အာဏာသိမ်း စစ်ကောင်စီက နေပြည်တော်တွင် ဦးစီးကျင်းပမည့် အာဆီယံ လေတပ်အကြီးအကဲများညီလာခံ (AACC) ကို အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများက တက်ရောက်ခြင်းမပြုကြရန် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က တောင်းဆိုသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက “လေတပ်ဆိုတာက ပြည်သူတွေကို စစ်ရာဇဝတ်မှု ကျူးလွန်ထားတဲ့ အဖွဲ့အစည်းလေ။ အဲဒီထဲမှာမှ လေတပ်က လေကြောင်းနဲ့ ပစ်ခတ်ပြီးအရပ်သားပစ်မှတ်တွေကို ရာဇဝတ် မှုကျူးလွန်နေတာ တနိုင်ငံလုံး သိတယ်။ တကမာ္ဘလုံး သိတယ်။ အဲဒီ စစ်ရာဇဝတ်ကောင်တွေ ဦးစီးပြီးလုပ်တဲ့ပွဲကို မတက်ခြင်းဖြင့် စစ်ရာဇဝတ်ကောင်တွေကို သံတမန်အသိုင်းအဝိုင်းကနေ ဖယ်ပေးဖို့လိုတယ်။ ကျန်တဲ့ နိုင်ငံတွေကိုလည်း မတက်ဖို့ ကျနော်တို့အနေနဲ့ တောင်းဆိုချင်တယ်” ဟု ဆိုသည်။
၎င်းက လေတပ်အကြီးအကဲများ ညီလာခံသည် အာဆီယံ၏ ဝန်ထမ်းအကြီးအကဲများ ပုံမှန်ကျင်းပသည့် ပွဲဖြစ်ပြီး စစ်ကောင်စီကကျင်းပမည့် ညီလာခံကို မတက်သည့် နိုင်ငံများကို ကျေးဇူးတင်ကြောင်း ဆိုသည်။
၂၀ ကြိမ်မြောက် လေတပ်အကြီးအကဲများ ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လာမည့် စက်တင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ နေပြည်တော်တွင်လက်ခံကျင်းပမည်ဖြစ်ပြီး ယင်းညီလာခံ၏ ဥက္ကဋ္ဌအဖြစ် မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီး ချုပ် (လေ) ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်က တာဝန်ယူမည် ဖြစ်သည်။
အဆိုပါ ညီလာခံကို အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့က ကိုယ်စားလှယ် စေလွှတ်တက်ရောက်ရန် မရှိကြောင်း AFP သတင်းအရ သိရသည်။
ဖိလစ်ပိုင်နိုင်ငံကမူ လူကိုယ်တိုင်တက်ရောက်ရန်မရှိဘဲ ရုပ်သံဖိုင်ဖြင့် ညီလာခံတွင် သတင်းစကားပါးရန်ရှိပြီး ထိုင်းနိုင်ငံ အနေနှင့် ညီလာခံကို တက်ရောက်မည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေး “ဝန်ကြီးဌာန တာဝန်ရှိသူတဦးက AFP ကို အတည် ပြုထားသည်။
ကမော္ဘဒီးယား လေတပ်အကြီးအကဲကမူ ညီလာခံတက်ရောက်ရန်ရှိမရှိ AFP ၏ မေးမြန်းချက်အား ဖြေဆိုရန် ငြင်းဆန်ပြီး စင်ကာပူ၊ ဘရူနိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ဘက်ကမူ တစုံတရာ တုံ့ပြန်ဖြေကြားခြင်း မရှိသေးကြောင်း သိရသည်။

အာဆီယံ လေတပ်အကြီးအကဲများ ညီလာခံကို ဦးဆောင်ကျင်းပမည့် ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် အမေရိကန်နှင့် ဗြိတိန်၏ အရေးယူဒဏ်ခတ်မှုခံထားရသူ ဖြစ်သည်။ ၎င်းလေတပ်ဦးစီးချုပ်အဖြစ် တာဝန်ယူနေစဉ်မှာပင် ၎င်း၏ လက် အောက်ခံ တိုက်လေယာဉ်မှူးများက လုပ်ဆောင်သည့် လူ ၁၆၈ ဦး သေဆုံးစေသော စစ်ကိုင်းတိုင်း၊ ပဇီကြီးရွာလေ ကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
အာဆီယံအရေး လေ့လာသည့် သုတေသီတဦးကလည်း မြန်မာစစ်ကောင်စီပြုလုပ်မည့် လေတပ်အကြီးအကဲများ ညီလာ ခံကို တက်ရောက်သောနိုင်ငံသည် မြန်မာစစ်တပ်နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံသည် ဆိုသော အဓိပ္ပာယ် သက်ရောက် သွားနိုင်ကြောင်း ပြောသည်။
၎င်းက “မတက်ဘူးဆိုရင်တော့ စစ်ကောင်စီနဲ့ ခပ်ခွာခွာဆက်ဆံတယ်ဆိုတဲ့ သဘောသက်ရောက်တယ်။ စစ်ကောင်စီနဲ့ ဆက်ဆံရင်တော့ စစ်ကောင်စီက နောက်ထပ်လုပ်ဆောင်လာနိုင်တဲ့ ကိစ္စတွေ အထူးသဖြင့် လေကြောင်းကိုသုံးပြီး တိုက်ခိုက်လာမယ့် ကိစ္စတွေမှာ အားပေးအားမြှောက်လုပ်တယ်ဆိုတာမျိုး အပြောအဆို ခံရနိုင်ပါတယ်” ဟု ဆိုသည်။
လူ့အခွင့်အရေးလေ့လာစောင့်ကြည့်သည့် Justice For Myanmar အဖွဲ့ကလည်း စစ်ကောင်စီပြုလုပ်မည့် လေတပ် အကြီးအကဲများ ညီလာခံကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့နည်းတူ ငြင်းဆိုကြရန် ကျန်ရှိသည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအား စက်တင်ဘာလ ၈ ရက်တွင် ကြေညာချက် ထုတ်ပြန် တောင်းဆိုသည်။
Justice For Myanmar က “အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားမဝင် စစ်အုပ်စုကို အာဆီယံကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်အားလုံးမှ ကန့်သတ်ပိတ်ပင်ရန်နှင့် မလိုက်နာပါက စစ်အုပ်စုပါဝင်သည့် မည်သည့် လုပ်ဆောင်ချက်ကိုမျှ တက်ရောက်ခြင်းမပြုဘဲ ငြင်းဆိုကြရန် ကျွန်ုပ်တို့ တောင်းဆိုသည်” ဟု ကြေညာချက်တွင် ပြောသည်။
မြန်မာစစ်အုပ်စု၏ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် လက်ရှိတွင် လေကြောင်းစစ်ဆင်ရေးကို အသုံးပြု၍ အကြမ်းဖက်မှု များ ကျူးလွန်ခြင်း၊ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်များအား သတ်ဖြတ်ခြင်း၊ နေအိမ်၊ စာသင် ကျောင်း၊ ဝတ်ပြုရာ နေရာများနှင့် ကျေးရွာများကို ဖျက်ဆီးခြင်းတို့အတွက် အမိန့်ပေးညွှန်ကြားနေသူဖြစ်ကြောင်း Justice For Myanmar က ထောက်ပြသည်။
You may also like these stories:
သူရဲဘောကြောင်သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ
ပဇီကြီး လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီးနှင့် ကလေး အများဆုံး သေဆုံး
အာဏာသိမ်းတပ်၏ စည်းကမ်းမဲ့ တိုက်ခိုက်မှုများ ရပ်ရန် နိုင်ငံတကာသံရုံးများ တောင်းဆို
လက်ယက်ကုန်းသတ်ဖြတ်မှု CDM လေတပ်ဗိုလ်ကြီးတဦး ရှင်းပြ
မြန်မာပြည်အတွက် လေယာဉ်ဆီတင်သွင်းမည့် မည်သူ့ကိုမဆို အရေးယူမည်ဟု အမေရိကန်ကြေညာ