စစ်ဘက်ရာထူးအပြောင်းအလဲများ မကြာသေးခင်ကမှ ပြုလုပ်ထားသည့် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့်အား ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်နေကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် တနင်္သာရီမြို့နယ်အတွင်းသို့ ဆန်၊ ဆီ၊ ဆေးဝါးနှင့် လောင်စာဆီ သယ်ယူခွင့်အား ဇဝဲရွာတွင် အခြေစိုက်သော စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်က ဩဂုတ်လယ်ပိုင်းမှစတင်ကာ ကန့်သတ်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံတဦးဖြစ်သူ ကိုမိုး (အမည်လွှဲ)က “အဓိကက စားသောက်ကုန်ပေါ့။ လောင်စာဆီ၊ ဆေးဝါး၊ ဘိလပ်မြေတို့၊ သံချောင်းတို့ ဒါတွေလည်း ပိတ်တာပေါ့။ ဒီဘက်မှာက တော်လှန်ရေးနယ်မြေတွေ ဖြစ်နေတယ်ဆိုတော့ ပိတ်တာ။ အရင်တုန်းက နည်းနည်းပါးပါး ခိုးသယ်ကြတာရှိတယ်။ အခုတော့ လုံးဝ မရတော့ဘူး” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ စစ်ဆေးရေးဂိတ်ရှိရာ ဇဝဲလမ်းဆုံသည် မြိတ်မြို့မှ တနင်္သာရီမြို့နယ်ဘက်သို့လာပါက ဖြတ်ကျော်ရမည့် လမ်းဆုံ ဖြစ်သလို တကူကျေးရွာအုပ်စုဘက်မှလာလျှင်လည်း ယင်းလမ်းဆုံအား ဖြတ်သန်းသွားရသည့် လမ်းသုံးခွဆုံနေရာ ဖြစ်သည်။
တကူကျေးရွာအုပ်စုမှ ဇဝဲလမ်းဆုံသို့လာသော လမ်းပိုင်းတလျှောက်တွင်လည်း ပစ္စည်းသယ်ယူခွင့်သာမက အရပ်သား ပြည်သူများ ဖြတ်သန်းသွားလာခွင့်ကိုပါ စက်တင်ဘာ ၇ ရက် ညနေပိုင်းမှစတင်ကာ ပိတ်ပင်ထားကြောင်း ဒေသခံများ ထံမှ သိရသည်။
ဒေသခံ မသန္တာ (အမည်လွှဲ)က “သူတို့ (စစ်တပ်)က ပိတ်ချင်လို့ကို ပိတ်နေတာ အာဏာပြပြီးတော့။ အရင်က ကားနဲ့ မဖြတ်ခိုင်းရင်တောင် ဆိုင်ကယ်နဲ့ဖြတ်သွားလို့ရတယ်။ အခုက ဘာမှကို မရတော့ဘူး” ဟု ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက တနင်္သာရီတိုင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလွင်တို့ အဂတိလိုက်စားမှုဖြင့် နေပြည် တော်သို့ ခေါ်ယူစစ်ဆေးခံခဲ့ရသည်။

ထို့နောက် ကြာအင်းဆိပ်ကြီး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်မျိုးထွန်းအား ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး၊ စစ်တက္ကသိုလ်မှနည်းပြအရာရှိချုပ် ဗိုလ်မှူးကြီး မင်းမင်းလတ်အား တနင်္သာရီတိုင်း အစိုးရ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဇေယျာလင်းအား အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး အဖြစ် ပြောင်းလဲခန့်အပ်လိုက်ကြောင်း ဧရာဝတီ၏ စစ်ဘက်သတင်းရင်းမြစ်များက ဆိုထားသည်။
ထိုသို့ စစ်ဘက်ဆိုင်ရာ လူအချိန်းအပြောင်းများ ပြုလုပ်ပြီးသည့်နောက် တနင်္သာရီမြို့နယ်အတွင်း၌ ဖြတ် ၄ ဖြတ်ကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သုံးသပ်ပြော ဆိုသည်။
တနင်္သာရီမြို့မှ ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက “ပြည်သူတွေငတ်ရင် တော်လှန်ရေးတပ်တွေလည်း ငတ်မယ်ဆိုပြီး လုပ်တာပေါ့။ အရင်ကတော့ ငွေပေးရင် သယ်လို့ရသေးတယ်။ တိုင်းစစ်ဌာနချုပ်တိုင်းမှူး အပြောင်းအလဲ ဖြစ်ပြီးတဲ့ နောက်မှာ မရတော့တာပဲ” ဟု ပြောသည်။
ထိုသို့ကန့်သတ်မှုများကြောင့် မြို့နယ်အတွင်း ကုန်ဈေးနှုန်းများတက်လာပြီး ဆန်ကြမ်း ၁ အိတ်လျှင် ယခင် ၇၀,၀၀၀ ကျော်မှ ယခု ၈၀,၀၀၀ ကျော်ထိ ဈေးတက်လာသည့်အပြင် အကန့်အသတ်ဖြင့်သာ ဝယ်ယူ၍ရသည့်အတွက် ဖြတ် တောက်ခံရမှု အချိန်ကြာပါက ကုန်စည်ပြတ်လပ်မှုများ ဖြစ်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်လျက်ရှိသည်။

ထို့ပြင် တကူ-ဇဝဲ လမ်းပိုင်းတွင် မည်သည့်ယာဉ်မျှ ဖြတ်သန်းခွင့်မပြုတော့သည့်အတွက် ကျန်းမာရေးကိစ္စ အရေးပေါ် ဖြစ်ပါက အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟုလည်း ဒေသခံများက ဆိုသည်။
ဒေသခံ မသန္တာ (အမည်လွှဲ)က “ဒီလမ်းကို ပိတ်လိုက်တာ တအားကြီးအခက်အခဲ ဖြစ်တယ်။ အစားအသောက်က တော်သေးတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူဆိုရင်တော့ မပြောတတ်တော့အောင်ပါပဲ။ ကျန်းမာရေးအရတောင် ဖြတ်သွားလို့ မရတော့ဘူး။ သူတို့က မထင်ရင်မထင်သလို ဖမ်းခေါ်ပြီးတော့ ပိုက်ဆံညှစ်တယ်။ မပေးနိုင်ရင် ထောင်ချ တယ်” ဟု ပြောသည်။
အဆိုပါ ဇဝဲဂိတ်တွင် ဇဝဲရွာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၅၅၆ တပ်ဖွဲ့ဝင်များက ဂိတ်ချ စစ်ဆေးနေခြင်းဖြစ်ပြီး မြိတ်-တနင်္သာရီ ကားလမ်းဖြစ်သော ပြည်ထောင်စု လမ်းမ တလျှောက်လုံး၌ စစ်တပ်က လုံခြုံရေးချထားသလို လက်နက်ကိုင် တော်လှန်ရေးတပ်များကလည်း စစ်တပ်အား မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
တနင်္သာရီတိုင်းအတွင်း တနင်္သာရီမြို့နယ်အပြင် ပုလောမြို့နယ် အရှေ့ဘက်ခြမ်းမှ ကျေးရွာများနှင့် ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ (ထားဝယ်-မေတ္တာ-ထီးခီး (ထိုင်းနယ်စပ်) လမ်းကြောင်း တလျှောက်ကို ဒေသခံများခေါ်သည့်အမည်) တို့ကို ဆန်အပါအဝင် စက်သုံးဆီနှင့်ဆေးဝါးများ သယ်ဆောင်ခွင့်အား စစ်ကောင်စီက ဖြတ်တောက်ထားသည်။
You may also like these stories:
တနင်္သာရီမြို့နယ်၌ လူနာတင်ယာဉ်များ ညဘက်သွားလာခွင့် ပိတ်ပင်
ဖမ်းဆီးစစ်ဆေးနေသည့် တနင်္သာရီတိုင်းမှ စစ်အရာရှိကြီးများနေရာ အစားထိုးခန့်အပ်
တနင်္သာရီ တကူတိုက်နယ်အတွင်း ဒေသခံ ၆၀၀၀ ကျော် စစ်ဘေးရှောင်နေရ
တနင်္သာရီ တောင်ပျောက်တိုက်နယ်အတွင်း စစ်ဘေးရှောင် ဦးရေ တိုးလာ