တရုတ်-မြန်မာ နှစ်နိုင်ငံ အဓိကကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်တဲ့ မူဆယ်-ရွှေလီ လမ်းကြောင်းကနေ မြန်မာလုပ်သားတွေ တရက် ၆၀၀ ဝန်းကျင် တရုတ်နိုင်ငံထဲကို ဝင်ရောက်နေတယ်လို့ နယ်စပ်ဂိတ်မှာ တာဝန်ထမ်းဆောင်နေသူတွေက ပြောပါတယ်။
အများစုဟာ တရုတ်နိုင်ငံထဲမှာ အလုပ်အကိုင် ရရှိဖို့သွားရောက်ကြသူတွေဖြစ်ပြီး စက်တင်ဘာလ ဆယ်ရက်အတွင်းမှာပဲ မူဆယ်-ရွှေလီ နယ်စပ်ဂိတ်ကတဆင့် ဝင်ရောက်သူ ၆၀၀၀ ကျော်ရှိပြီး နောက်ထပ် ဝင်ရောက်ဖို့ စောင့်ဆိုင်းနေသူတွေလည်း ထောင်နဲ့ချီရှိနေပါတယ်။
တရုတ်နိုင်ငံထဲကို ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ အသက် ၁၈ နှစ်အရွယ် နေပြည်တော် ဒေသခံ အမျိုးသမီးက “နေပြည်တော်မှာ အလုပ်မရှိဘူးလေ။ ရွှေလီမှာရှိတဲ့ အမျိုးတွေခေါ်လို့ ရောက်လာတာ။ တလကို ယွမ် ၁၅၀၀ (ကျပ် ၇ သိန်း) ဝန်းကျင် ပေးမယ်ပြောတယ်။ ကျမတို့ အခုမှ ဒီဘက်ရောက်ဖူးတာ“ လို့ ဧရာဝတီကို ပြောပါတယ်။
တရုတ်နိုင်ငံထဲကို သွားသူ အများစုဟာ ၆ ညအိပ် ၇ ရက် သက်တမ်းရှိတဲ့ တရုတ်-မြန်မာနယ်စပ် ယာယီဝင်ထွက်ခွင့်ကတ် (TBP) အပြာရောင်ကို အသုံးပြုပြီး ဝင်ရောက်နေကြတာဖြစ်ပါတယ်။

မူဆယ်ခရိုင် အိမ်ထောင်စုရှိသူတွေကတော့ တနှစ်သက်တမ်းရှိ နယ်စပ်ဝင်ထွက်ခွင့် အနီရောင် စာအုပ် ရှိကြပြီး တခြားဒေသက လာသူတွေကတော့ ၆ ညအိပ်၊ ၇ ရက်သက်တမ်းရှိ TBP ကတ်ကိုသာ သုံးကြရပါတယ်။ အလုပ်အကိုင် အခွင့် အလမ်းရှာဖွေသူတွေဟာ TBP စာအုပ်နဲ့ ဝင်ရောက်ပြီး တရုတ်နိုင်ငံထဲမှာ ပုန်းခိုအလုပ်လုပ်ကိုင် နေကြရတာ ဖြစ်ပါတယ်။
မူဆယ်-ရွှေလီ ဂိတ်အပါအဝင် နယ်စပ်ဂိတ်တွေကို ၂၀၂၀ ခုနှစ် မတ်လဆန်းမှာ ကိုဗစ်ကပ်ရောဂါကြောင့် တင်းကျပ် ထားရာက ဒီနှစ် စက်တင်ဘာ ၄ ရက်နေ့မှာ မြန်မာနိုင်ငံသားမှတ်ပုံတင်ရှိသူ ဘယ်သူမဆို ယာယီဝင်ထွက်ခွင့်ကတ် (TBP) နဲ့ ဝင်ထွက်ခွင့် ပြုလိုက်ရာမှာ အခုလို အလုံးအရင်းနဲ့ ထွက်ခွာနေကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ စစ်တပ်အာဏာသိမ်းမှု ဂယက်ကြောင့် အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေးကျပ်တည်းမှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် လူငယ်နဲ့ လူလတ်ပိုင်းတွေဟာ နေ့စဉ်ထောင်နဲ့ချီပြီး တရုတ်၊ ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန် အပါအဝင် ပြည်ပနိုင်ငံတွေကို ထွက်ခွာနေကြတာဖြစ်ပါတယ်။
တရုတ်နိုင်ငံထဲကို ဝင်ရောက်နေကြသူတွေကတော့ ရွှေလီ၊ ကျယ်ဂေါင်နဲ့ မန်စီမြို့အပါအဝင် တရုတ်နိုင်ငံအတွင်းက စက်ရုံ၊ အလုပ်ရုံ၊ ဖျော်ဖြေရေးလုပ်ငန်း၊ စားသောက်ဆိုင်၊ စျေးဆိုင်တွေနဲ့ စိုက်ပျိုးရေးခြံတွေမှာ တရက်ကို အနည်းဆုံး တရုတ်ယွမ် ၆၀ (ကျပ် ၂ သောင်းခွဲ) ဝန်းကျင် ရရှိကြပါတယ်။

နယ်စပ်ဂိတ်ပေါက်တွေဖြစ်တဲ့ ဆင်ဖြူနဲ့ နန်းတော်ဂိတ်တွေမှာ တရက်ကို လူဦးရေ ၆၀၀ ထိသာ ထွက်ခွာခွင့်ပြုထားပြီး TBP ကတ်ရဖို့အတွက် တုံကင်စနစ်နဲ့ ပြုလုပ်ထားပါတယ်။ တုံကင်စနစ်နဲ့ လုပ်ဆောင်ရာမှာလည်း ဂိတ်မှာရှိတဲ့ ရဲ၊ လဝက၊ ပြည်သူ့စစ်နဲ့ ယာဉ်ထိန်းရဲတွေဟာ ပွဲစားတွေနဲ့ ပေါင်းပြီး တုံကင်စျေးကွက်ပြုလုပ်နေတဲ့ အတွက် ထွက်ခွာမယ့်သူတွေ အခက်အခဲကြုံနေကြရပါတယ်။
လက်ရှိနယ်စပ် မှောင်ခိုစျေးကွက်မှာ တုံကင်နံပါတ်တခုဟာ တရုတ်ယွမ် ၅၀၀ (ကျပ် ၂ သိန်းကျော်) အထိ ရှိနေပါတယ်။
နယ်စပ်ဂိတ်မှာ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ အမျိုးသမီးတဦးက “ကျမရဲ့ တုံကင်နံပါတ်ပြလည်း ပေးမဝင်ဘူး။ ကျမရတဲ့ တုံကင်နံပါတ် ၅၆၊ နံပါတ် တခုကို ၄ ယောက်လောက် ပေးထားတာတဲ့။ သူတို့ကို ပိုက်ဆံများများပေးနိုင်တဲ့သူက အထဲကို ဝင်သွားရတယ်“ လို့ ဧရာဝတီကို ပြောပါတယ်။

မူဆယ်-ရွှေလီဂိတ်မှာ တာဝန်ထမ်းဆောင်နေသူတဦးကတော့ “တာဝန်ရှိတဲ့သူ အဆင့်ဆင့်ကနေ ကြီးကျပ်ပြီးတော့ ပေးနေတယ်။ တုံကင်နံပါတ်တွေ ရောင်းစားနေတဲ့ပြသာနာတွေ မရှိအောင်ရယ် ရှိခဲ့ရင်လည်း အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နေတယ်။ အခုထုတ်ပေးတဲ့ နံပါတ်နဲ့ နာမည်စာရင်းတွေကို ဂိတ်တွေမှာ ပို့ထားပြီးတော့ အဲ့ဒီစာရင်းအတိုင်းပဲဂိတ်တွေမှာ ဝင်ရမယ်“ လို့ ပြောပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့ကကျရောက်တဲ့ ၁၁ ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ပေးပို့ခဲ့တဲ့ စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ရာပြည့်ရဲ့ သဝဏ်လွှာထဲမှာလည်း မြန်မာနိုင်ငံထဲမှာ အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာနည်းပါးမှု၊ ဘဝရပ်တည်ရန် ခက်ခဲတဲ့ အခြေအနေတွေကြောင့် ပြည်ပနိုင်ငံတွေကို နည်းမျိုးစုံနဲ့ ပြည်သူတွေ ထွက်ခွာနေတယ်ဆိုပြီး ဝန်ခံပြောဆိုထားပါတယ်။