မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ရုရှား၏ ယူကရိန်း ကျူးကျော်စစ်ပွဲကို ထောက်ခံကြောင်း ပြောကြားသည့် ထိပ်သီးဆွေးနွေးပွဲအပြီးတွင် သမ္မတ ဗလာဒီမာ ပူတင်က ရုရှားသည် မြောက်ကိုရီးယားနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု အချို့လုပ်ရန် စဉ်းစားဆွေးနွေးနေကြောင်း ပြောကြားလိုက်သည်။
ရုရှား၏ ယူကရိန်းစစ်နှင့် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များနှင့် ဒုံးကျည်အစီအစဉ်အတွက် နှစ်နိုင်ငံလုံးသည် နိုင်ငံတကာ အထီးကျန်မှု ရင်ဆိုင်နေရချိန်တွင် ခေါင်းဆောင် နှစ်ဦးသည် ရုရှားနိုင်ငံ အရှေ့ဖျား ဗော့စတော့ချ်နီ အာကာသစခန်းတွင် တွေ့ဆုံသည်။
နှောင့်နှေးနေသည့် ယူကရိန်းစစ်တွင် သုံးရန် မြောက်ကိုရီးယားက ရုရှားကို လက်နက်ထောက်ပံ့ပြီး အပြန်အလှန်အားဖြင့် ပိတ်ဆို့ထားသည့် ဒုံးကျည်နည်းပညာများ ပြန်ပေးနိုင်ဖွယ်ရှိသည့် အလားအလာရှိသော လက်နက်သဘောတူညီမှုတခုကို ရုရှားနှင့် မြောက်ကိုရီးယားတို့ တက်တက်ကြွကြွ လုပ်ဆောင်နိုင်သည်ဟု အမေရိကန်အရာရှိများ သတိပေးနေချိန်တွင် ထိုသို့တွေ့ဆုံခြင်းဖြစ်သည်။
ကင်မ်နှင့်တွေ့ဆုံစဉ် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးပါသလားဟု သမ္မတ ပူတင်ကို မေးသည်။ သမ္မတ ပူတင်က မော်စကိုသည် အချို့သော ကန့်သတ်ချက်များကို အပြည့်အဝလိုက်နာသည်ဟု ပြောသော်လည်း ဆွေးနွေးစဉ်းစားသုံးသပ်စရာ နယ်ပယ်များရှိကြောင်း ဝန်ခံသောကြောင့် ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည့် သဘောဖြစ်နေသည်။
“ကောင်းပါပြီ။ ကန့်သတ်ချက်တချို့ရှိပြီး ရုရှားက အဲဒါတွေ အားလုံးကို လိုက်နာတယ်” ဟု သမ္မတ ပူတင်က နိုင်ငံပိုင် Russia 1 သို့ ပြောသည်။ “ဒါပေမယ့် ကျနော်တို့ ပြောဆို၊ ဆွေးနွေးစဉ်းစားလို့ရတဲ့ ကိစ္စတွေရှိတယ်။ ဒီမှာလည်းပဲ အလားအလာရှိပါတယ်” ဟု ၎င်းကဆက်ပြောသည်။
ဗိုလ်ကျစိုးမိုးမှုနှင့် နယ်မြေချဲ့ထွင်ခြင်းကို ရည်မှန်းချက်ကြီးမားစွာ လုပ်ဆောင်နေသည့် မကောင်းဆိုးရွား အင်အားစုများကို ဒဏ်ခတ်ရန် တိုက်ပွဲတွင် ရုရှားပြည်သူများနှင့် ရုရှားစစ်တပ် အောင်ပွဲခံမည်မှာ သေချာကြောင်း နိုင်ငံတော်ညစာစားပွဲ မတိုင်မီ ကင်မ်က ပူတင်ကို ပြောသည်။
ယူကရိန်းနိုင်ငံအမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ ကင်မ်က “ရုရှားစစ်တပ်နဲ့ ရုရှားပြည်သူတွေဟာ အောင်ပွဲရတဲ့ တောက်ပြောင်သော အစဉ်အလာကို အမွေရပြီး စစ်ဆင်ရေး ရှေ့တန်းမှာ သူတို့ရဲ့ ဂုဏ်သတင်းကောင်းကို ပြသလိမ့်မယ်” ဟု မော်စကိုက ၎င်း၏ တရားမဝင် ယူကရိန်းကို ကျူးကျော်မှုတွင် သုံးသည့် စကားလုံးအတိုင်း “စစ်ဆင်ရေး” ဟူသည့် စကားကိုသာ သုံးသည်။
“ကျနော်က ရုရှားနဲ့ အမြဲတမ်း ရပ်တည်နေလိမ့်မယ်” ဟု ကင်မ်က ပြောပြီး အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ကာကွယ်ရန် ဗိုလ်ကျစိုးမိုးရေး အင်အားစုများကို ရင်ဆိုင်ခြင်းအတွက် မော်စကိုကို ချီးကျူးသောကြောင့် အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများ မသိမသာ ရည်ညွှန်းပြောခြင်း ဖြစ်သည်။
သမ္မတ ပူတင်ကလည်း မြောက်ကိုရီးယား၏ အာကာသနှင့် ဂြိုဟ်တုအစီအစဉ် တိုးတက်ရေးအတွက် ကူညီရန် စိတ်အားထက်သန်ကြောင်း ဖော်ပြသည်။
“မြောက်ကိုရီးယားခေါင်းဆောင်က အာကာသ၊ ဒုံးကျည်ပညာကို အရမ်းစိတ်ဝင်စားကြောင်း ပြသပြီး သူတို့က အာကာသမှာ တိုးတက်ဖို့ ကြိုးစားနေတယ်။ ကျနော်တို့က ကျနော်တို့ရဲ့ ပစ္စည်းသစ်တွေကို ပြသမယ်” ဟု ပူတင်က ပြောသည်။ “ကျနော်တို့ ကိစ္စအားလုံးကို အလျင်စလို မလုပ်ဘဲ ဆွေးနွေးမယ်။ အချိန်ရှိပါတယ်” ဟုလည်း သူကဆက်ပြောသည်။
ကရင်မလင်က ထုတ်ပြန်သည့် ဗီဒီယိုတွင် ခေါင်းဆောင်နှစ်ဦး လက်ဆွဲနှုတ်ဆက်ပြီးနောက် အာကာသစခန်းနှင့် ၎င်းနှင့်တွဲဖက်ထားသည့် ဂြိုဟ်တုလွှတ်တင်ရေးယာဉ်များ တပ်ဆင်စမ်းသပ်သည့် ဒုံးပျံအဆောက်အအုံအတွင်း လှည့်လည်ကြသည်ဟု ရုရှားနိုင်ငံပိုင်မီဒီယာအရ သိရသည်။
မြောက်ကိုရီးယားသည် အာကာသနည်းပညာကို ဦးစားပေးအဖြစ် သတ်မှတ်ထားသော်လည်း ယခုနှစ်အတွင်း သူလျှိုဂြိုဟ်တုကို ပတ်လမ်းအတွင်းသို့ နှစ်ကြိမ်ပို့ဆောင်မှု မအောင်မြင်ဘဲ ဆက်လက်ကြိုးစားရန် လိုနေသေးသည်။
အမျိုးသားလုံခြုံရေးနှင့် ပိုင်နက်နယ်မြေ တည်ငြိမ်ရေးကို ကာကွယ်ရာတွင် စစ်ဘက်ဂြိုဟ်တုများ၏ အခန်းကဏ္ဍကိုလည်း ကင်မ်က အလေးထားပြီး တပ်များကို လက်ဦးမှုရယူ ဖြန့်ကြက်ရာတွင် ၎င်းတို့၏ သေနင်္ဂဗျူဟာတန်ဖိုးကို ပြောဆိုတတ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဧပြီလတွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသို့ ထိုနည်းပညာ ပေးအပ်ခြင်းသည် အပြည့်အဝ အလုပ်လုပ်သော နျူကလီးယား လက်နက်များနှင့် ဒုံးကျည်တပ်ဖွဲ့ တည်ဆောက်ရေးအတွက် ပြုံယမ်း၏ စွမ်းရည်ကို ဟန့်တားရန် ရည်ရွယ်သည့် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်ရာရောက်သည်။
ခေါင်းဆောင် နှစ်ဦးကြား စုစုပေါင်း ၅ နာရီကြာသော ဆွေးနွေးပွဲများသည် လွန်စွာ အရေးပါ လေးနက်ကြောင်း ကရင်မလင်နန်းတော် ပြောခွင့်ရသူ ဒီမီထရီ ပက်စ်ကော့က ပြောသည်ဟု RIA သတင်းက ဖော်ပြသည်။ ရုရှားနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေရန် မြောက်ကိုရီးယားက အလွန် စိတ်ဝင်စားမှုပြသသည်ဟု ပက်စ်ကော့က ပြောသည်။
ပွင့်လင်းစွာ အမြင်ဖလှယ်ပြီး လွန်စွာအကျိုးရှိကြောင်း သမ္မတ ပူတင်ကလည်း Russia 1 သို့ ပြောသည်။
ရုရှားက မြောက်ကိုရီးယားနှင့်ထိတွေ့ဆက်ဆံခြင်းသည် မျှော်လင့်ချက် ကင်းမဲ့နေကြောင်း ပြသနေသည်ဟု ထိုထိပ်သီးဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါ သောမတ်စ် ဂရင်းဖီးလ်က ပြောသည်။
အာကာသစခန်းတွင် တွေ့ဆုံခြင်း ဘာကြောင့်အရေးပါသလဲ
ထိုခရီးစဉ်အတွင်း ခေါင်းဆောင် နှစ်ဦးသည် ရုရှားကလာမည့် မျိုးဆက်သစ် အာကာသယာဉ်များ လွှတ်တင်ရန် စီစဉ်ထားသည့် အာကာသစခန်းကို စစ်ဆေးကြသည်။
ထိုအာကာသစခန်းသည် လွှတ်တင်သည့်ယာဉ်များကို လက်ခံရန်၊ မလွှတ်တင်မီ ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရန်နှင့် လွှတ်တင်ပြီး လုပ်ငန်းများကို လည်ပတ်ရန် တည်ဆောက်ထားသည့် စခန်းဖြစ်ကြောင်း အစိုးရသတင်းဌာန TASS က ဖော်ပြသည်။
ထိပ်သီးဆွေးနွေးပွဲ ကျင်းပသည့် နေရာသည် အာကာသစခန်း ဖြစ်သောကြောင့် ထူးခြားသည်ဟု သုတေသီများက ပြောသည်။
“ရုရှားနိုင်ငံအရှေ့ပိုင်း အာကာသစခန်းမှာ တွေ့ဆုံခြင်းဟာ အထူးသဖြင့် ပြောစရာဖြစ်နေတယ်။ ယူကရိန်းက တရားမဝင်စစ်မှာ မော်စကိုက အသုံးပြုမယ့် မြောက်ကိုရီးယား ခဲယမ်းတွေနဲ့ အလဲအလှယ်အဖြစ် အရေးယူပိတ်ဆို့မှုကို ချိုးဖောက်ပြီး ဂြိုဟ်တုလွှတ်တင်တဲ့ နည်းပညာကို ပေးမယ့်သဘောမျိုး သက်ရောက်နေတယ်” ဟု တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မှ Ewha Womans University နိုင်ငံတကာလေ့လာရေး ပါမောက္ခ လိဖ်အီးရစ် အက်စလေက CNN သို့ ပြောသည်။
၁၈ လကျော် ကြာပြီဖြစ်သော ယူကရိန်းစစ်က ရုရှားတပ်များကို အထိနာစေပြီးနောက် မော်စကိုသည် ခဲယမ်းအထောက်အပံ့ လိုနေစဉ် နျူကလီးယားလက်နက် အစီအစဉ်ကြောင့် နိုင်ငံတကာ အရေးယူပိတ်ဆို့မှု နှစ်ပေါင်းများစွာ ခံနေရသော မြောက်ကိုရီးယားသည် ငွေမာနှင့် စားနပ်ရိက္ခာမှသည် ဒုံးကျည်နည်းပညာအထိ အရာရာ မလုံမလောက် ဖြစ်နေသည်။
ယခုတွေ့ဆုံခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမည်ဟုလည်း မြောက်ကိုရီးယားက ပြောသည်။
ကင်မ်သည် ပါတီနှင့်စစ်ဘက်ခေါင်းဆောင်များနှင့်အတူ အကြီးအကျယ် သံချပ်ကာ တပ်ဆင်ထားသော ကိုယ်ပိုင်ရထားဖြင့် ရုရှားသို့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရောက်လာသည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာမှ ဓာတ်ပုံများအရ သိရသည်။
ထိုနေ့က နယ်စပ်မြို့ ခါဆန်တွင် ခေတ္တ ရပ်နားစဉ် ကင်မ်က သူ၏ ရုရှားခရီးစဉ်သည် မော်စကို-ပြုံယမ်း ဆက်ဆံရေး၏ သေနင်္ဂဗျူဟာအရ အရေးပါမှုကို ဦးစားပေးကြောင်း အထင်အရှား ထုတ်ဖော်ကြေညာခြင်း ဖြစ်သည်ဟု ပြောကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ ထိုမြို့တွင်ပင် ရုရှားအရာရှိများက ကင်မ်ကို ကြိုဆိုကြသည်။
ပူတင်နှင့် ကင်မ်တို့ ထိုသို့တွေ့ဆုံခြင်းသည် ထူးခြားပြီး လက်နက်ကိစ္စထက် မကသော ကိစ္စများလည်း ပါဝင်မည်ဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း ဂျွန်ဘော်လ်တန်က ပြောသည်။
“မြောက်ကိုရီးယားရဲ့အမြင်မှာကနေကြည့်ရင် ဒီတွေ့ဆုံမှုက ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမှန်တကယ် ထူးခြားတဲ့ အဆက်အသွယ် ပြန်လည် ရရှိစေတယ်” ဟု မစ္စတာ ဘောလ်တန်က CNN သို့ ပြောသည်။
ဆွေးနွေးပွဲများအပြီးတွင် ကရင်မလင် ပြောခွင့်ရသူ ပက်စကော့က မြောက်ကိုရီးယားသည် ၎င်းတို့၏ အနီးကပ်မိတ်ဆွေဖြစ်ကြောင်း ပြောသည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။
“ပြင်ပက ဘယ်လိုပဲ မှတ်ချက်ပေးပေး ကျနော်တို့က ကျနော်တို့ အိမ်နီးချင်းတွေနဲ့ ကျနော်တို့နဲ့သူတို့ အကျိုးရှိတဲ့နည်းလမ်းနဲ့ ဆက်ဆံရေး တည်ဆောက်မယ်” ဟုလည်း ၎င်းကပြောသည်။
ကင်မ်၏ ကိုယ်စားလှယ်အဖွဲ့တွင် သူ၏စစ်တပ် ဒုတိယအကြီးအကဲ ရီပျောင်ချိုး ပါဝင်ကြောင်း KCNA မှ ဓာတ်ပုံများအရ သိရသည်။ သူသည် လက်နက်ခဲယမ်းလုပ်ငန်းဌာန အကြီးအကဲဟောင်းအဖြစ် နိုင်ငံ၏ဒုံးကျည်အစီအစဉ်ကို ဦးဆောင်သောကြောင့် အမေရိကန် ပြည်ထောင်စုနှင့် ကုလသမဂ္ဂတို့က ပစ်မှတ်ထားအရေးယူ ခံရသူဖြစ်သည်။ ကင်မ်၏ညီမနှင့် အဆင့်မြင့်အရာရှိ ကင်မ်ယိုဂျုံသည်လည်း ဧည့်သည်တော် မှတ်တမ်းစာအုပ် လက်မှတ်ရေးထိုးနေသည့် သူ့အစ်ကိုနှင့်အတူ ရပ်နေသည်ကိုတွေ့ရသည်။
သမ္မတ ပူတင်နှင့်အတူ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂု လိုက်ပါလာသည်။ သူသည် ဇူလိုင်လက ပြုံယမ်းသို့ သွားရောက်ခဲ့သူ ဖြစ်သည်။ ရွှိုင်ဂုကို မြောက်ကိုရီးယားက ကောင်းစွာ ဧည့်ခံကြောင်း ပူတင်က သတင်းထောက်များကိုပြောသည်။ “ကျနော်တို့မှာ ဆွေးနွေးမေးမြန်းစရာတွေ အများကြီးရှိတယ်” ဟုလည်း ပြောသည်။
မြောက်ကိုရီးယားက ဒုံးကျည်များပစ်ခတ်
ထိပ်သီးဆွေးနွေးပွဲမတိုင်မီ နာရီအတန်ကြာအလိုတွင် မြောက်ကိုရီးယားနိုင်ငံသည် တာတိုပစ် ဒုံးကျည် နှစ်ခုကို ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းလွန်သို့ ပစ်ခတ်သည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ကြေညာသည်။
မြောက်ကိုရီးယားကပစ်လွှတ်သည့် ဒုံးကျည် နှစ်ခုသည် ၆၅၀ ကီလိုမီတာ (မိုင် ၄၀၀) အရောက်တွင် ပင်လယ်တွင်းသို့ ကျဆင်းသွားသည်ဟုလည်း JCS က ဖော်ပြသည်။
အမေရိကန်နှင့် တောင်ကိုရီးယား ထောက်လှမ်းရေး အာဏာပိုင်များသည် ထိုပစ်လွှတ်မှု၏ နောက်ထပ် အသေးစိတ်များကို သရုပ်ခွဲလေ့လာနေသည်ဟု JCS က ပြောပြီး ထိုလုပ်ရပ်သည် ကိုရီးယားကျွန်းဆွယ်ကို သာမက နိုင်ငံတကာအသိုက်အဝန်း၏ ငြိမ်းချမ်းတည်ငြိမ်မှုကို ခြိမ်းခြောက်သော ကြီးမားသည့် ရန်စမှုဖြစ်သည်ဟု ပြောသည်။
ကင်မ် နိုင်ငံတွင် မရှိစဉ် ပြုံယမ်းက ဒုံးကျည်ပစ်ခတ်ခြင်းသည် ထူးခြားကြောင်း သုတေသီများက ပြောသည်။
စစ်တပ်သည် ကွပ်ကဲထိန်းချုပ်မှု ပြတ်တောက်မသွားဘဲ အသင့်ရှိနေကြောင်း ပြသရန် မြောက်ကိုရီးယားက ရည်ရွယ်နိုင်သည်ဟု နိုင်ငံတကာလေ့လာရေး ပါမောက္ခ အက်စလေးက ပြောသည်။
“လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံက ခေါင်းဆောင်နဲ့တွေဖို့ ကင်မ်က ရုရှားကို ရောက်နေချိန်မှာ ကုလသမဂ္ဂက ပိတ်ဆို့ထားတဲ့ ဒုံးကျည်ကို မြောက်ကိုရီးယားက ပစ်တာ မှတ်သားစရာကောင်းတယ်” ဟုလည်း ပါမောက္ခ အက်စလေက ပြောသည်။
ကိုးကား ။ ။ CNN သတင်း Putin talks military cooperation with Kim as North Korean leader endorses Russia’s war on Ukraine
You may also like these stories:
ရုရှားကို လက်နက်ရောင်းချရေး ကင်မ်ဂျုံအန်း ဈေးဗန်းခင်းနေ
မြောက်ကိုရီးယားဆိုင်ရာ မြန်မာသံအမတ်သစ် စစ်ကောင်စီ ခန့်
မြန်မာနှင့် မြောက်ကိုရီးယားကို နှိုင်းယှဉ်လေ့လာခြင်း
ရုရှားစစ်ဘက် ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားသို့ သွားရောက်