ပြည်ပရောက် မြန်မာလုပ်သားများ ရရှိသည့် လစာဝင်ငွေထဲမှ ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံသို့ လစဉ် သို့မဟုတ် ၃ လစာ ပေါင်း၍ ၃ လ တကြိမ် တရားဝင်လမ်းကြောင်းမှ လွှဲပို့ရန် စစ်ကောင်စီနှင့် လက်တွဲလုပ်ကိုင်နေလျှက်ရှိသည့် CB Bank က ထုတ်ပြန်ကြေညာထားသည်။
ယင်းသို့ မလွှဲပါက နောက်တကြိမ် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့်ကို ၃ နှစ် ပိတ်ပင်တားမြစ်မည်ဆိုသော သတိပေးချက်လည်းပါရှိသဖြင့် ပြည်ပရောက် လုပ်သားများ၏ လုပ်အားခကို ခေါင်းပုံဖြတ်ရန် ခြိမ်းခြောက် နေသကဲ့သို့ ဖြစ်ကြောင်း မြန်မာအလုပ်သမားများ အရေးဆောင်ရွက်နေသူများက ပြောသည်။
ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်က “တကယ် တမ်းကျတော့ မဖြစ်သင့်ဘူးဗျ။ လုပ်သားတွေဆီကနေ အခုလို အတင်းအဓမ္မ လုပ်အားခထဲက ၂၅ ရာခိုင်နှုန်းကို လွှဲပြောင်းပေးရမယ့်ဟာက လုပ်သားတွေ ဆန္ဒရှိမှ ဒါတွေက ပြုလုပ်သင့်တာ။ အခု လုပ်သားတွေမှာလည်း လုပ်အားခတွေကို သူတို့ရဲ့ ရပ်ရွာ မြို့ရွာမှာရှိတဲ့ သူတို့ ငွေလွှဲနေတဲ့ ဒိုင်တွေနဲ့ အဆင်ပြေနေကြပြီ။ အဲဒီလို အလွယ်တကူ ဖြစ်နေတဲ့အချိန်မှာ အခုလို မဖြစ်မနေ ၂၅ ရာခိုင်နှုန်းက သူတို့သတ်မှတ်ထားတဲ့ ဘဏ်ထဲကို ထည့်ကို ထည့်ရမယ် ဆိုတာက ကျနော်တို့ ဘာကိုသွားစိုးရိမ်လဲဆိုရင် ငွေဈေးတွေ အလျှော့အတင်းတွေ ပြောင်းလိုက်တာ၊ ပုံမှန် မဟုတ်ဘဲ ဖြတ်တောက်ယူလိုက်မှာ စိုးရိမ်နေတာတွေ ရှိတယ်။ လုပ်သားတော်တော်များများလည်း ဒါနဲ့ ပတ်သက်ပြီး ဝေဖန်နေတာရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းကဲ့သို့ ငွေလွှဲရာတွင် ဗဟိုဘဏ်လက်အောက် ဘဏ်တခု၌ မြန်မာနိုင်ငံရှိ ငွေထုတ်မည့် သန်းခေါင်စာရင်း ဝင်သူနှင့် Joint လုပ်ထားသော special account ဖွင့်ရမည် ဖြစ်ပြီး ထိုအကောင့်ထဲသို့ လစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်စနစ်ဖြင့် လွှဲရမည် ဖြစ်ပြီး ယခု စက်တင်ဘာ ၁ ရက်နေ့မှစတင်၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ လက်အောက်ခံ ဗဟိုဘဏ်က ၁ ဒေါ်လာလျှင် ၂၁၀၀ ကျပ် သတ်မှတ်ထားပြီး ပြင်ပ ပေါက်ဈေးမှာ ၁ ဒေါ်လာလျှင် ၃၄၀၀ ကျပ်ဝန်းကျင် ရှိနေသောကြောင့် ကျပ် ၁၀၀၀ ကျော် ကွာဟမှု ရှိနေရာ လုပ်သားများထံက ငွေကြေးကို မတရားသဖြင့် ရယူရန်ကြိုးစားလာသော စစ်ကောင်စီအနေနှင့် နိုင်ငံခြားငွေ ဒေါ်လာလိုအပ်နေသည့်သဘောဖြစ်သည်။
စစ်ကောင်စီ၏ သတ်မှတ်ချက်အရ ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်နေသော မြန်မာလုပ်သား တယောက်၏ လုပ်အားခသည် ဥပမာအားဖြင့် ထိုင်းငွေ ဘတ် ၂၀,၀၀၀ ရသည် ဆိုပါက ဘတ် ၅၀၀၀ ကို လစဉ် လွှဲပြောင်း ရမည်ဖြစ်သည်။
ထို့ပြင် ပြည်ပသို့ သွားရောက်မည့် အလုပ်သမားများအနေဖြင့် သတ်မှတ်နှုန်းအတိုင်း ငွေလွှဲပို့ပါမည်ဆိုသည့် ခံဝန်လက်မှတ်ကိုလည်း အေဂျင်စီများဖြင့် စာချုပ်ချုပ်ဆိုစဉ်မှာပင် လက်မှတ်ရေးထိုးခိုင်းရန် ပြောဆိုထားကြောင်း သိရသည်။
ထိုင်းရောက် မြန်မာလုပ်သားများ ကူညီစောင့်ရှောက်ရေး (AAC) အဖွဲ့မှ ကိုနေလင်းသူက “ကျနော်တို့ ကတော့ ပုံမှန်ငွေလွှဲနေကျအတိုင်းပဲ လွှဲချင်တယ်။ ကျနော်တို့ ချွေးနဲ့ သွေးနဲ့ ရင်းပြီး ရှာထားတဲ့ ငွေတွေကို သူတို့အတွက် မဖြစ်စေချင်ဘူး။ ကျနော်တို့ အခု ထိုင်းမှာ မြန်မာလုပ်သားအများစုသုံးတဲ့ ကာစီကွန်ဘဏ်နဲ့ KBZ ကေပေးနဲ့ ချိတ်ထားတယ်။ အဲဒီအနေအထားနဲ့ ပတ်သက်ပြီး ကျနော်တို့ မလွှဲစေချင်ဘူး။ ထိုင်းမှာလည်း အခွန်ပေးရတယ်။ ကိုယ့်ငွေ ကိုယ်ပြန်လွှဲတော့လည်း အခွန်ပေးရတယ် ဆိုတာတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ အခုကတော့ ကျနော်တို့ အလုပ်သမားတွေအပေါ် သက်သက်ခေါင်းပုံဖြတ်တယ်လို့ အမြတ်ထုတ်တယ်မြင်တယ်။ အာဏာရှင်က သက်သက် လူပါးဝတာလို့ မြင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအနက် တရားဝင် အစိုးရချင်း ချိတ်ဆက်မှုဖြင့် လာသည့် MoU လုပ်သားများနှင့် အကြောင်းအမျိုးမျိုးကြောင့် ရောက်လာပြီး ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိရန် ပန်းရောင်ကတ်ပြုလုပ်ထားသည့် အလုပ်သမားဟူရှိ နှစ်မျိုးရှိရာ ယခုလို ၂၅ ရာခိုင်နှုန်းနှင့် ဖြတ်တောက်ရန် လုပ်ဆောင်ရာ၌ MOU လုပ်သားများကို အဓိကလုပ်ဆောင်မည်ဖြစ်ပြီး ပန်းရောင်ကတ်နှင့် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများကို ဖြတ်တောက်မည့်ကိစ္စနှင့် ပတ်သက်၍ သေချာစွာ မသိရှိရသေးပေ။
ကိုနေလင်းသူက “ထိုင်းက တရားဝင် စာရွက်စာတမ်းနဲ့ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေကိုတော့ သူတို့ (စကစ) ဖြတ်လို့လွယ်မှာ မဟုတ်ဘူး။ ဒီအလုပ်သမားတွေကလည်း ငြိမ်နေမှာမဟုတ်ဘူး။ အခုချိန်မှာ အလုပ်သမားတွေက အိုတီကြေး မပေးရင်တောင် သည်းမခံကြတော့ဘူး။ ဥပဒေတွေ ရှိတာ သိတဲ့အတွက် ငြိမ်နေမှာတော့ မဟုတ်ဘူး။ အဲဒီတော့ သူတို့ အတင်းအကျပ် ဖြတ်မယ်ဆိုရင် အလုပ်သမားရဲ့ ဆူပူမှုကို သူတို့ ခံရလိမ့်မယ်၊ ဒါကြောင့် ပန်းရောင်ကတ်နဲ့ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေတော့ မပါလောက်ဘူးထင်တယ်။ ပါရင်တော့ လူထုအုံကြွမှု ဖြစ်သွားနိုင်တယ်”ဟုဆိုသည်။
စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက တရားဝင်ဘဏ်စနစ်နှင့်ဖြစ်စေ၊ ဗဟိုဘဏ်က ခွင့်ပြုထားသည့် Remittance Business License (RBL) ရရှိထားသည့် လုပ်ငန်းလုပ်သူနှင့် ဖြစ်စေ မိသားစုထံငွေလွှဲပို့ရမည်ဖြစ်ပြီး မိသားစုထံ ငွေလွှဲပေးပို့ထား သည့် အထောက်အထား၊ စာရွက်စာတမ်းများကို သိမ်းဆည်း၍ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံခြင်း၊ ပစ္စည်းဝယ်ခြင်းများ ပြုလုပ်ပါက အခွန်ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း ဆိုသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားတဦးက “အလုပ်သမားတွေ သူများနိုင်ငံမှာ အခွင့်အရေးဆုံးရှုံး တာတို့၊ ခေါင်းပုံဖြတ်ခံရတာတို့ကျတော့ လျစ်လျူရှုထားပြီး ရတဲ့ လုပ်အားခကျတော့ ခေါင်းပုံဖြတ်ချင်တယ်။ ကိုယ်ရှာတဲ့ ပိုက်ဆံကို သူ့ အိတ်ထဲထည့်ပေးရမယ်။ သူပေးချင်သလောက်နဲ့ ပြန်ပေးမယ်ဆိုတာကတော့ ဘယ်လိုမှ အဆင်မပြေဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် MoU စနစ်ဖြင့် လာရောက်သည့် လုပ်သားအများစုမှာ မမှန်မကန် လုပ်ဆောင်သော အလုပ်သမား ဝန်ဆောင်မှု အေဂျင်စီများကြောင့် အခက်အခဲ ဖြစ်နေသည်များလည်း ရှိနေသလို ထိုင်းနိုင်ငံ၏ အခြေအနေမှာ ယခင်ကကဲ့သို့ အလုပ်အကိုင်များ မကောင်းတော့ဘဲ နိုင်ငံရေးအခြေအနေများလည်း ရှိနေသဖြင့် ထိုင်းနိုင်ငံသို့ အလုပ်လာရောက်လုပ်ကိုင်မည်ဟု စဉ်းစားထားသော လူငယ်များအနေဖြင့် သတင်းအချက်အလက်အမှန်များနှင့် အခြေအနေကို စနစ်တကျ သုံးသပ်ပြီးမှသာ ဆုံးဖြတ်ချက်ချစေလိုကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်ပြောဆိုသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၅ သန်းဝန်းကျင်ထိရှိနေပြီး စစ်တပ်အာဏာသိမ်းသည့် နှစ်နှစ်ကျော် ကာလအတွင်း ထိုင်းနိုင်ငံသို့ တရားဝင်လာရောက်အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားဦးရေ ၄ သိန်းကျော် ရှိကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ဆောင်ရွက်များသူများထံမှ သိရသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မြန်မာလုပ်သားများအနေဖြင့် ဘဏ်မှ ငွေလွှဲခြင်း မပြုလုပ်ကြရန်နှင့် အလုပ်သမားများထံက ရရှိလာမည့် နိုင်ငံခြားငွေကို စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်များအတွက် လက်နက်ခဲယမ်း ဝယ်ယူရာတွင် အသုံးပြုခြင်း၊ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ရန်အတွက် လေယာဉ်ဆီများ ဝယ်ယူရန် အသုံးပြုခြင်းမျာ ပြုလုပ်သွားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။
You may also like these stories:
MoU အလုပ်သမားများ နယ်စပ်တွင် သက်တမ်းတိုးခွင့်ပြု
ထိုင်းနိုင်ငံသို့ MoU ဖြင့် လာသည့် အလုပ်သမား ၇၀ ကျော် အလုပ်လက်မဲ့ဖြစ်နေ
လစာအပြည့်ပေးရန် တောင်းဆိုသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၄ ဦး အလုပ်ထုတ်ခံရ
ရွှေ့ပြောင်းလုပ်သားတို့ရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေပြီလား
အသက်ရှူကျပ်လာသည့် ထိုင်းရောက် မြန်မာလုပ်သားများဘဝ