စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စက်တင်ဘာ ၈ ရက်မှစတင်ပြီး စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်နေမှု ကြောင့် စစ်ကြောင်းတလျှောက်နှင့် အနီးဝန်းကျင်ကျေးရွာ ၉ ရွာမှ ဒေသခံပြည်သူ ၅,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေး နေရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ထံမှ သိရသည်။
ဇောင်ချမ်းကုန်းရွာ ဒေသခံတဦးက “နွယ်ရှောက်ရွာဒေသခံတွေက တိုက်ပွဲမဖြစ်ခင် စစ်ကြောင်းလာပြီဆိုကတည်းက ရှောင်သွားကြတာပါ။ စစ်ကြောင်းနဲ့ဝေးတဲ့ရွာတွေနဲ့ တောတွေထဲမှာ ရှောင်နေကြရတာပေါ့။ နွယ်ရှောက်တို့၊ အင်ကြင်းစု တို့ကတော့ ရွာကို တော်တော်နဲ့ပြန်ကပ်နိုင်ကြဦးမှာ မဟုတ်သေးဘူး” ဟု ပြောသည်။
နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်လာကြသူများအား လက်ခံပေးထားသော ကျေးရွာများရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့များက ဦးဆောင်၍ နားခိုစရာနေရာများနှင့် အစားအသောက်များ စီစဉ်ပေးထား ကြောင်း ပုလဲမြို့နယ်ပအဖအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါစစ်ကြောင်းမှာ ပုလဲမြို့ပေါ်မှတဆင့် အနောက်ဘက်သို့ ထွက်ခွာလာခဲ့သော အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် (စကခ) လက်အောက်ခံ ဖူးကြီးအခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၇၀၄ နှင့် အင်းမထီးပျူစောထီး ၈၅ ဦးခန့်ပါသော ပူးပေါင်းစစ်ကြောင်းဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်တွင် ပုလဲမြို့နယ် နွယ်ရှောက်ရွာအနီး ယင်းစစ်ကြောင်းနှင့် ကာကွယ်ရေး တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပုလဲမြို့နယ် ပကဖအဖွဲ့မှ တာဝန်ရှိသူတဦးက “မနေ့က နေ့လယ် ၁၂ ခွဲလောက်မှာ နွယ်ရှောက်ရွာနား ၁ နာရီ နီးပါးလောက် ထိတွေ့မှုဖြစ်တာ။ စစ်ကြောင်းက ပိတ်မိသွားတာမို့ ဖောက်ထွက်နိုင်ဖို့ ရဟတ်ယာဉ်နဲ့ ပစ်ကူပေးရတယ်။ ရဟတ်ယာဉ်နဲ့ပစ် တော့ ကျနော်တို့အဖွဲ့တွေ ခွာပေးခဲ့ရပါတယ်။ အဲဒီလိုတိုက်ပွဲဖြစ်ပြီးတော့ စစ်ကြောင်းက နွယ်ရှောက်ရွာထဲကိုဝင်ပြီး ညအိပ် အထိုင်ချတပ်စွဲခဲ့တယ်။ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း နွယ်ရှောက်ရွာထဲကအထွက်မှာလည်း ထပ်ပြီးတိုက်ပွဲဖြစ်ခဲ့ သေးတယ်” ဟု ပြောသည်။
ယင်းတိုက်ပွဲကို ဗိုလ်နဂါး ဦးဆောင်သော ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ရင်ဆိုင်ထိတွေ့မှုမဖြစ်ခင် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့တို့ကလည်း ပစ်ခတ်တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ အထိနာခဲ့သဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ Mi-35 ဖြင့် လာ ရောက်ပစ်ကူပေးခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးခန့် သေဆုံးပြီး ၁၀ ဦးခန့်ထိ ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း BNRA က သတင်းထုတ်ပြန်ထားသည်။
ယင်းတိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာသဖြင့် လေကြောင်းပစ်ကူ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ မျက်မြင် အတည်ပြုချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး တွဲခေါ်သွားရသူ ၁၀ ဦးထက်မနည်းရှိကြောင်း ပုလဲမြို့နယ် ပကဖ အဖွဲ့က ဆိုထားသော်လည်း ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
လေကြောင်းပစ်ကူပေးရာတွင် နွယ်ရှောက်ကျေးရွာ အပါအဝင် တိုက်ပွဲဖြစ်ပွားရာနေရာသို့ Mi-35 ဖြင့် ၁၅ မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း၊ အခြားထိခိုက်မှုများအနေဖြင့် ဓာတ်တိုင်များ ပြို လဲခြင်း၊ အိမ်အမိုးပျက်စီးခြင်းများ ရှိခဲ့ကြောင်း သိရသည်။
ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက “စစ်ကြောင်းဝင်လာတာက ပျူစောထီးရွာတွေ စားနပ်ရိက္ခာရှာဖွေနိုင်ဖို့နဲ့ အဝေး မှာသင်တန်းသွားတက်ကြတဲ့ သင်တန်းဆင်းပျူစောထီးတွေကို လာပို့ဖို့အတွက် အခုလို စစ်ကြောင်းဝင်လာတာလို့ သုံးသပ် ပါတယ်။ အခုလာတဲ့အထဲမှာ အင်းမထီး ပျူစောထီးရွာကပျူတွေ အများဆုံးပါတယ်” ဟု ဆိုသည်။
စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း၌ ယင်းစစ်ကြောင်းသည် နွယ်ရှောက်ရွာမှထွက်ခွာချိန် အင်ကြင်းစုကျေးရွာအနီး ၌ ပကဖအဖွဲ့ဝင်များ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့သေးကြောင်း၊ နွယ်ရှောက်တွင် ညအိပ်ခဲ့စဉ် အဆိုပါစစ်ကြောင်းသည် ကျေးရွာအတွင်းရှိတိရစ္ဆာန်များ သတ်ဖြတ်စားသောက်ခဲ့သလို ဒေသခံများ၏ အစားအစာများ အား ဖျက်ဆီးခြင်း၊ အဖိုးတန်ပစ္စည်းများကို ရှာဖွေခိုးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း ပုလဲမြို့နယ်ပအဖက သတင်းထုတ်ပြန် ထားသည်။
တိုက်ပွဲတွင်ပါဝင်ခဲ့သော ပကဖ အဖွဲ့ဝင်တဦးက “အဲဒီစစ်ကြောင်း စဝင်လာတဲ့ ၈ ရက်နေ့မှာလည်း မိုင်းဆွဲခဲ့ကြတာရှိတယ်။ မနေ့က ထိတွေ့တိုက်ပွဲဖြစ်တယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာလည်း နွယ်ရှောက်ကနေပြန်အထွက် ကျနော်တို့အဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့သေးတယ်။ ဒီနေ့ တိုက်ပွဲမှာလည်း နှစ်ယောက်ထပ်သေတာကို မျက်မြင်အတည်ပြုနိုင်ခဲ့တယ်။ တိုက်ပွဲပြီးတော့ သူတို့ အင်ကြင်းစုရွာထဲကို ဝင်သွားကြတယ်။ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ သူတို့တွေ တော်တော်အထိနာတယ်” ဟု ပြောသည်။
စက်တင်ဘာ ၁၀ ရက်ကလည်း ယင်းမာပင်မြို့နယ်၊ ပွင့်ကြီးဘုရားကုန်း၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွင့်လှစ် ပေးထားသော ကပိုင်ရွာဒေသခံ စစ်ရှောင်ကလေးငယ် ၂၀၀ ကျော် ပညာသင်ယူနေသည့် စာသင်ကျောင်းကို စစ်တပ်က ရဟတ်ယာဉ်သုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စာသင်ကျောင်းအဆောက်အအုံ၊ စာသင်ခုံများ ပျက်စီးခဲ့သလို ဇရပ်ကျောင်းဆောင်နှင့် ဘုရားထီးတော်များလည်း ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အပါအဝင် ကျေးရွာများအားစီးနင်းပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း တို့ကြောင့် အာဏာသိမ်းပြီးချိန်မှ ယခုဩဂုတ်လကုန်ထိ နိုင်ငံတဝန်း နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသူ ၁ ဒသမ ၉ သန်း ကျော်ရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA Myanmar) ၏ ထုတ်ပြန်ချက်များအရ သိရသည်။
You may also like these stories:
စစ်ကောင်စီတပ် ယင်းမာပင်နှင့် ပုလဲဒေသခံ ၁၀ ဦးကို သတ်ဖြတ်
ပုလဲမြို့နယ် ညောင်ကုန်းရွာ ဗုံးကြဲခံရမှု ၁၀ ဦးသေဆုံး
ပုလဲမြို့နယ်တွင် စစ်ကြောင်းထိုး မီးရှို့သဖြင့် ဒေသခံများ ထွက်ပြေးနေရ
ပုလဲမြို့နယ် ပ.အ.ဖ ရုံး စီးနင်းခံရမှု ၁၆ ဦး သေဆုံး
ပုလဲမြို့နယ် မွေ့တုံ ရွာလုံးကျွတ်နီးပါး စစ်ကောင်စီ မီးရှို့ ဖျက်ဆီး