မော်ရိုကိုမှ ကယ်ဆယ်ရေးသမားများသည် စက်တင်ဘာလ ၁၀ ရက်နေ့တွင် စက်ယန္တရားကြီးများနှင့် လက်များ အသုံးပြုကာ လူပေါင်း ၂၈၀၀ ကျော် သေဆုံးစေပြီး ကျေးရွာများကို ပျက်စီးစေသည့်ငလျင်မှ ရှင်ကျန်သူများကို ရှာဖွေရန် အားထုတ်မှု အရှိန်အဟုန် မြှင့်တင်နေသည်။
ပထမဆုံးအသုတ် ပြည်ပကယ်ဆယ်ရေးသမားများသည် လူပေါင်း ၂၈၀၀ ကျော် သေဆုံးစေပြီး အခြားသူ ၂၅၀၀ ကျော် ဒဏ်ရာရစေသည့် မြောက်အာဖရိကရှိ မော်ရိုကိုတွင် အပြင်းထန်ဆုံး ငလျင်အပြီး ရောက်ရှိလာသည်။
စက်တင်ဘာလ ၈ ရက်နေ့က ပြင်းအား ၆.၈ ရှိသောငလျင်သည် ကမ္ဘာလှည့်ခရီးသည်ဆွဲဆောင်ရာ မာရာကက်ရှ်မြို့ အနောက်တောင်ဘက် ၇၂ ကီလိုမီတာတွင် လှုပ်ခတ်ပြီး အက်လတ်စ် တောင်တန်း တောင်ကုန်းများမှ ကျေးရွာများ အားလုံးကို ဖျက်ဆီးလိုက်သည်။
စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပြင်းအား ၄.၅ ရှိသော နောက်ဆက်တွဲ ငလျင်များ ထိုဒေသတွင် ထပ်မံလှုပ်ခတ်သည်။
မာရာကက်ရှ်မှ ကီလိုမီတာ ၆၀ အကွာရှိ တာဖက်ဟက်ထီ တောင်ပေါ်ရွာတွင် အဆောက်အအုံ မကျန်သလောက် ဖြစ်နေပြီး တရွာလုံး ပျက်စီးသွားကြောင်း AFP သတင်းအဖွဲ့တခုက ဖော်ပြသည်။
အပျက်အစီးများအကြားတွင် အရပ်သား ကယ်ဆယ်ရေးသမားများနှင့် မော်ရိုကို စစ်သားများသည် ရှင်ကျန်သူများနှင့် သေဆုံးသူအလောင်းများကို လိုက်လံရှာဖွေနေသည်။
အပျက်အစီးများကြားမှ သေဆုံးသူ အလောင်းတလောင်းအား ကယ်ဆယ်ရေးသမားများက ထုတ်ယူနေပုံကို AFP သတင်းအဖွဲ့က တွေ့ခဲ့သည်။ ထိုအပျက်အစီးအောက်တွင် နောက်ထပ် လူ ၄ ဦးရှိနေသေးကြောင်း ဒေသခံများက ပြောသည်။
“အားလုံး သေကုန်ကြပြီ။ ကျမ နှလုံးသားတွေ ကြေကွဲရတယ်။ မဖြေသိမ့်နိုင်ဘူး” ဟု အသက် ၆၂ နှစ်အရွယ် ဇာဟရာဘန်ဘရစ်က ပြောသည်။ ဆွေမျိုး ၁၈ ဦး သေဆုံးပြီး မောင်နှမတော်စပ်သူတဦး၏ အလောင်းသည် ပိတ်မိနေဆဲဖြစ်ကြောင်း ၎င်းကပြောသည်။
“ကျမ ငြိမ်းချမ်းစွာ ဝမ်းနည်းရအောင်လို့ သူ့ကို အမြန်ဆုံး တူးဖော်ပေးစေချင်တယ်” ဟုလည်း ၎င်းကပြောသည်။
ဝေးကွာသော တောင်တန်းဒေသ ရွာများတွင် အိမ်အများအပြားကို ရွှံ့အုတ်များဖြင့် တည်ဆောက်ခဲ့သည်။
တာဖက်ဟက်ထီအနီး အမစ်မစ် ကျေးရွာတွင် မြေတူးစက်ကြီးတခုသည် အကြီးမားဆုံး အုတ်နံရံ အပျက်အစီးများကို ဖယ်ထုတ်ပေးလိုက်ပြီးနောက် ကယ်ဆယ်ရေးသမားများသည် ဖုန်ထနေသည့် အပျက်အစီးများကြားမှ အဝတ်တခုအောက် ရောက်နေပုံရသော အလောင်းတလောင်းကို ဖယ်ထုတ်လိုက်သည်။
အရေးပါသောနာရီများ
ငလျင်ဗဟိုချက် အယ်လ်ဟော့ဇ် ပြည်နယ်တွင် ရွာ နှစ်ရွာတည်ရှိပြီး ထိုနေရာတွင် လူပေါင်း ၁,၃၅၁ ဦး သေဆုံးကြောင်း အာဏာပိုင်များက မှတ်တမ်းတင်ထားသည်။
မော်ရိုကို ပြည်သူ့ရုပ်သံက အယ်လ်ဟော့ဇ်တွင် ငလျင်ကြောင့် မိသားစုပေါင်း ၁၈,၀၀၀ ကျော် ထိခိုက်သည်ဟု ဖော်ပြသည်။
စက်တင်ဘာလ ၁၀ ရက်နေ့တွင် နိုင်ငံသားများသည် မာရာကက်ရှ်မှ ဆေးရုံများသို့ အပြေးအလွှား သွားရောက်ပြီး ဒဏ်ရာရသူများကို ကူညီရန် သွေးလှူကြသည်။
အသက်ရှင်ကျန်သူများကို ရှာဖွေကယ်ဆယ်ရေးတွင် ကူညီရန် ကယ်ဆယ်ရေးသမား ၅၆ ဦးနှင့် ရှာဖွေရေးခွေး လေးကောင်ကို တင်ဆောင်ထားသည့် A400 ကယ်ဆယ်ရေး လေယာဉ်တစင်းသည် ဇာရာဂိုဇာမှ မာရာကက်ရှ်သို့ ဦးတည်ပျံသန်းသွားကြောင်း စပိန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာသည်။
“ဒီပထမဆုံးနာရီတွေဟာ အရေးပါပြီး အပျက်အစီးတွေအောက်မှာ လူတွေရှိနေတာ လူတိုင်းသိနေတဲ့အတွက် လိုအပ်တာ အကုန်ပို့ပေးမယ်” ဟု စပိန် ကာကွယ်ရေးဝန်ကြီး မာဂါရီတာ ရိုဘဲလ်က စပိန်ပြည်သူ့ရုပ်သံသို့ ပြောသည်။
မာရာကက်ရှ်တွင် ဒေသခံ ဖာတီမာ ဆက်တာသည် အခြားသူ အများအပြားကဲ့သို့ပင် အိမ်များပြိုကျမည်ကို စိုးရိမ်သောကြောင့် လမ်းမများတွင် အိပ်နေရသည်။
“ကျမတို့အတွက် အကူအညီ မရှိဘူး” ဟု ၎င်းကပြောသည်။ “ကျမတို့အိမ်က အက်သွားတယ်။ တခြားအိမ်တွေက ကျမသမီးရဲ့အိမ်လိုပဲ လုံးဝ ပျက်စီးကုန်တယ်။ ကျမတို့တွေ ဖရိုဖရဲဖြစ်နေတယ်” ဟု ပြောသည်။
ထိုမြို့မှ သမိုင်းဝင် ဂျမ်မားအယ်ဖနာ ရင်ပြင်တွင် လူ ၂၀ ခန့် မြေကြီးပေါ်တွင် စုပြုံတိုးဝှေ့ပြီး စောင်များခြုံထားကြသည်။ အချို့က အနီးရှိ မြို့တော်ခန်းမမှ မြက်ခင်းပြင်တွင် နေထိုင်ကြသည်။ ထိုမြို့တော်ခန်းမမှ ၁၂ ရာစု မြို့ရိုးလည်း တစိတ်တပိုင်း ပြိုလဲသွားသည်။
မော်ရိုကိုဘုရင့်နိုင်ငံက သုံးရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ကြေညာထားသည်။
စပိန်အပြင် အခြားနိုင်ငံများဖြစ်သော ဗြိတိန်၊ ကာတာနှင့် အာရပ်စော်ဘွားများနိုင်ငံတို့မှ အကူအညီများလည်း လက်ခံရရှိကြောင်း မော်ရိုကိုက ကြေညာသည်။
ထိုလေးနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ရန် ကမ်းလှမ်းခြင်းကို လက်ရှိအနေအထားတွင် ကြိုဆိုကြောင်း တုံ့ပြန်ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက်တစောင်တွင် ဖော်ပြသည်။
ညှိနှိုင်းမှု မရှိလျှင် ဆိုးကျိုးကို ဖြစ်စေနိုင်သောကြောင့် အကူအညီပေးရန် ကမ်းလှမ်းမှု လေးခုကိုသာ လက်ခံခဲ့ကြောင်းလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
အခြားနိုင်ငံများကလည်း အကူအညီပေးရန် ကမ်းလှမ်းကြသည်။
မော်ရိုကိုအာဏာပိုင်များက အသုံးဝင်သည်ဟု ထင်သည့်အချိန်တွင် ကြားဝင်ဆောင်ရွက်ပေးရန် နည်းစနစ်နှင့် လုံခြုံရေးအဖွဲ့များကို အသင့်ပြင်ထားကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြောသည်။
မစ္စတာ မက်ခရွန်က အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီ၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာဖရိကသမဂ္ဂနှင့် ဥရောပကော်မရှင် အကြီးအကဲတို့နှင့်အတူ မော်ရိုကို ပြည်သူများကို ကူညီရန် နည်းစနစ်၊ ဘဏ္ဍာရေးကိစ္စများနှင့် အကူအညီများ စုစည်းထားမည်ဟု ပူးတွဲကြေညာချက် တစောင်တွင် ကတိပြုသည်။
နာလန်ထရန် အချိန်ယူရမည်
အမေရိကန် ပြည်ထောင်စုကလည်း ရှာဖွေကယ်ဆယ်ရေး အဖွဲ့များကို ဖြန့်ကြက်ရန် အသင့်ရှိကြောင်း ပြောကြားပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သူများကို ခွန်အားပေးကြောင်း စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထပ်မံဖော်ပြသည်။
“ကယ်ဆယ်ရေးသမားတွေနဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေကို လျှော့ချပေးဖို့ လုပ်ဆောင်နေသူ အားလုံးကို ကျေးဇူးတင်တယ်” ဟု ပုပ်ရဟန်းမင်းကြီးက စိန့်ပီတာရင်ပြင်ကို မိုးနေသည့် ဗာတီကန် နန်းတော် ပြတင်းပေါက်မှ မိန့်ကြားသည်။
အိမ်နီးချင်း မော်ရိုကိုနှင့် ကာလကြာမြင့်စွာ တင်းမာသည့် ဆက်ဆံရေးရှိသော အယ်လ်ဂျီးရီးယားနိုင်ငံက ၎င်း၏ လေကြောင်းပိုင်နက်ကို လူသားချင်းစာနာမှု အကူအညီ သယ်ဆောင်သော လေယာဉ်များ၊ ဒဏ်ရာရသူများကို ရွှေ့ပြောင်းပေးသည့် လေယာဉ်များအတွက် ဖွင့်ပေးသည်။ အယ်ဂျီးရီးယားသည် ၎င်းတို့လေကြောင်းပိုင်နက်ကို ပိတ်ထားသည်မှာ နှစ်နှစ်ကျော် ကြာပြီဖြစ်သည်။
အစ္စရေး ဝန်ကြီးချုပ် မစ္စတာ ဘင်ဂျမင် နေတန်ရာဟုက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ပေးပို့ရန် ကမ်းလှမ်းပြီး ခက်ခဲကျပ်တည်းသောအချိန်တွင် အစ္စရေးသည် မော်ရိုကိုနှင့်အတူ ရပ်တည်ကြောင်း ကြေညာသည်။ အစ္စရေးသည် မော်ရိုကိုနှင့် ၂၀၂၀ ပြည့်နှစ်တွင် ဆက်ဆံရေး ထူထောင်ထားသည်။
အပျက်အစီးများကို ပြုပြင်ရန် နှစ်ပေါင်းများစွာ ကြာမည်ဖြစ်ကြောင်း ကြက်ခြေနီအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာသည်။
“တပတ်၊ နှစ်ပတ်နဲ့ ပြီးမယ့်ကိစ္စ မဟုတ်ဘူး။ နှစ်ပေါင်းများစွာ မဟုတ်ရင်တောင် လပေါင်းများစွာကြာမယ့် တုံ့ပြန်မှုကို ကျနော်တို့ မျှော်လင့်တယ်” ဟု ကြက်ခြေနီအဖွဲ့ချုပ်၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက ဒါရိုက်တာ ဟိုဆမ် အယ်လ်ရှာကာဝီက ပြောသည်။
ယခုငလျင်သည် ၁၉၆၀ ပြည့်နှစ်က အဂါဒါကို ဖျက်ဆီးခဲ့သည့် ငလျင်ပြီးလျှင် မော်ရိုကိုတွင် အသေအပျောက် အများဆုံးဖြစ်သည်။ ထိုငလျင်အတွင်း လူပေါင်း ၁၂,၀၀၀ ကျော် သေဆုံးခဲ့သည်။
ကိုးကား ။ ။ AFP နှင့် CNN
You may also like these stories:
တူရကီနှင့် ဆီးရီးယား ငလျင်ကြီးအပြီး ဖြစ်သမျှအကြောင်း
ဂျပန် ငလျင်အတွေ့အကြုံနှင့် တူရကီအတွက် ခက်ခဲသောသင်ခန်းစာများ
ငလျင်ကြောင့် မင်းကွန်း ခြင်္သေ့ကြီး၊ မယ်နုအုတ်ကျောင်းနှင့် စေတီအချို့ ပျက်စီး
ငလျင် နှင့် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်း (ရုပ်/သံ)