ထိုင်းနိုင်ငံ နခွန်ဆဝမ်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာလုပ်သားအား ဆေးကုမပေးဘဲ လမ်းဘေးရေမြောင်းအတွင်း စွန့်ပစ်ခဲ့ရာ သေဆုံးသွားသဖြင့် အလုပ်ရှင်ကို ဖမ်းဆီး၍ လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAC) ထံက သိရသည်။
အဆိုပါ မြန်မာအလုပ်သမားသည် ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်က ဆောက်လုပ်ရေးလုပ်ငန်းခွင် ခေါင်မိုးပြင်နေစဉ် မတော်တဆ အောက်ပြုတ်ကျသွားခဲ့ပြီး ဦးခေါင်း၌ ဒဏ်ရာပြင်းထန်စွာရရှိသွားသည့်အတွက် အလုပ်ရှင်က အရေး ပေါ်လူနာတင်ယာဉ် ခေါ်ယူခြင်းမရှိဘဲ ဆေးရုံသို့ပို့ပေးမည်ဟုဆိုကာ ၎င်း၏ကားဖြင့် တင်သွား ဖြစ်ကြောင်း အလုပ် သမားများက ဆိုသည်။
လုပ်ငန်းခွင်တွင် အတူလုပ်ကိုင်ခဲ့သည့် အလုပ်သမားတဦးက “သူက ခေါင်မိုးပေါ်ကနေ ပြုတ်ကျပြီးတော့ အောက်မှာ ခွေခွေလေးဖြစ်နေတဲ့အချိန်မှာ သူ့ခေါင်းက သွေးတအားထွက်နေပေမယ့် အသက်ရှိသေးတယ်။ သူဌေးက ပြုတ်ကျ တဲ့သူရော ကျနော်တို့ကိုပါ ကားပေါ်တင်ခေါ်သွားပြီး ကျနော်တို့ကိုကျတော့ အလုပ်သမားတန်းလျားမှာ ချပေးခဲ့တယ်။ လူနာကိုတော့ ခေါ်သွားလိုက်ပြီး ဆေးရုံပို့မယ်ပဲ ပြောသွားတာ” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ မြန်မာအလုပ်သမားသည် ပဲခူးတိုင်း၊ သာယာဝတီခရိုင်မှ လာရောက်အလုပ်လုပ်ကိုင်သူတဦးဖြစ်ပြီး၊ ၎င်းတွင် အမျိုးသမီးနှင့်သမီးတဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ထိုအလုပ်သမား၏ နောက်ဆက်တွဲ သတင်းကို မကြားသိရသဖြင့် လုပ်ဖော်ကိုင်ဖက်များမှာ သံသယရှိသည့်အတွက် ပြုတ်ကျခဲ့သည့်နေရာနှင့် အနီးတဝိုက်တွင် လိုက်ရှာခဲ့သော်လည်း မတွေ့ရသောကြောင့် AAC ထံသို့ အကူအညီ တောင်းခဲ့ကြောင်း သိရသည်။
ထို့နောက် စက်တင်ဘာ ၈ ရက်တွင် အဆိုပါ ရပ်ကွက်ရှိ ရွာလူကြီးမှ ရေမြောင်းအတွင်း အလောင်း တလောင်း တွေ့ရှိကြောင်းပြောသည့်အတွက် AAC အဖွဲ့နှင့် အလုပ်သမားများမှ သွားကြည့်ခဲ့ရာ ပြုတ်ကျဒဏ်ရာရရှိခဲ့သူ၏ အလောင်းဖြစ်နေပြီး ၎င်း၏ မိသားစုဝင်များကလည်း အတည်ပြုပေးခဲ့ကြောင်း AAC အဖွဲ့မှ ကိုနေလင်းသူက ပြော သည်။
ကိုနေလင်းသူက “ဆေးရုံပို့ရင် အသက်မှီတာကို ဘာကြောင့် အခုလိုလုပ်တာလဲဆိုတာ စဉ်းစားမရဘူး။ ဆေးရုံ ရောက်မှ သေသွားရင်တောင် သူဌေးက ဆေးရုံပို့ပေးတယ်ဆိုပြီး ပြောရဦးမယ်။ အခုလိုလုပ်လိုက်တော့ ကျနော်တို့က သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ တိုင်ပင်ပြီး အမှုဖွင့်ခဲ့တာပေါ့” ဟု ပြောသည်။
ယင်းဒဏ်ရာရအလုပ်သမားအား လမ်းဘေးရေမြောင်းအတွင်း၌ စွန့်ပစ်ခဲ့သည့် အလုပ်ရှင်မှာ ဆောက်လုပ်ရေးလုပ်ငန်း ခွင်ရှိ အလုပ်သမားများကို အခြားလုပ်ငန်းခွင်သို့ ရွှေ့ပြောင်းခဲ့သလို ၎င်းမှာလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း AAC ထံက သိရသည်။
လုပ်ဖောက်ကိုင်ဖက် တဦးက “အဲဒီရေမြောင်းက သူပြုတ်ကျတဲ့ လုပ်ငန်းခွင်နဲ့ သုံးမိုင်လောက်ဝေးတယ်။ သူ့ အလောင်းကို တွေ့တော့ ပြုတ်ကျတုန်းက ခေါင်းကသွေးတအားထွက်နေလို့ ကျနော်တို့ပတ်ပေးလိုက်တဲ့ အင်္ကျီကို အလောင်းနဲ့အတူ တွေ့လိုက်လို့ သူပဲဆိုတာ သိတာပါ” ဟု ဧရာဝတီကို ပြောဆိုသည်။
AAC မဟာမိတ်အဖွဲ့နှင့် မြန်မာအလုပ်သမားများက အဆိုပါကိစ္စအား ကမ်ဖယ်ဖစ်ရဲစခန်းတွင် လူသတ်မှုဖြင့် တိုင်ချက် ဖွင့်ထားခဲ့ပြီးနောက် ယမန်နေ့က ထိုင်းအလုပ်ရှင်အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ကိုနေလင်းသူက “ထိုင်းလူမျိုးအလုပ်ရှင်ကို မနေ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြော တယ်။ နောက် ၂ ရက်လောက်ကျရင် ရုံးချိန်းရှိတယ်။ သက်သေ ၂ ယောက်နဲ့ ကျနော်က မိသားစုဝင်အနေနဲ့ သွားပြီး ကူညီရမယ်” ဟု ပြောသည်။
သေဆုံးသူမှာ အဆိုပါလုပ်ငန်းခွင်၌ အလုပ်လုပ်နေသည်မှာ ၁ နှစ်ခန့်ရှိပြီဖြစ်ပြီး အလုပ်သမားကတ်ပြုလုပ်ရန် စာရင်း တင်ထားဆဲဖြစ်ကာ လက်ရှိတွင် အထောက်အထား မပြည့်စုံဘဲ နေထိုင်သူတဦးဖြစ်ကြောင်း သိရသည်။
ထိုင်းဥပဒေအရ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် ခြေလက်အင်္ဂါထိခိုက်သွားခြင်းနှင့် အသက်သေဆုံးမှုအတွက် ဘတ်ငွေ ၈ သိန်းထိ လျော်ကြေးရရှိရမည်ဖြစ်သည့်အတွက် ကျန်ရစ်သည့် မိသားစုဝင်များအတွက် ထိုရပိုင်ခွင့်များ ရရှိရန် AAC မဟာမိတ်အဖွဲ့က ဆက်လက် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။
ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်တွင်လည်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြန်မာအလုပ်သမားတဦး အလုပ် လုပ်ကိုင်ရင်း ပင်လယ်တွင်းပြုတ်ကျစဉ် အလုပ်ရှင်က အချိန်မီကယ်တင်ခြင်းမရှိသည့်အတွက် အသက်သေ ဆုံးခဲ့သည်။
You may also like these stories:
ရွှေ့ပြောင်းလုပ်သားတို့ရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေပြီလား
မြန်မာရေလုပ်သား လုပ်ငန်းခွင်၌ သေဆုံးမှု ထိုင်းအလုပ်ရှင်မှ ဘတ် ၃သောင်းဖြင့် ညှိနှိုင်း
MoU အလုပ်သမားများ နယ်စပ်တွင် သက်တမ်းတိုးခွင့်ပြု