စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ ကိုးမြို့နှင့် တောင့်တည်းကုန်းရွာတို့အား စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်း မီးရှို့ဖျက်ဆီးနေသဖြင့် ကျေးရွာပေါင်း ၄၀ ရွာခန့်မှ ဒေသခံ ၃ သောင်းကျော် ထွက်ပြေးနေကြရကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
ကိုးမြို့နှင့် တောင်တည်းကုန်းကျေးရွာများအား ညောင်ဇင်လေး ပျူစောထီးကျေးရွာအထိုင်စခန်းမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ပူးပေါင်း အင်အား ၁၀၀ ကျော်ဖြင့် စက်တင်ဘာ ၉ ရက်၊ ၁၀ ရက်နေ့များတွင် စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ ဖျက်ဆီးနေကြခြင်းဟု သိရသည်။
ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အဖွဲ့ဝင်တဦးက “၉ ရက်နေ့ မနက်ပိုင်းက ညောင်ဇင်လေးရွာ ပျူအထိုင်ကနေ ထွက်လာတဲ့ကောင်တွေက တောင့်တည်းကုန်းရွာကို ဝင်စီးပြီးတော့ မီးရှို့သွားကြတာ၊ အကြိမ်ကြ်ိမ် ဝင်ပြီး မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက် လုပ်နေကြတာ။ စစ်ကြောင်းက ရှိနေသေးတော့ တောင့်တည်းကုန်းက မီးလောင်ဆုံးရှုံးတဲ့အခြေအနေကို အတည်ပြုလို့ မရသေးပါဘူး၊ တောင့်တည်းကုန်းကို မီးရှို့ဖျက်ဆီးပြီးတော့ မနေ့က ကိုးမြို့ရွာကို ဝင်စီးပြီး မီးရှို့တာတွေ လုပ်ခဲ့ကြတယ်” ဟု ပြောသည်။
မီးရှို့ဖျက်ဆီးခံရမှုအနေဖြင့် စက်တင်ဘာလ ၉ ရက် နံနက် ၆ နာရီခန့်တွင် တောင်တည်းကုန်းကျေးရွာအား ညောင်ဇင် လေးရွာပျူအထိုင်စခန်းမှ စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၁၀၀ ခန့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး နံနက် ၉ နာရီခန့်တွင် နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စက်တင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီခွဲခန့်အချိန်တွင် ကိုးမြို့ ရွာအား မီးရှို့ခဲ့ကြောင်း သိရသည်။
ဒေသခံတဦးက “စစ်ကြောင်းလာလို့ ရှောင်ကြရတာတောင် မလုံခြုံတဲ့ အခြေအနေတွေပါ၊ တောထဲမှာ အဆင်ပြေပြေ လုံလုံခြုံခြုံ မနေရတဲ့အပြင် စစ်ကြောင်းလာပြီဆိုတာနဲ့ တောထဲမှာယာယီနေဖို့ ထိုးထားတဲ့တဲတွေကို ထားခဲ့ပြီး ထပ် ပြေးရတယ်၊ အဲဒီအချိန်မှာလည်း ကိုယ့်တဲလေး မီးရှို့ခံရမလား၊ ဖျက်ဆီးခံရမလားဆိုတဲ့ စိုးရိမ်နေကြရတာ” ဟု ပြော သည်။
ထိုသို့ မီးရှို့ဖျက်ဆီးမှုကြောင့် တောင့်တည်းကုန်း၊ ကိုးမြို့၊ ဖလံချိုင်၊ သရက်ခေါင်း၊ မင်းကုန်း(က)၊ ညောင်ဇင်ကြီး၊ ညောင်ပေါင်ရင်း၊ ရွာမ၊ ဉာဏ်အင်း၊ အင်းလယ်ကြီး၊ ကျေးပင်အက်၊ အင်္ဂါဒေါင့်၊ သရက်တာ၊ ထိန်တော၊ မင်းဘာ၊ လက်ထုပ်ကုန်း၊ ရင်ငတ်ကုန်း၊ သရက္ကံကြီး၊ ကြာဘက်ကံ၊ ညောင်ကိုင်း၊ ဘုတ်ကုန်း၊ ဆင်နင်း၊ ဆူးတပ်၊ မင်းရွာတော၊ ဇီးဖြူကုန်း၊ ရှမ်းတပ်၊ မကျီးကုန်း၊ မဲသည်၊ သပြေသာ၊ ကိုင်းရိုး၊ ဘိုတဲ ကုန်း၊ ပေလည်၊ သိုးဘိုး၊ ငါးရာနဲ၊ ဆူးပုတ်ကုန်း ဘိုကုန်း စသည့်ရွာများဖြစ်ကာ ဒေသခံပြည်သူများ မိုးထဲရေထဲ၌ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဟု သိရသည်။

စစ်ဘေးရှောင်များအား ကူညီနေသူတဦးက “ပြီးခဲ့တဲ့လကုန်ပိုင်းတုန်းက ဝင်လာတဲ့ စစ်ကြောင်းထွက်သွားပြီး ရက်ပိုင်း အတွင်းမှာပဲ စစ်ကြောင်း ထပ်ထိုးလာလို့ ရွာတွေ အများကြီး ထပ်ပြေးကြရတာ။ မိုးက ဆက်တိုက်ကို ရွာနေတာ ဆို တော့ မိုးထဲရေထဲ ပြေးကြရတာပေါ့။ စစ်ကြောင်းတွေက သေနတ်တွေ ဖောက်၊ လက်နက်ကြီးတွေနဲ့ ပစ်ပြီးဝင်ကြတာ။ ရွာထဲမှာ PDF တွေ ရှိတယ်၊ PDF ရွာတွေမို့ ရှင်းလင်းရေးလုပ်တယ်ဆိုတာမျိုး ထုတ်ပြန်ကြတာကို သတိထားမိတယ်၊ အခုတခေါက်က စစ်ရှောင်က ပိုများလာတယ်၊ ၃ သောင်းကျော် လောက်ထိ ရှိနိုင်တယ်” ဟု ပြောသည်။
ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်းသို့ သြဂုတ် ၃၀ ရက်မှ စတင်ကာ စက်တင်ဘာ ၆ ရက်ထိ အင်အား ၁၅၀ ကျော်ပါ အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ကလေးမြို့အခြေစိုက် ခမရ ၃၆၁ နှင့် ပျူစောထီး ပူးပေါင်းစစ် ကြောင်း ဝင်ရောက်ကာ စစ်ရေးလှုပ်ရှားခဲ့ပြီးနောက် စက်တင်ဘာလ ၄ ရက်တွင် နယ်မြေခံပျူစောထီး အများဆုံး ပါဝင်သော စစ်ကြောင်း ၃ ခုဖြင့် ထပ်မံ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
ကန့်ဘလူတောင်ခြမ်းရှိ ထန်းကုန်းတိုက်နယ်သည် ကန့်ဘလူအခြေစိုက် ၆၀၀၆ သံချပ်ကာတပ်ရင်း၊ ဇီးကုန်းမြို့ အရှေ့ ဘက် MEC သကြားစက်အထိုင်စခန်း၊ ယမနေကျေးရွာ ပျူစောထီးအထိုင်စခန်း၊ စံပါယ်နံ့သာကျေးရွာ ပျူစောထီး အထိုင်စခန်း၊ ယော- လယ်လှကျေးရွာ ပျူစောထီးအထိုင်စခန်း၊ ညောင်ဇင်လေးကျေးရွာ ပျူစောထီးအထိုင်စခန်းတို့ဖြင့် နီးကပ်နေခြင်းကြောင့် ကျေးရွာများမှာ မကြာခဏဆိုသလို စစ်ကောင်စီစစ်ကြောင်းများ၏ စစ်ကြောင်းထိုးခြင်း၊ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ် မီးရှို့ဖျက်ဆီးခံနေကြရခြင်းဟု ဒေသခံများက ဆိုသည်။
မင်းကုန်း(က) ဒေသခံတဦးက “အရင်က စစ်ကြောင်းထိုးလာရင် ရွာတွေက ထုပ်ပိုးသိမ်းဆည်းထားတာလေးတွေကို ဆွဲယူပြီး စစ်ကြောင်းနဲ့ဝေးတဲ့ ရွာတွေဆီ ပြေးကြတာ။ စစ်ကြောင်း ရွာကနေ ပြန်ထွက်သွားတဲ့အခါ ကိုယ့်အိမ်ကိုယ် ပြန်လာလို့ရတဲ့ ရွာက ခပ်များများပါပဲ၊ အခုက အရင်ကနဲ့ မတူတော့ဘူး၊ စစ်တပ်အထိုင်၊ ပျူစောထီးရွာနဲ့ နီးလို့ စစ် ကြောင်းဝင်ထိုးတာ၊ မီးရှို့တာမျိုး မခံရပေမယ့် ကပ်နေတော့ အမြဲစစ်ရှောင်နေရတဲ့ ရွာတွေ ပိုများလာတယ်၊ စစ်ဘေး သင့်တာကို အလူးအလဲ ခံနေကြရတာပေါ့ဗျာ” ဟု ပြောသည်။
ကန့်ဘလူမြို့နယ်တောင်ခြမ်းတွင် သြဂုတ် ၁၂ ရက်က ယမနေပျူစောထီးကျေးရွာအား ကန့်ဘလူခရိုင်တပ်ရင်း ၄ မှ ဦးဆောင်၍ ဒေသပြည်သူကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးများ အထိနာ ခဲ့သဖြင့် ပြန်လည် စစ်ကြောင်းထိုးလာခြင်းဟု ဒေသခံတော်လှန်ရေး အင်အားစုများထံက သိရသည်။
ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ ထန်းကုန်းတိုက်နယ်မှ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများမှာ အမိုးအကာ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် အကူအညီ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများက ဆိုသည်။
စစ်ဘေးရှောင်ကူညီနေသူတဦးက “စစ်ရှောင်တွေကို နီးစပ်ရာရွာတွေ၊ အဖွဲ့အစည်းတွေကနေ ကူညီထောက်ပံ့ပေးနေရ တာပေါ့၊ လုံလောက်တဲ့ အခြေအနေတော့ မဟုတ်ဘူးပေါ့၊ ပြီးတော့ အခုစစ်ရှောင်တွေနေကြရတာ တောထဲတောင်ထဲ ဆိုတော့ မြွေတွေလည်း ပေါတယ်၊ မိုးထဲ ရေထဲမှာဆိုတော့ အဆင်မပြေကြပါဘူး၊ အမိုးအကာနဲ့ ရိက္ခာ၊ ဆေးဝါးတွေ အရေးပေါ် အကူအညီ လိုအပ်နေပါတယ်” ဟု ပြောသည်။
You may also like these stories:
ကန့်ဘလူတောင်ခြမ်း စစ်ကြောင်းထိုးသဖြင့် ၂၃ ရွာမှ ဒေသခံများ တိမ်းရှောင်
မုံရွာထောင်၌ အစာငတ်ခံဆန္ဒပြသူ ၅၀ ဦးထိရှိလာ