ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်ရှိ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်း များ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁,၀၀၀ ကျော်ကို ဖမ်း၍ တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပြင်ပဆက်ဆံရေးတာဝန်ရှိသူ ဦးညီရန်းက ပြောသည်။
ကျားဖြန့် (ခေါ်) အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား တိုက်ဖျက်ရန် တရုတ်အစိုးရဘက်က UWSA တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း “ဝ” ဒေသ ပန်ဆန်း(ပန်ခမ်း)၊ မိုင်းလင်းနှင့် မိုင်းပေါက်မြို့နယ်တို့ အတွင်း ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၆၊ ၇ ရက်များတွင် တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဦးညီရန်းက “အွန်လိုင်းဆက်သွယ်ရေး လိမ်လည်သူတွေကို ဖမ်းပြီး တရုတ်အပ်တာ မှန်ပါတယ်။ အသေးစိတ်တော့ မသိရသေးပါ၊။ လူဦးရေအားဖြင့် ၁,၀၀၀ ကျော်ပါ” ဟု ဧရာဝတီကို ပြောသည်။
တရုတ်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား တိုက်ဖျက်ရန် UWSA အပြင် အမျိုးသားဒီမိုကရေစီမဟာ မိတ်တပ်မတော် (NDAA/ မိုင်းလား) တာဝန်ရှိသူများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောဆိုမှုရှိခဲ့ကြောင်း NDAA အဖွဲ့ ဗဟိုကော်မတီဝင် ဦးကြည်မြင့်က ပြောသည်။
၎င်းက “အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေနဲ့ ပတ်သက်လို့ သူတို့(တရုတ်)ဘက်က တင်ပြလာတယ်။ ဒါတွေရှိတယ်ပေါ့။ ကျနော်တို့ကလည်း ရှိတယ်ဆိုရင် ဖမ်းပေးမယ်၊ မရှိဘူးဆိုရင်တော့ မတတ်နိုင်ဘူး၊ ဒီလိုမျိုးလုပ်နေတာပါ ကျနော်တို့ဆီမှာ သာမက အစိုးရအုပ်ချုပ်တဲ့ဒေသလည်း သူတို့သွားဆွေးနွေးမယ်။ ပြီးမှ ပူးပေါင်းလုပ်မယ်ဆိုတဲ့ သဘောထားတော့ရှိတယ်။ တရုတ်ပြည်သားတွေဆိုရင် သူတို့က တောင်းတယ်။ ကျနော်တို့ကတော့ တရုတ်ပြည်သားဆိုရင် ထိန်းသိမ်းထားတာ မရှိပါဘူး” ဟု ရှင်းပြသည်။
သို့သော် မိုင်းလားဒေသအတွင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့်ပတ်သက်ပြီး ဖမ်းဆီးအရေးယူမှုအခြေအနေအား အသေးစိတ် မသိရှိရသေးပေ။
ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်ကလည်း တရုတ်အစိုးရ၊ ပြည်သူ့လုံခြုံရေးဌာနက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်- မြန်မာနယ်စပ်တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းနေရာ ၁၁ ခုရှိ လူဦးရေ ၂၆၉ ဦးအား ဒေသခံအဖွဲ့အစည်းများနှင့် ပူးပေါင်း ပြီး စီးနင်းဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ဖမ်းဆီးမှုအား စက်တင်ဘာ ၃ ရက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဖမ်းမိသူများထဲ တရုတ်နိုင်ငံသား ၁၈၆ ဦး ပါဝင် ကာ မြန်မာ ၆၆ ဦး၊ ဗီယက်နမ် ၁၅ ဦးနှင့် မလေးရှား ၂ ဦး ပါဝင်ကြောင်း၊ ကွန်ပျူတာများ၊ ဖုန်းများ၊ ဘဏ်ကတ်များနှင့် ဆက်စပ်ပစ္စည်းများစွာကိုလည်း ဖမ်းမိခဲ့ကြောင်း သိရသည်။
ထိုသို့ဖမ်းမိသူများအနက် ၂၁ ဦးမှာ အဓိကဦးဆောင် လုပ်ကိုင်သူများဖြစ်ပြီး ယခုနှစ်အတွင်း အဆိုပါလုပ်ငန်းများတွင် လည်ပတ်နေသည့်ငွေပမာဏမှာ တရုတ်ငွေ ယွမ်သန်း ၁၂၀ ခန့်ရှိကြောင်း၊ တရုတ်နိုင်ငံသားများကို တရုတ်ရဲထံ လွှဲပြောင်းပေးပြီး ဖြစ်ကြောင်းနှင့် အသေးစိတ်ထပ်မံစုံစမ်းကာ ဥပဒေနှင့်အညီ ပြင်းထန်စွာ အပြစ်ပေးသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ လုံခြုံရေးဌာနက ဆိုထားသည်။
တရုတ်အစိုးရအနေဖြင့် အွန်လိုင်းဆက်သွယ်ရေးလိမ်လည်မှု ရာဇဝတ်ဂိုဏ်းများနှင့်လူကုန်ကူးမှုများအား တိုက်ဖျက်ရန် တရုတ်-မြန်မာ-ထိုင်း-လာအို လေးနိုင်ငံပူးပေါင်းဆောင်ရွက်ရန် ပြီးခဲ့သည့် ဩဂုတ်လလယ်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဆွေးနွေးခဲ့ကြကာ ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းရေးစင်တာတခုအား ချင်းမိုင်မြို့၌ပင် တည်ထောင်ခဲ့သည်။
ထိုသို့ လေးနိုင်ငံ တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာအာဏာသိမ်းစစ်ကောင်စီအနေဖြင့် အွန်လိုင်းလိမ်လည်မှုလောင်းကစား လုပ်ငန်းများနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူ ၂၄ ဦးအား တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဩဂုတ် ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ကလည်း အရှေ့တောင်အာရှနိုင်ငံများရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လူဦးရေ သိန်းနှင့်ချီပြီး ရာဇဝတ်ဂိုဏ်းများ၏ ညှဉ်းပန်းနှိပ်စက်ခံရကာ အဓမ္မစေခိုင်းခံနေရကြောင်း၊ မြန်မာနယ်စပ်ဒေသတ လျှောက်ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၌ လူဦးရေ ၁၂၀,၀၀၀ ခန့် ပိတ်မိနေနိုင်ကြောင်း ဩဂုတ် ၂၉ ရက်က ထုတ် ပြန်သည့် အစီအရင်ခံစာတွင် ဖော်ပြထားသည်။
You may also like these stories:
အွန်လိုင်းလောင်းကစားမှုဖြင့် ဖမ်းထားသူနှစ်ဦးအား တရုတ်ထံ စစ်ကောင်စီ လွှဲပြောင်း
တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား
စင်္ကာပူ၌ ငွေကြေးခဝါချမှုဖြင့် ဖမ်းခံရသူများ ရွှေကုက္ကိုလ်စီမံကိန်းနှင့် ဆက်စပ်နေ