အာဏာသိမ်းစစ်ကောင်စီကို အမေရိကန်အပါအဝင် အနောက်နိုင်ငံများက အမေရိကန်ဒေါ်လာနှင့် ငွေပေးချေမှု အပေါ် ကန့်သတ်ခြင်း၊ လေယာဉ်ဆီတင်သွင်းမှုကို အရေးယူပိတ်ဆို့ခြင်း အရှိန်မြှင့်လာနေချိန်တွင် ကမော္ဘဇ(KBZ) လုပ်ငန်းစု လက်အောက်ခံ Brighter Energy ကုမ္ပဏီ၏ စက်သုံးဆီသိုလှောင်ကန်၊ ဆိပ်ကမ်းနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများက မကြာမီ စတင်လည်ပတ်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆီသိုလှောင်ကန်နှင့် ဆိပ်ကမ်းတို့သည် ရန်ကုန်မြို့၊ ကျောက်တန်းမြို့နယ် သီလဝါဧရိယာရှိ စစ်တပ်ပိုင် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) မြေပေါ်တွင်ရှိပြီး၊ ၂၀၁၉ခုနှစ်မှစ၍ ဆောက်လုပ်နေစဉ်အတွင်း မြေငှားခ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ၇ သန်းနီးပါး ပေးချေရပြီး၊ ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးပါက နှစ်စဉ်မြေငှားခ အမေရိကန်ဒေါ်လာ ၈ သိန်း ပေးချေရမည်ဖြစ်ကြောင်း ပေါက်ကြားလာသော Brighter Energy ကုမ္ပဏီ၏ အစီအရင်ခံစာအရ သိရသည်။
Brighter Energy ကုမ္ပဏီ၏ စက်သုံးဆီသိုလှောင်ကန်နှင့် ဆိပ်ကမ်းတည်ဆောက်ရေးမှာ ၂၀၂၁ ခုနှစ် နိုင်ငံရေး မငြိမ် သက်မှုကြောင့် နှောင့်နှေးခဲ့ရသော်လည်း ၂၀၂၃ ခုနှစ် မတ်လတွင် တည်ဆောက်မှုပြီးစီးကာ လုပ်ငန်းလည်ပတ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဧရာဝတီသတင်းဌာနက ရရှိထားသော ထိုစီမံကိန်း၏ အစီအရင်ခံစာ တွင် ဖော်ပြထားသည်။
ထိုစီမံကိန်းတွင် ပြည်ပမှ စက်သုံးဆီသယ်ယူလာသော ဆီသင်္ဘောများကပ်နိုင်မည့် ဆိပ်ကမ်းနှင့် ဆိပ်ခံတံတား တခု ပါဝင်ပြီး ဒီဇယ်၊ အောက်တိန်း 92 ၊ 95 နှင့် ပရီမီယံဒီဇယ်လီတာပေါင်း သန်း ၁၀၀ ကျော်နှင့် မီးဖိုချောင်သုံးဓာတ်ငွေ့ LPG မက်ထရစ် တန် ၄,၅၀၀အထိ သိုလှောင်နိုင်သော ဆီသိုလှောင်ကန် ၁၅ ခုအထိ ပါဝင်ကြောင်း သိရသည်။
ဧရာဝတီသတင်းဌာနက ထိုစီမံကိန်းဧရိယာကို ဂြိုဟ်တုဓာတ်ပုံများတဆင့် အကဲဖြတ်ရာတွင် စီမံကိန်းသည် ရာခိုင်နှုန်း အများအပြား ပြီးစီးနေကြောင်း တွေ့ရှိရသည်။ ၁၆၈ ဒသမ ၅ ဧက ကျယ်ဝန်းသော ထိုစီမံကိန်းမြေနေရာကို Brighter Energy က MEC ထံမှ BOT (Build-Operate-Transfer) စနစ်ဖြင့် နှစ်ပေါင်း ၅၀ ငှားရမ်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် ချုပ်ဆိုထားသည်။ စစ်တပ်ပိုင် MEC သည် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ နှင့် ဥရောပသမဂ္ဂ (EU) တို့၏ အရေးယူပိတ်ဆို့ခံ ထားရသော ကုမ္ပဏီဖြစ်သည်။
စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းတွင် အတွေ့ကြုံနည်းပါးသေးသည် Brighter Energy ကုမ္ပဏီသည် လစဉ် ဆီတင်သွင်းခွင့်ခွဲတမ်း တန်ချိန် ၃၀,၀၀၀ အထိ ရထားကြောင်း စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဦးအောင်ကိုဝင်းနဲ့ နီးစပ်မှုကြောင့် Brighter Energy က ဒီခွဲတမ်းကို ရရှိခဲ့တာ။ Asia Sun ကုမ္ပဏီတောင် ခွဲတမ်းက တန်ချိန် ၁ သောင်းပဲ ရထားတာလေ။ အခုဆီတင်သွင်းခွင့် ခွဲတမ်းမှာ လေယာဉ်ဆီ တွေလည်း ပါကောင်း ပါနိုင်တယ်” ဟု ပြောသည်။
Asia Sun ကုမ္ပဏီအုပ်စုကို စီးပွားရေး လုပ်ငန်းရှင် ဦးဇော်မင်ထွန်းက ပိုင်ဆိုင်ပြီး မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေခြင်းကြောင့် အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှု ဆန်ရှင်စာရင်းသို့ ထည့်သွင်းလိုက်ကြောင်း ဩဂုတ်လ ၂၃ ရက်နေ့တွင် ကြေညာထားပြီးဖြစ်သည်။
Brighter Energy ကုမ္ပဏီကို စက်သုံးတင်သွင်းဖြန့်ဖြူးရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် KBZ လုပ်ငန်းစုက ၂၀၁၇ ခုနှစ် ကတည်းက ထူထောင်ခြင်းဖြစ်ပြီး ထိုအချိန်က ကုမ္ပဏီဒါရိုက်တာများမှာ ဒေါ်နန်းလိုင်ခမ်း ( KBZ ဦးအောင်ကိုဝင်း သမီး) ၊ ဦးမိုးဆန်းအောင် (KBZ အကြီးတန်းဒါရိုက်တာ )နှင့် ဦးကောင်းစံ (JASMINE PALACE)တို့ဖြစ်ကြောင်း ပြည်တွင်းပြည်ပ ကုမ္ပဏီများ၏ အချက်အလက်များကို သိမ်းဆည်းထားသော Opencorporates ဝက်ဘ်ဆိုက်၌ ဖော်ပြထားချက်အရ သိရသည်။
ထို့နောက် ၂၀၁၉ ခုနှစ်တွင် Brighter Energy ကုမ္ပဏီသည် ထိုင်းအစိုးရပိုင် PTTEP လုပ်ငန်းခွဲတခုဖြစ်သော PTTOR အား ရှယ်ယာ ၃၅ ရာခိုင်နှုန်း ထည့်ဝင်စေကာ ဆီသိုလှောင်ကန်အတွက် အမေရိကန် ဒေါ်လာ ၁၈၅ သန်းနှင့် လက်လီ စက်သုံး ဆီဆိုင်များအတွက် အမေရိကန် ဒေါ်လာ သန်း ၂၀ ကျော် ရင်းနှီးမြှုပ်နှံရန် သဘောတူခဲ့ကြသည်။

မြန်မာဘက်က အစုရှယ်ယာ ၆၅ ရာခိုင်းနှုန်းအနက် KBZ က ၃၅ ရာခိုင်နှုန်း၊ ဦးအောင်ကိုဝင်းနှင့် ရင်းနှီးသည့် Myanmar Alinkar Group လုပ်ငန်းစုပိုင်ရှင် ဦးဆန်းနောင်၏ သားနှစ်ဦး ဖြစ်သော ဦးကောင်းစံနှင့် ဦးမင်းခန့်တို့က ၁၅ ရာခိုင်နှုန်း စီ ထည့်ဝင် ပိုင်ဆိုင်သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် KBZ လုပ်ငန်းသည် Brighter Energy မှ အပြည့်အဝနုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး ၎င်း၏ ရှယ်ယာကို မည်သူ့ထံသို့ ရောင်းချလိုက်ကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခြင်း မရှိသော်လည်း Myanmar Alinkar Group၏ ထုတ်ပြန်ချက်အရမူ ၎င်းတို့၏ လက်အောက်တွင် ရောက်ရှိသွားကြောင်း သိရသည်။
စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်အတွင်းမှစ၍ ပြည်ပက လေယာဉ်ဆီအပါအဝင် စက်သုံးဆီ တင်သွင်းမှုကို ခွဲတမ်း စနစ်ဖြင့် ကန့်သတ်ထိန်းချုပ်ထားပြီး စက်သုံးဆီကုမ္ပဏီများသည် ၎င်းတို့ တင်သွင်းမည့် စက်သုံးဆီပမာဏနှင့် လိုအပ်မည့် အမေရိကန်ဒေါ်လာကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီသို့ တင်ပြတောင်းခံရသည်။ စစ်ကောင်စီအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ထိုကော်မတီသည် စက်သုံးဆီကုမ္ပဏီများ၏ တင်ပြမှုကို သုံးသပ်ကာ ခွဲတမ်းစနစ်ဖြင့် ပြန်လည်တင်သွင်းခွင့်ပြုခြင်းဖြစ်သည်။
မြန်မာ့စက်သုံးဆီဈေးကွက်တွင် ပြည်ပမှ လစဉ်တင်သွင်းနေသော ပျမ်းမျှစက်သုံးဆီတန်ချိန်သည် ၃ သိန်းခွဲ မှ ၅ သိန်း ကြား ရှိနေခြင်းကြောင့် Brighter Energy ကုမ္ပဏီ ခွဲတမ်းရရှိထားသော ပမာဏသည် ဈေးကွက်၏ ၁၀ ရာခိုင်နှုန်းခန့်အထိ ရှိကြောင်း စက်သုံးဆီလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “KBZ အုပ်စုက လက်လီဈေးကွက်ထက် ပိုသေချာပြီး အပိုင်ဈေးကွက်ဖြစ်တဲ့ စစ်တပ်အတွက်ပဲ ဆီသွင်းပေးလိမ့် မယ်။ ဒါပေမယ့် ပြောမရတာက အရင်က KBZ မှာ စက်သုံးဆီ လက်လီဆိုင်တွေပဲ ရှိခဲ့တာ။ အခုက ပြည်ပက တင်သွင်း ဖြန့်ဖြူးမယ့် သူ့ကိုယ်ပိုင် ဆီသိုလှောင်ကန်ပါ ရှိလာတော့မှာလေ ” ဟု ၎င်းက ဆိုသည်။
KBZ လုပ်ငန်းစုသည် နီလာရိုးမရောင်းဝယ်ရေးကုမ္ပဏီကို ၂၀၀၁ ခုနှစ်တွင် ထူထောင်ခဲ့ပြီး နီလာရိုးမ အမည်ရှိ လက်လီ စက်သုံးဆီဆိုင်လုပ်ငန်းများကို လုပ်ကိုင်ခဲ့သော်လည်း လက်လီဈေးကွက်၌ အဆိုပါဆိုင်များမှာ အခြားသောပြိုင်ဘက် လုပ်ငန်းများလို အောင်မြင်မှု ရှိမနေကြောင်း ၎င်းက ပြောသည်။
Brighter Energyနှင့် ထိုစီမံကိန်း နောက်ခံသမိုင်းကြောင်း
ပြည်ပမှ စက်သုံးဆီဝယ်ယူဖြည့်တင်းခြင်း၊ ဆိပ်ခံတံတား စီမံခန့်ခွဲခြင်း၊ ဆီသိုလှောင်ခြင်း၊ မီးဖိုချောင်သုံး ဓာတ်ငွေ့ရည်ဖြည့် စက်ရုံများနှင့် စက်သုံးဆီ လက်ကား ဖြန့်ဖြူးခြင်းလုပ်ငန်းများကို လုပ်ကိုင်ရန် ဦးအောင်ကိုဝင်းပိုင် KBZ လုပ်ငန်းစု၊ JASMINE PALACE လုပ်ငန်းစုမှ ဦးကောင်းစံ၊ ဦးမင်းခန့်နှင့် ထိုင်းအစိုးရပိုင် PTTEP ၏ လုပ်ငန်းခွဲ PTTOR တို့က Brighter Energy ကုမ္ပဏီအနေဖြင့် ၂၀၁၉ ခုနှစ် ဇွန်လတွင် အကျိုးတူပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီဘက်က တရားဝင် ကြေညာခဲ့သည်။
ထိုသို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် Brighter Energy ကုမ္ပဏီ၏ ဒါရိုက်တာအမည်စာရင်းတွင် ထိုင်းနိုင်ငံသား Mr. Aritasak Thepchatri ၊ မြန်မာနိုင်ငံသားများ ဖြစ်ကြသည့် ဦးကောင်းစံ၊ ဦးမင်းခန့်၊ ဦးညိုမြင့် ( အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ KBZ လုပ်ငန်းစု) နှင့် ဦးနိုင်ဝင်း တို့ပါဝင်လာခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)တွင် ဖော်ပြထားချက်အရ သိရသည်။
Brighter Energy ကုမ္ပဏီက လက်လီစက်သုံးဆီဆိုင်များအဖြစ် နီလာရိုးမစက်သုံးဆီဆိုင်များအား PTT အမှတ်တံဆိပ်များ ပြောင်းလဲသွားမည့်အပြင် Café Amazon ကော်ဖီဆိုင်များကိုပါ ပူးတွဲဖွင့်လှစ်သွားရန် ပြင်ဆင်ထားကြောင်း ၂၀၁၉ ခုနှစ် ဇွန်လတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ နှစ်ဖက်ကုမ္ပဏီတာဝန်ရှိသူများက တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။

သို့သော်လည်း ထိုအခြေအနေများသည် ၂၀၂၀ ကိုဗစ်ကပ်ရောဂါအပါအဝင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှု ကြောင့် အပြောင်းအလဲ ဖြစ်သွားခဲ့ရသည်။
ထို့နောက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် KBZ လုပ်ငန်းက Brighter Energy မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သလို ၂၀၂၂ ခုနှစ် ဒီဇင်ဘာတွင် PTTEP ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတဦးဖြစ်သော နော်ဝေးအစိုးရ ပင်စင်ရန်ပုံငွေအဖွဲ့က ဖိအားပေးမှု ကြောင့် PTTOR သည် Brighter Energy ကုမ္ပဏီနှင့် သဘောတူညီထားသော ဆီလှောင်ကန်ဆောက်လုပ်ရေးနှင့် ဆီဆိုင်များ တည်ဆောက်ရေးများကိုလည်း ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့သည်။
မြန်မာစစ်တပ်၏ အရပ်သားပြည်သူများကိုအပေါ် အကြမ်းဖက်မှုနည်းလမ်းပေါင်းစုံဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ လုပ်ဆောင်နေခြင်းကြောင့် ထိုင်းအစိုးရပိုင် PTTEP က ရေနံနှင့် သဘာဝဓာတ် ငွေ့ဝယ်ယူမှုအတွက် စစ်ကောင်စီကို ငွေပေးချေနေမှုများ ရပ်ဆိုင်းရန် ပြည်တွင်းပြည်ပအရပ်ဘက် အဖွဲ့အစည်းများကို တောင်းဆိုမှုများ မြင့်တက်နေချိန်တွင် ထိုသို့ ရွှေ့ဆိုင်းလိုက်ခြင်းလည်း ဖြစ်သည်။
ယင်းသို့ KBZ နှင့် PTTOR တို့ နုတ်ထွက်ပြီးနောက် Brighter Energy ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းရှင် ဦးဆန်းနောင်တို့ မိသားစု ပိုင်ဆိုင်သော Myanmar Alinkar Group လုပ်ငန်းစုလက်အောက် ရောက်ရှိသွားပြီဖြစ်ကြောင်း ကုမ္ပဏီ၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရှိရသော်လည်း ရှယ်ယာမည်မျှပိုင်ဆိုင်ပြီး မည့်သည် ရှယ်ယာရှင်အသစ်များ ပါဝင်လာသည်ကို ထုတ်ဖော် ပြောဆိုထားခြင်း မရှိပေ။
Myanmar Alinkar Group လက်အောက်တွင် Brighter Energy၊ JASMINE PALACE ဟိုတယ်နှင့် ဆောက်လုပ်ရေး လုပ်ငန်း တို့ရှိပြီး Myanmar Alinkar Group ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များမှာ ဦးဆန်းနောင်နှင့် ဒေါ်စံပယ်အောင် ဇနီးမောင်နှံ၊ ၎င်းတို့၏ သား ၂ ဦးဖြစ်သော ဦးကောင်းစံနှင့် ဦးမင်းခန့်တို့အပြင် ဦးညီနိုင်အောင်နှင့် ဦးသက်ခိုင်ဦးတို့ ပါဝင်ကြောင်း DICA တွင် ဖော်ပြထားချက်အရ သိရသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လူယုံလည်းဖြစ်၊ အကြံပေးလည်းဖြစ်သူ MEC ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော ဦးဆောင်ကာ ၂၀၂၂ခုနှစ် ဩဂုတ်လအတွင်း ဖွဲ့စည်းခဲ့သော ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူသိုလှောင်ဖြန့်ဖြူးရေး ဦးဆောင် ကော်မတီတွင် Brighter Energy မှ ဒါရိုက်တာ ဦးဆန်းနောင် ပါဝင်သည်။
ယခုသတင်းနှင့်ပတ်သက်ပြီး Brighter Energy ကုမ္ပဏီသို့ ဧရာဝတီသတင်းဌာနအနေဖြင့် အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားပေးခဲ့ခြင်း မရှိပေ။
You may also like these stories:
လေယာဉ်ဆီကုမ္ပဏီ Puma ရှယ်ယာတွေ ဘယ်သူဝယ်သလဲ
၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် ခရိုနီ ဖခင်ကြီး ဦးအောင်ကိုဝင်း
စက်သုံးဆီ ဈေးကွက်ကို စစ်အုပ်စု လက်ဝါးကြီးအုပ်ပြီ
မရှင်းမလင်း တင်သွင်းလာနေတဲ့ ရုရှားက စက်သုံးဆီ
ဦးပိုင်နှင့် လက်တွဲခဲ့သည့် နီလာရိုးမကျောက်မျက်ကုမ္ပဏီကို KBZ အုပ်စု ဖျက်သိမ်း
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) က ဒေါ်အောင်ဆန်းစုကြည်ထံမှ ဆု ပြန်ရုတ်သိမ်း