ဆန်စပါး နယ်ကျော်သယ်ယူ ရောင်းချရာတွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာများထံ သတင်းပေးပို့ရမည် ဖြစ်ပြီး ယင်းဌာနများ ခွင့်ပြုချက်ရမှသာ နယ်ကျော်ရောင်းချခွင့်ရမည်ဟု ကန့်သတ်လိုက်ကြောင်း ကုန်သည်များနှင့် ဆန်စက်ပိုင်ရှင်များထံမှ သိရသည်။
သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး၏ နယ်ကျော်ခွင့်ထောက်ခံချက်၊ မြို့နယ်စီမံခန့်ခွဲရေးရုံး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာနတို့ထံ သတင်းပေးပို့ကာ ခွင့်ပြုချက် တောင်းခံရမည် ဖြစ်ကြောင်း သိရသည်။
ယခုရက်ပိုင်းတွင် စစ်ကောင်စီ ဗဟိုနှင့်တိုင်းအဆင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်အရဟုဆိုကာ ဧရာဝတီတိုင်း အတွင်းရှိ ဆန်စက်ပိုင်ရှင်များကိုခေါ်ယူ၍ မြို့နယ်အဆင့် အစည်းအဝေးပြုလုပ်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အဖွဲ့ဝင်များက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဆန်စက်ပိုင်ရှင်များက ဆိုသည်။
ဟင်္သာတခရိုင်ရှိ ဆန်စက်ပိုင်ရှင်တဦးက “အခုက နယ်လက်ကျန်ရှိတဲ့ဟာ နည်းနည်းပါးပါးလောက် သွားတာပဲရှိသေးတယ်။ အသစ်က အခုလကုန်လောက်မှ လှိုင်လှိုင်ထွက်မှာ။ စပါးသစ်ပေါ်မှ လိုင်စင်တို့၊ ခွင့်ပြုချက်တောင်းတာတို့ စမှာပေါ့။ ခွင့်ပြုချက်က မြို့နယ်စီမံခန့်ခွဲရေးရုံးမှာ ထောက်ခံချက် အရင်တောင်းရမယ်။ ပြီးရင် စားသုံးသူရေးရာ (စီးပွား/ကူး သန်း) မှာ တခါသတင်းပို့ရမယ်ပေါ့၊ နှစ်ဆင့်သွားရမယ်။ ထွေအုပ်ရုံးတွေမှာကျတော့ တိုင်းကျော်ဆိုရင် ထောက်ခံချက် ယူရမယ်။ စပါးတင်မယ့် ကားနံပါတ်တို့ဘာတို့ တင်ရမယ်။ အရင်ကတော့ လွတ်လွတ်လပ်လပ်ပဲ ရောင်းချလို့ရတယ်” ဟု ဧရာဝတီကို ပြောသည်။
ထို့ပြင် သိုလှောင်မှုနှင့်ပတ်သက်၍လည်း စပါးတင်းရေ ၂,၀၀၀ အထက် သိုလှောင်ပါက လိုင်စင်လုပ်ရမည်ဖြစ်သလို သိုလှောင်မည့်ဂိုဒေါင်များအား မှတ်ပုံတင်ခိုင်းပြီး စစ်ကောင်စီက အခွန်အခများ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ယင်း သတ်မှတ်ချက်များကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ယခု စပါးပေါ်မည့်ရာသီတွင် စတင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆန်၊ စပါး ကုန်သည်တဦးကလည်း “ဆန်စက်ပိုင်ရှင်တွေကိုခေါ်တာ။ ကုန်သည်မပါဘူး။ အဓိကတော့ ဈေးနှုန်းကျဆင်း ရေးပေါ့။ အစည်းဝေးမှာ ပုသိမ်ကနေရန်ကုန်တင်မယ်ဆိုရင် ပုသိမ်ကစက်ပိုင်ဖြစ်စေ၊ ကုန်သည်ဖြစ်စေ ရန်ကုန်မှ မဟုတ်ဘူး။ ပြောရရင် နယ်ကျော်ပေါ့။ ပုသိမ်က ဘယ်မြို့ကိုတင်တယ်၊ တင်လိုက်တဲ့သူရဲ့ လိပ်စာ၊ အိတ်အရေအတွက်၊ ပို့သူရဲ့ နာမည်၊ ဒါတွေကို စာရင်းတင်ရမယ်” ဟု ဆိုသည်။
ဥပမာအားဖြင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှ ဆန်စက်ပိုင်ရှင်တဦးက ရန်ကုန်မြို့၊ ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်ရှိ ဆန်ကုန်သည်တဦးထံ ရောင်းချလိုက်သည့် ဆန်အိတ်ရေပမာဏ၊ ရောင်းချသူနာမည်၊ တင်ပို့လိုက်သည့်ကားနံပါတ် စသည်ဖြင့် စစ်ကောင်စီ၏ ထွေအုပ်ရုံး၊ စားသုံးသူရေးရာဦးစီးဌာနသို့ စာရင်းပို့ရမည်ဖြစ်သလို ရန်ကုန်ဆန်ကုန်သည်က လည်း ၎င်းဆီမှဝယ်ယူသွားသည့် လက်လီကုန်သည်၏နာမည်၊ ဆန်အိတ်အရေအတွက်တို့ကို စားရင်းမှတ်ပြီး ပေးပို့ရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဧရာဝတီတိုင်းရှိ စပါးပွဲစားတဦးက “ကျနော်တို့ ပွဲစားတွေတော့ လိုင်စင်လုပ်ရမယ်ပြောတယ်။ ကုန်သည်မှန်သမျှ လိုင်စင်လုပ်ရမယ်။ စပါးတင်းရေ ၂၀၀၀ ပဲ လှောင်ပိုင်ခွင့်၊ ဝယ်ပိုင်ခွင့်ရှိတယ်။ လိုင်စင်နဲ့မှပဲ ဝယ်လို့ရမယ်။ လိုင်စင်မရှိရင် စက်ထဲမှာ စပါးထားလို့မရဘူး၊ ဝယ်ယူလို့မရဘူး။ အရင်ကတော့ လွတ်လွတ်လပ်လပ်ပဲ ကျနော်တို့က ကိုယ့်နယ် မှာရှိတဲ့စပါးကို ဝယ်ပြီးတော့မှ စက်မှာကြိတ်ခွဲ၊ ပြီးမှ ရန်ကုန်ကို ရောင်းတာပေါ့။ အခုက လိုင်စင်မလုပ်လို့မရဘူး။ အရေးယူမယ်ဆိုတော့” ဟု ပြောသည်။
လက်ရှိ စစ်ကောင်စီ၏ ကန့်သတ်ချက်အရ ဆန်၊ စပါး သိုလှောင်သည့် မည်သူမဆို လိုင်စင်ပြုလုပ်ရမည်ဖြစ်သလို ရောင်းချပါကလည်း ခွင့်ပြုချက်တင်ရမည့် အခြေအနေ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ကုန်ဈေးနှုန်း ကျဆင်းရန်အတွက်ဟုဆိုကာ စစ်ကောင်စီအနေဖြင့် ဈေးကွက်ထိန်းချုပ်မှုများ၊ ဆန်ပြည်ပတင်ပို့ခွင့် လိုင်စင်နှင့် ဆန်၊ စပါး သိုလှောင်မှုအပေါ် ကန့်သတ်ချက်များ စသည့်နည်းလမ်းမျိုးစုံဖြင့် တင်းကျပ်နေသော်လည်း လက်ရှိ ပြည်တွင်းဆန်ဈေးနှုန်းများမှာ ကျဆင်းသွားခြင်းမရှိသလို ဝါးတန်းလမ်းဆန်ကုန်စည်ဒိုင်သို့ ဆန်အဝင်များပင် လျော့ကျလာနေကြောင်း ရန်ကုန်မြို့ရှိ ဆန်ကုန်သည်တချို့ထံမှ သိရသည်။
ရန်ကုန်မြို့၏ တရက်တာ ဆန်လိုအပ်ချက်မှာ ဆန်အိတ်ရေ ၅၀,၀၀၀ မှ ၆၀,၀၀၀ ထိရှိပြီး ယခုအခါ ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်သို့ အဝင်ထက်ဝက်ခန့် လျော့သွားကြောင်း သိရသည်။
ယင်းအခြေအနေမှာ လတ်တလော ရန်ကုန်မြို့ရှိ လက်လီဆိုင်များ၊ ဂိုဒေါင်များတွင် ယခင်လှောင်ထားသည့်ဆန်များ ရှိနေသေးသည့်အတွက် ဈေးကွက်ထိခိုက်မှု မရှိနိုင်သေးသော်လည်း အနည်းဆုံး ၁ လခန့် ဆန်အဝင်နည်းသွားမည် ဆိုပါက ဈေးကွက်လိုအပ်ချက်ရှိလာနိုင်ကြောင်း ကုန်သည်များက သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် ဧရာဝတီတိုင်း မအူပင်ဘက်မှ မိုးစပါးသစ်များ စတင်ပေါ်နေပြီး မိုးစပါး (အစို) ၅၅ ပေါင် (တင်း ၁၀၀)လျှင် ဆန်စက်အရောက် ကျပ် ၁၆ သိန်း ၅ သောင်းခန့်၊ ဧရာဝတီပေါ်ဆန်း စပါးအဟောင်းဈေးမှာ တင်း ၁၀၀ လျှင် ကျပ် ၃၅ သိန်းခန့်၊ မနောသုခစပါး (ဟောင်း) တင်းတရာလျှင် ကျပ် သိန်း ၂၀ ကျော်ထိ ဈေးရှိကြောင်း သိရသည်။
You may also like these stories:
စိုက်စရိတ် ကြီးမြင့်မှု၊ လုပ်သားရှားပါးမှုကြောင့် ယခုနှစ် မိုးစပါးစိုက်ဧက လျော့နိုင်
ဆန်စပါး သိုလှောင်ပါက မှတ်ပုံတင်ရမည်ဟု စစ်ကောင်စီထုတ်ပြန်
ယခုနှစ် မိုးစပါးစိုက်ဧက လျော့နိုင်သဖြင့် အထွက်နှုန်းလည်းကျနိုင်
နိုင်ငံရေး မတည်ငြိမ်မှုက ဆန်စပါးဈေးကွက်ကိုပါ ရိုက်ခတ်