စစ်ကိုင်းတိုင်း မုံရွာထောင်တွင် ပစ္စည်းများကို ရှာဖွေသိမ်းယူခံရသဖြင့် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၅၀က အစာငတ်ခံဆန္ဒပြနေရာ ယခုအခါ ၅ရက် ရှိလာပြီဖြစ်ပြီး အကျဉ်းထောင် နှင့်နီးစပ်သူများထံမှ သိရသည်။
စက်တင်ဘာ ၈ ရက်က အထူးရှာဖွေရေးဆိုပြီး ထောင်အာဏာပိုင်များသာမက စစ်တပ်၊ အထွေထွေ အုပ်ချုပ်ရေး မှူးနှင့် မီးသတ်များက နိုင်ငံရေးအကျဉ်းသား များထံမှ အစားအစာ၊ စာအုပ်၊ အသုံးအဆောင်များနှင့် မိသားစုက ပေးထားသည့် ဓာတ်ပုံများကို သိမ်းယူခဲ့ပြီး စစ်တပ် အင်အား ၃၀ ခန့်က သေနတ်နှင့် ခြိမ်းခြောက်သဖြင့် နိုင်ငံရေး အကျဉ်းသား ၁၄ ဦးက ထောင်တွင်းအစာငတ်ခံဆန္ဒပြမှု စတင်ခဲ့ကြောင်း၊ ယခုအခါ ၅၀ ဦးထိ ပါဝင်လာပြီး ၎င်းတို့ ၃ ဦးမှာ အားနည်း၍ မူးလဲမှုများရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုရှင်းသန့်က “အစာငတ်ခံဆန္ဒပြတဲ့လူက အယောက် ၅၀ ထိရှိလာပြီ။ ဒီထဲမှာ ကိုဝေမိုးနိုင်လည်းပါဝင်နေပြီ။ သုံးယောက်က သွေးအားနည်းပြီး မူးလဲတယ်လို့သိရတယ်။ သူတို့ကို ဆေးကုပေးဖို့ပြောတာကို ထောင်ပိုင်က လုံးဝ ဆေးမကုပေးဘူးလို့ ပြောတယ်။ မူးလဲတဲ့သူတွေကို အချင်းချင်းပဲ ရှိတာ လေးနဲ့ ကုနေရတယ်” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ အစာငတ်ခံဆန္ဒပြသူများနှင့်အတူ ရပ်တည်သည့်အနေဖြင့် တခြားသောနိုင်ငံရေးအကျဉ်းသားများကလည်း အကျဉ်းထောင်မှပေးသည့် ထမင်းနှင့်ဟင်းများကို မစားဘဲ ဆန္ဒပြမှုတွင် ပါဝင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
အစာငတ်ခံဆန္ဒပြလျက်ရှိသည့် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် သိမ်းဆည်းထားသည့်ပစ္စည်းများ ပြန်လည်ပေးရန်၊ ထောင်ဝင်စာစည်းကမ်းလျှော့ပေါ့ပေးရန် ဆိုသည့် အချက်နှစ်ချက်ကို တောင်းဆိုထားပြီး အဆိုပါတောင်းဆိုချက်များ မရမချင်း ဆက်လက်၍ အစာငတ်ခံဆန္ဒပြသွားမည်ဖြစ်ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများထံမှ သိရသည်။
မုံရွာအကျဉ်းထောင်အတွင်း ယခုကဲ့သို့ စစ်ဆေးမှုမျိုးအား ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ၌ ထောင်ဆူသည့်ကိစ္စ နှင့် ပတ်သက်၍ အထူးရှာဖွေရေး ဝင်ရောက်ခဲ့ဖူးသော်လည်း ယခုတကြိမ်တွင်မူ အကြောင်းရင်းကို မသိရသေးကြောင်း မုံရွာသပိတ်ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။
မုံရွာသပိတ်တိုက်ပွဲကော်မတီဝင်တဦးက “နိုင်ငံရေးအကျဉ်းသားတွေကို အေးအေးဆေးဆေးမနေရဘဲ ဒုက္ခရောက် အောင် သက်သက်ရန်စတဲ့သဘောလို့ မြင်ပါတယ်။ ဘာမှပြဿနာဖြစ်တာမရှိဘဲ လုပ်တာဖြစ်တဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေကို ရန်စတယ်လို့ မြင်ပါတယ်” ဟု မှတ်ချက်ပြုသည်။
အစာငတ်ခံဆန္ဒပြခြင်းသည် အမြင့်ဆုံးသပိတ်မှောက်မှုတခုဖြစ်ရာ နိုင်ငံရေးအကျဉ်းသားများ၏ အသက်အန္တရာယ် အတွက် စိုးရိမ်လျက်ရှိကြောင်းလည်း မိသားစုဝင်များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများက ဆိုသည်။
ကိုရှင်းသန့်က “ကျနော်တို့တွေ ရဲဘော်အချင်းချင်းဆိုရင် ပြောကြတယ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ထောင်ထဲရောက်လာ ပြီ။ အသက်ရှင်သေးတယ်။ အရင်တုန်းကဆို အဲဒီလို စိတ်သက်သာရာတွေးလို့ရတယ်။ အခုဆိုရင် ထောင်ထဲရောက် တာတောင် အသက်အန္တရာယ် စိတ်ပူနေရပြီ။ အကျဉ်းထောင်ဆိုတာက လူတယောက်ရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးပြီး တော့မှ ရောက်လာခဲ့တယ်။ အဲဒါကိုမှ ဖိနှိပ်နေတာက လူမဆန်တဲ့လုပ်ရပ်တွေ ဖြစ်တယ်” ဟု ပြောသည်။
လက်ရှိ မုံရွာအကျဉ်းထောင်တွင် အကျဉ်းသား ၁,၀၀၀ နီးပါးရှိပြီး ထိုထဲတွင် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့် ရှိကြောင်း သိရသည်။
ထို့ပြင် သြဂုတ်လလယ်ပိုင်းက မုံရွာအကျဉ်းထောင်မှ မန္တလေးအိုးဘိုထောင်သို့ ထောင်ပြောင်းရောက်ရှိသွားသည့် နိုင်ငံရေးအကျဉ်းသား ၉၀ ဦးနှင့် အကျဉ်းသူ ၁၁ ဦးတို့ကိုလည်း အိုးဘိုထောင်အာဏာပိုင်များက ထောင်ဘူးဝအတွင်း၌ မျက်နှာများကို စစ်ဖိနပ်ဖြင့် ကန်ကြောက်ခြင်း၊ ကျဉ်စက်ဖြင့်ထိုးခြင်း၊ နံပါတ်တုတ်ဖြင့် ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ် ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က အသိပေးထုတ်ပြန်ထားသည်။
You may also like these stories:
မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်နှစ် ၂၀ ထပ်မံချခံရ
နိုင်/ကျဉ်း ၇၀ ကျော် ညှဉ်းပန်း နှိပ်စက်ခံရပြီး ထောင်ဝင်စာ ပိတ်ခံထားရ
နိုင်/ကျဉ်းများအား ထောင်တွင်းအကြမ်းဖက်ဖိနှိပ်မှု ဆိုးရွားလာနေ
မုံရွာထောင်တွင်း ပစ်ခတ်နှိမ်နင်းပြီးနောက် နိုင်/ကျဉ်း ၁၀၀ ခန့် ထောင်ပြောင်းခံရ