ဝင်ရောက်မည့် မြန်မာနိုင်ငံသား ရာနှင့်ချီ၍ နေ့စဉ်တန်းစီ စောင့်ဆိုင်း နေကြောင်း သိရသည်။
တရုတ်အာဏာပိုင်တို့က စက်တင်ဘာ ၄ ရက်မှ စ၍ မူဆယ်မြို့ရှိ နန်းတော်နှင့် ဆင်ဖြူနယ်စပ်ဂိတ်များမှတဆင့် တရုတ်နိုင်ငံ ဘက်သို့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့် ဝင်ရောက်နိုင်ပြီဟု ကြေညာခဲ့ပြီး အဆိုပါ TBP ကတ်ပြုလုပ်ရန် ကျပ် ၂ ထောင်ပေးရကာ၊ တရုတ်နိုင်ငံအတွင်း၌ ၇ ရက် နေထိုင်ခွင့်သက်တမ်းရှိပြီး ရွှေလီမြို့အထိ ဝင်ခွင့်ရရှိမည် ဖြစ်သည်။
တရုတ်နိုင်ငံဘက်က ကမာ္ဘ့ကပ်ရောဂါ ကိုဗစ် ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်ရန်အတွက် နယ်စပ်ဂိတ်များကို ၂၀၁၉ နှစ်ကုန်ပိုင်းမှ စတင်ကာ ၃ နှစ်ကြာ ပိတ်ခဲ့ရာမှ ယခု ပြန်လည်ဖွင့်လှစ်လာခြင်းကြောင့် တရုတ်နိုင်ငံဘက် နယ်စပ်မြို့ဖြစ်သော ရွှေလီမြို့သို့ အရောင်းအဝယ်လုပ်ကိုင်မည့်ကုန်သည်များနှင့် အလုပ် သွားရောက်လုပ်ကိုင်လိုသူ ရာ နှင့်ချီမှာ နေ့စဉ် စောင့်ဆိုင်းနေကြလျက်ရှိကြောင်း မူဆယ်မြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “TBP ကတ်လုပ်ဖို့က ဂိတ်မှာက အနည်းဆုံး ၃ မိနစ်လောက်ကြာတယ်။ အဲဒီတော့ သူတို့ ဂိတ်ဖွင့် ချိန်က ၈ နာရီဆိုတော့ တရက်ကို လူ၂၀၀ အတွက်ပဲ ထုတ်ပေးနိုင်တယ်။ ဂိတ် ၁ ခုမှာ စက် ၃ လုံးဆိုရင်တောင် လူ ၅၀၀ နဲ့ ၆၀၀ ကြားပဲ လုပ်ပေးနိုင်တာပေါ့။ တန်းစီ စောင့်နေတဲ့သူတွေ ရာနဲ့ချီရှိနေတာ။ အဲဒီမှာ စက်အင်အားနဲ့ ဝင်မယ့်လူ အင် အားနဲ့ မမျှတာတွေ ဖြစ်နေတာ” ဟု ပြောဆိုသည်။
နယ်စပ်ဂိတ်စတင် ဖွင့်လှစ်သည့်နေ့တွင် လူဦးရေ ၆၀၀ ကျော် ဝင်ခွင့်ကတ်ထုတ်ပေးနိုင်သော်လည်း နောက်ရက်များတွင် တုံကင်စနစ်ဖြင့် တနေ့လျှင် လူ ၂၀၀ သာ သတ်မှတ်၍ TBP ကတ်ထုတ်ပေးတော့ကြောင်း သိရသည်။
ထိုသို့ တန်းစီစောင့်ဆိုင်းနေကြသဖြင့် မူဆယ်မြို့ရှိ နန်းတော်နှင့် ဆင်ဖြူဂိတ်ပေါက်တို့တွင် လူတန်းရှည်ကြီးများဖြင့် လမ်း ပိတ်ဆို့မှုများ ဖြစ်ပေါ်ကာ နယ်စပ်ဖြတ်သန်းခွင့်ရရန်အတွက် ညအိပ် တန်းစီစောင့်ဆိုင်းနေကြသလို၊ ယနေ့တွင် မိုးသည်း ထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြားကပင် တန်းစီနေကြဆဲ ဖြစ်ကြောင်း မြို့ခံများထံက သိရသည်။
မူဆယ်မြို့ရှိ လူမှုကူညီရေး လုပ်ဆောင်နေသူတဦးက “အခုက တိုက်ပွဲတွေဖြစ်နေတာရော၊ ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် အခုလောက်ထိ လူတွေက အရမ်းကို တိုးကြိတ်ပြီး များနေတာပေါ့။ ၃ နှစ်ကျော်လောက် ပိတ်ထားပြီး အခုမှ ပြန်ဖွင့်တာကြောင့်လည်း ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တရုတ်သို့ နယ်စပ်မှတဆင့် သွားရောက် အလုပ်လုပ်ကိုင်သူများမှာ ယခင်က မူဆယ်နှင့် အနီးတဝိုက်တွင်နေထိုင်သည့် ဒေသခံအများစုသာ သွားရောက်ကြပြီး ယခုအခါတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်၍ တန်းစီနေကြခြင်းဖြစ်ကြောင်း သိရသည်။
ရွှေလီနှင့် မန်စီမြို့များရှိ စက်ရုံ၊ အလုပ်ရုံများနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်သားလိုအပ်ချက်များပြားလျက်ရှိခြင်း ကြောင့် ထိုလုပ်ငန်းခွင်များသို့ သွားရောက် အလုပ်လုပ်လိုသူ အများအပြားရှိနေကြောင်း ၎င်းက ဆိုသည်။
မူဆယ်မြို့ရှိ လူမှုကူညီရေး လုပ်ဆောင်နေသူတဦးက ဆက်လက်၍ “အခု TBP ကတ်က အလည်ပတ်ရယ်၊ ဆေးသွားကု ချင်တဲ့သူတွေနဲ့ ဈေးအရောင်းအဝယ်အတွက်ပဲပေါ့။ တရုတ်နဲ့ မြန်မာက အလုပ်သမား MoU မထိုးထားတော့ တရုတ် ဘက်က အလုပ်လုပ်ခွင့် ကန့်သတ်ထားတယ်၊ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံသားအများစုက အလုပ်လုပ်ဖို့ သွားနေကြ တာ” ဟု ပြောဆိုသည်။
သို့သော် ထိုကတ်သည် အလည်အပတ်အတွက်သာ အဆင်ပြေစေနိုင်ပြီး အလုပ် လုပ်ကိုင်ရန် အထောက်အထား မဟုတ် သည့်အတွက် ထိုကတ်ဖြင့် ဝင်ရောက်၍ အလုပ်လုပ်ပါက တရားမဝင်ဟုဆိုကာ အဖမ်းခံရနိုင်ခြင်း၊ မြန်မာပြည်ဘက်သို့ ပြန်ပို့ခံရနိုင်ခြင်း အစရှိသည်တို့ ဖြစ်ပေါ်နိုင်ကြောင်း ရွှေလီဘက်တွင် အလုပ် လုပ်ကိုင်သူများက ပြောဆိုကြသည်။
လက်ရှိတွင် စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံ၏ စီးပွားရေးကျဆင်းခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း အလုပ်အကိုင်ရှားပါး လာခြင်းအစရှိသည်တို့ဖြစ်ပေါ်လျက်ရှိရာ နေ့စဉ် ပြည်ပသို့ ထွက်၍ အလုပ် လုပ်ကိုင်သည့်ဦးရေလည်း များပြားလျက်ရှိ ကြောင်း သိရသည်။
You may also like these stories:
လစာအပြည့်ပေးရန် တောင်းဆိုသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၄ ဦး အလုပ်ထုတ်ခံရ
အလုပ်သမားရေးဆောင်ရွက်သူများကို စစ်ကောင်စီ ပိုမိုနှိပ်ကွပ်လာ