ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ် အစိုးရအဖွဲ့များ ရုံးစိုက်သည့်နေရာအနီးတွင် ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) မှ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး လုပ်ကြံသတ်ဖြတ်ခံရကြောင်း သိရသည်။
သေဆုံးသွားသူမှာ ALP ပါတီမှ ဗိုလ်မှူးအဆင့်ရှိသူ ခိုင်စိုးလွင် ဖြစ်ကာ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးရှိ ကွမ်းယာဆိုင်တွင် ကွမ်းဝယ်ယူရန်စောင့်နေစဉ် အမည်မသိ ဆိုင်ကယ်သမား ၄ ဦး လာရောက် လုပ်ကြံခြင်းဖြစ်ကြောင်း ရဲ တပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “ပြည်နယ်ထွေအုပ်ရုံး လမ်းမကြီးတဖက်မှာရှိတဲ့ ကွမ်းယာဆိုင်ရှေ့ လုပ်ကြံခံရတာ။ ပထမဆုံး ဓားနဲ့ထိုးပြီးတော့ သေနတ်နဲ့ပါ ပစ်ခတ်သွားတာ။ ဆိုင်ကယ်နဲ့ အုပ်စုလိုက်လာပြီးတော့ လုပ်ကြံသတ်ဖြတ်သွားတာလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ပစ်ခတ်ခံရသည့်အတွက် ခိုင်စိုးလွင်မှာ လည်ပင်း၌ ဓားဒဏ်ရာ ၃ ချက်၊ ဦးခေါင်းနှင့် ဝမ်းဗိုက်တို့တွင် သေနတ် ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ကာ လက်ရှိ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁ ရက်ကလည်း စစ်တွေမြို့၊ ဘုမေရပ်ကွက် စစ်တွေတက္ကသိုလ်အနီးတွင် ALP ပါတီမှ ဒုဥက္ကဋ္ဌ ခိုင်နီ ရောင်၊ တပ်ရင်းမှူးအဆင့်ရှိသူ ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့မှာ မင်းဂံရပ်ကွက်ရှိ ပါတီဥက္ကဋ္ဌ ဒေါ်စောမြ ရာဇာလင်း နေအိမ်မှကားဖြင့် ပြန်လာစဉ် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
ယင်းပြင်၂၀၂၃ ဇန်နဝါရီလ ၄ ရက်ကလည်း စစ်တွေမြို့ ဝေသာလီကွင်း၌ ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားမှ ကားဖြင့်ပြန်လာသော ALP ပါတီ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြအပါအဝင် တပ်မှူး ၃ ဦးမှာ စက်ရုံစုရပ်ကွက်တွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်။
ထိုသို့ ခေါင်းဆောင်ပိုင်းများ လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (ULA/AA) တပ်ဖွဲ့ဝင် များ၏ လက်ချက်ဖြစ်ကြောင်း ALP ပါတီ ထုတ်ပြန်ကြေညာခဲ့သော်လည်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အခြေ အမြစ်မရှိသည့် စွပ်စွဲချက်သာ ဖြစ်ကြောင်း ငြင်းဆိုထားသည်။