ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ မွတ်စလင်ရွာသား ၁ ဦးကို အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ယင်းမြို့နယ်အတွင်းရှိ မွတ်စလင်အသိုင်းအဝိုင်းထံက သိရသည်။
ဖမ်းဆီး သတ်ဖြတ်ခံရသူမှာ မီးကျောင်းခေါင်းဆွဲကျေးရွာမှ အသက် ၆၅ နှစ်အရွယ် မာမတ်ရှာလ်ကုရ်ဖြစ်ပြီး စက်တင် ဘာ ၉ ရက် ညအချိန်တွင် ARSA အဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်သွား ခြင်းဖြစ်ကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သည့် ရွာသားတဦးက ပြောသည်။
၎င်းက “အသတ်ခံရတဲသူက ကူးတို့လှေသမားတယောက်ပါ။ မိသားစုဝင်တွေပြောပြတာက အဲဒီနေ့ ည ၁၂ နာရီ လောက်ကာ အိမ်မှာ မိသားစုနဲ့အတူ အ်ိပ်နေချိန် လှေငှားတဲ့ပုံစံမျိုး လက်နက်တွေနဲ့ လူ ၄ ၊ ၅ ယောက်က အိမ် ထဲကို ဝင်ပြီးတော့ သူ့ကို ခေါ်ထုတ်တယ်။ သူက မလိုက်တော့ အတင်း ဖမ်းဆီးခေါ်ဆောင်သွားတယ်။ နောက်နေ့မနက် ရွာသားတွေ လိုက်ရှာမှ ရွာနဲ့ မလှမ်းမကမ်းမှာ ရေထဲ နှစ်သတ်ထားတဲ့ အလောင်းကို တွေ့တာ” ဟု ဧရာဝတီသို့ ပြောသည်။
မာမတ်ရှာလ်ကုရ်သည် မီးကျောင်းခေါင်းဆွဲ- အောင်လံပြင် ကြားချောင်းတွင် ကူတို့လှေမောင်းသည့် စက်လှေသမား ၁ ဦးဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA) ၏ ပစ္စည်းများကိုလည်း လှေဖြင့် ပို့ဆောင်ပေးရန် ငှားရမ်း၍ လိုက်ပို့ပေးရသည့် ဆက် ဆံရေးရှိသဖြင့် AA နှင့် ပူးပေါင်းကာ သတင်းပေးနေသူဟု စွပ်စွဲပြီး ARSA အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်ခြင်းဖြစ် ကြောင်း ၎င်းမိသားစုဝင်များနှင့် နီးစပ်သူ ဘူးသီးတောင်မြို့နယ်နေ မွတ်စလင်တဦးက ပြောသည်။
၎င်းက “သူက ကူးတို့လှေမောင်းသမားဆိုတော့ ဘယ်သူ့မဆို ငွေရရင် လိုက်ပို့ပေးရတာပဲ၊ AA နဲ့လည်း သူက ဆက် ဆံရေး ကောင်းမွန်တယ်။ တခါတလေ AA ပစ္စည်းတွေကိုလည်း သူလိုက်ပို့ရတာ ရှိတယ်လို့ ပြောတယ်။ အဲဒါကို ARSA အဖွဲ့ သူတို့နဲ့ မပူးပေါင်းရကောင်းလားဆိုပြီး အငြိုးအတေး သတ်ဖြတ်လိုက်တာ။ သူကို ဖမ်းခေါ်သွားတဲ့နေ့က လည်း ARSA အဖွဲ့ဆိုတာ သိကြတယ်။ အရင်တုန်းကဆို မျက်နှာဖုံးစွပ်တယ်။ အခု သူတို့ ပေါ်ပေါ်တင်တင်ပဲ မျက်နှာ ဖုံးတောင် စွပ်မထားဘူးလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသအာဏာပိုင်ဌာနဆိုင်ရာများက မီးကျောင်းခေါင်းဆွဲကျေးရွာအတွင်းသို့ လာရောက်ကာ မိသားစုဝင်များအား စစ်ဆေးမေးမြန်မှုများ ရှိသော်လည်း လက်ရှိအချိန်အထိ ARSA အဖွဲ့ဝင်များအား လိုက်လံရှာဖွေဖမ်းဆီးခြင်း တစုံတရာမရှိကြောင်းလည်း ဒေသခံများက ပြောသည်။
ARSA အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခြေကုပ်ယူကာ ဒုစရိုက်မှုအမျိုးမျိုးကျူးလွန် လာသည့်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရမှ ၎င်းတို့အား လုံးဝလက်မခံတော့ဘဲ လိုက်လံ ရှာဖွေဖမ်းဆီးမှုများ ရှိလာသော ကြောင့် လတ်တလောအခြေအနေတွင် မောင်တောခရိုင်အတွင်းသို့ တနေ့တခြား စိမ့်ဝင်ရောက်ရှိလာခြင်း ဖြစ် ကြောင်း မောင်တောဒေသခံများ က ပြောသည်။
အဆိုပါ အင်အား အလုံးအရင်းဖြင့် ARSA အဖွဲ့ စိမ့်ဝင်လှုပ်ရှားမှုအပေါ် နယ်မြေခံ စစ်ကောင်စီတပ်ခေါင်းဆောင်များ နှင့် AA နယ်မြေတာဝန်ခံများကလည်း သိရှိထားကြောင်း၊ ထိုသို့ ARSA အဖွဲ့ဝင်များ ဝင်ရောက်လှုပ်ရှားမှုများ ရှိနေ သည့်အတွက် မွတ်စလင် စီးပွားရေးသမားများကြားတွင်လည်း ပြန်ပေးဆွဲ ငွေညှစ်ခံရမည်ကို စိုးရိမ်မှုမြင့်တက်နေ ကြောင်း ဘူးသီးတောင်မြို့နယ်အတွင်း အမည်မဖော်လိုသည့် မွတ်စလင်တဦးက ပြောသည်။
ထိုသို့ ARSA အဖွဲ့ဝင်များ နယ်ခြားစောင့် ရဲစခန်းများ လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ အလုံးအရင်းဖြင့် စိမ့်ဝင် လှုပ်ရှားနိုင်ခြင်းမှာ နယ်မြေခံစစ်ကောင်စီတပ်ခေါင်းဆောင်များ၏ ကျောထောက်နောက်ခံပြုမှုကြောင့် ဝင်ရောက်နိုင် ခြင်း ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းမှ မွတ်စလင်တဦးက ပြောကြားသည်။
ပြီးခဲ့သော နှစ်များကလည်း ARSA အဖွဲ့ဝင်များ ကျေးရွာအတွင်းသို့ ရောက်ရှိလာသည့်အပေါ် မွတ်စလင်ကျေးရွာသား များက နယ်ခြားစောင့်ရဲစခန်းများသို့ သွားရောက်သတင်းပို့ခဲ့သော်လည်း ရှာဖွေဖမ်းဆီးမှု တစုံတရာ မပြုလုပ်ခဲ့သလို သတင်းပို့သည့် မွတ်စလင်ကျေးရွာသားသည်ပင် သတင်းပို့တိုင်ကြားမှုဖြင့် ဖမ်းဆီးသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ လည်း ရှိခဲ့ကြောင်း မောင်တောမြို့နယ်နေ မွတ်စလင်ကျေးရွာသားများက ပြောသည်။
ARSA သည် ပြီးခဲ့သော၂၀၁၆၊ ၂၀၁၇ ခုနှစ်တွင် မောင်တောမြို့နယ်အတွင်း နယ်ခြားစောင့်ရဲစခန်းများကို အင်အား အလုံးအရင်းဖြင့် တပြိုင်တည်း တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့်အတူ ပေါ်ပေါက်လာသည့် အဖွဲ့တခုဖြစ်ကာ လက်ရှိ အခြေ အနေတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ် စသည့် ၃ မြို့တွင် အဖွဲ့ ၃ ဖွဲ့ကာ လှုပ်ရှားလျက်ရှိပြီး အင်အား ၃၀၀ ဝန်းကျင်ရှိကြောင်း လေ့လာစောင့်ကြည့်သူများက ပြောဆိုသည်။
You may also like these stories:
မေယုတောင်ကြောတွင် AA နှင့် ARSA တိုက်ပွဲဖြစ်
ARSA အဖွဲ့ မောင်တောမြို့နယ်သို့ ဝင်ရောက် ခြိမ်းခြောက် စည်းရုံးမှုများရှိလာ
မောင်တော၌ ရွာသား ၂ ဦးကို ARSA အဖွဲ့ဖမ်းဆီး ကားပါ မီးရှို့
ARSA ထိပ်ပိုင်းခေါင်းဆောင်နှင့် အဖွဲ့ဝင် ၅ ဦးအား ဘင်္ဂလားဒေ့ရှ်အထူးရဲတပ်ဖွဲ့ ဖမ်းမိ